လှကျော်ဇော - တရုတ်ကွန်မြူနစ်ပါတီအကြိမ် ၂၀ မြောက် ကွန်ဂရက်ဖွင့်ပွဲနေ့
လှကျော်ဇော - တရုတ်ကွန်မြူနစ်ပါတီအကြိမ် ၂၀ မြောက် ကွန်ဂရက်ဖွင့်ပွဲနေ့
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၂
အမျိုးသားကွန်ဂရက်ကို အောက်တိုဘာ ၁၆ မနက် ၁၀ နာရီတွင် ပီကင်းရှိ ပြည်သူ့ခန်းမကြီးမှာ ဖွင့်လှစ်လိုက်ပါတယ်။ လက်ရှိ ပါတီရဲ့အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ သမ္မတလည်းဖြစ်သူ ရှီကျင့်ပင် ဦးဆောင်တဲ့ ထိပ်တန်းခေါင်းဆောင်များဟာ ရှေ့ဆုံးတန်းက သဘာပတိစင်မြင့်ပေါ် တက်ရောက်လာပါတယ်။
ခန်းမထဲမှာ အရင်နေရာယူပြီးဖြစ်တဲ့ နောက်တန်း သဘာပတိစင်မြင့်များက ကိုယ်စားလှယ်များရော၊ တခန်းမလုံးက ကိုယ်စာလှယ်များအားလုံး မတ်တတ်ရပ် လက်ခုပ်တီးကြိုဆိုကြပါတယ်။
သဘာပတိစင်မြင့်မှာ တက်ရောက်နေရာယူမယ့်သူများ (၂၄၃ ဦး) ရဲ့ အမည်စာရင်းကို အောက်တိုဘာ ၁၅ ရက်နေ့ကတည်းက ကြေညာထားပြီးပါပြီ။
ပါတီရဲ့ အရင် ၁၈၊ ၁၉ ကွန်ဂရက်များက တင်မြှောက်ပေးခဲ့တဲ့ ဗဟိုခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်ဟောင်း အများအပြား ပါဝင်ပါတယ်။ အဲဒီသူတွေဟာ သဘာပတိ စင်မြင့်နောက်တန်းတွေမှာ နေရာယူထားပါတယ်။ အဲဒီစာရင်းထဲကမှ ၄၆ ဦးကို အမြဲတမ်း ကော်မတီဝင်များအဖြစ် သတ်မှတ်ပြီး သူတို့တတွေကတော့ သဘာပတိစင် ရှေ့ဆုံးတန်းမှာ ထိုင်မှာပါ။
လက်ရှိ သမ္မတရှီကျင့်ပင်ရဲ့နောက်က သမ္မတဟောင်း ဟူချင်ထောင် လူတွဲနဲ့ သဘာပတိစင်ပေါ်လျှောက်လာတော့ အဲဒီနောက်တန်းက သူတချို့ မျက်ရည်တစမ်းစမ်းနဲ့ လက်အုပ်တွေချီ နှုတ်ဆက်ကြတာ တွေ့ရပါတယ်။ လူဟောင်းကြီးတွေထဲက သဘာပတိစာရင်းထဲ ပါပေမယ့် (အသက်ထင်ရှား ရှိနေသေးတဲ့သဘော) အခမ်းအနားမတက်ရောက်နိုင်သူတချို့ ရှိပါတယ်။
ဥပမာ သမ္မတဟောင်း ကျန်းစစ်မင်၊ ဝန်ကြီးချုပ်ဟောင်း ကျူးရုံကျီ စသဖြင့်။ ကျန်းမာရေးအခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။ (၂၀၂၁ ဇူလိုင်မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ ရာပြည့်အခမ်းအနားမှာတော့ သူတို့ တက်နိုင်ခဲ့ပါသေးတယ်။) အဲဒီသဘာပတိစင်မြင့်ပေါ်မှာ တလောက အနောက်တိုင်းသတင်းစာတွေမှာ ဖော်ပြခံရတဲ့ တရုတ်တင်းနစ်မယ်လေး တဦးနဲ့ ပတ်သက်ဖူးတဲ့ ခေါင်းဆောင်တဦးလည်း တွေ့ရပါတယ်။
သဘာပတိစင်မြင့်ရဲ့ ရှေ့ဆုံးတန်းအရှည်ကြီးမှာတော့ အလယ်တည့်တည့်မှာ ရှီကျင့်ပင်၊ ဘယ်ဘက်မှာ ဟူချင်ထောင်၊ ညာမှာ(ဝန်ကြီးချုပ်) လီခဲ့ချန်တို့ ဖြစ်ပြီး လက်ရှိ ထိပ်ဆုံးခေါင်းဆောင်များရော၊ အရင့်အရင်က ထိပ်တန်းခေါင်းဆောင်များရော တွေ့ရပါတယ်။ ဝန်ကြီးချုပ်ဟောင်းဝင် ကျားပေါင်တို့၊ ပြည်သူ့အတိုင်ပင်ခံ ကွန်ဂရက်တို့ အမျိုးသားကွန်ဂရက်က ဥက္ကဋ္ဌဟောင်းတွေ စသဖြင့် အတော်စုံစုံညီညီ ကျန်းကျန်းမာမာ တွေ့ရပါတယ်။ အသက် ၁၀၅ နှစ်ရှိပြီဖြစ်တဲ့ (တိန်ရှောင်ဖင်နဲ့ခေတ်ပြိုင်ခေါင်းဆောင်ဟောင်းတဦး ဖြစ်တဲ့) ဆွန့်ဖျင်ကိုလည်း လက်တွန်းလှည်းနဲ့ တက်လာတာတွေ့ရပါတယ်။ (ပါတီတွင်း စည်းလုံးညီညွတ်မှုရှိတယ် ဆိုတာကို ပြသဟန်ရှိပါတယ်။)
သဘာပတိစင်ပေါ် လူစုံတော့ အခမ်းအနားမှူး လီခဲ့ချန်က အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး နိုင်ငံတော်သီချင်းကို အားလုံးထရပ်ပြီး သီဆိုကြပါတယ်။ ဒီနောက်မှာတော့ ပါတီရဲ့ ကွယ်လွန်ကျဆုံးသွားကြတဲ့ ခေါင်းဆောင်များ ဖြစ်တဲ့ (မော်စီတုန်း၊ ချူအင်လိုင်း၊ ချူတေး၊ လျှိုရှောက်ချီ၊တိန်ရှောင်ဖင်၊ ချင်ယွင်)တို့နဲ့တကွ ရဲဘော်များကို ရည်စူးပြီး ၁ မိနစ် ငြိမ်သက်စွာ ဦးညွတ်အလေးပြုပါတယ်။
ဒီနောက် ပါတီရဲ့အထွေထွေအတွင်းရေးမှူး ရှီကျင့်ပင်က နိုင်ငံရေးအစီရင်ခံစာ တင်သွင်းပါတယ်။ ၂ နာရီနီးပါးကြာမြင့်တဲ့ ဒီအစီရင်ခံစာမှာ—
က။ အရင် ၁၀ နှစ်အတွင်းကပါတီရဲ့လုပ်ဆောင်ချက်များရည်မှန်းချက်များနဲ့ အောင်မြင်မှုများ။
အဓိကအားဖြင့်တော့ ပါတီ ရာပြည့်နှစ် (၂၀၂၁) မှာ ပြည့်မီရမယ့် ပထမ ရာပြည့် ရည်မှန်းချက်ဖြစ်တဲ့ တနိုင်ငံလုံး ဆင်းရဲမှုပပျောက်အောင် ပြုလုပ်နိုင်ပြီး ဘက်စုံက အတော်အသင့်ချမ်းသာကြွယ်ဝတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်လိုက်နိုင်ခဲ့ပါကြောင်း။
ဒီလိုနည်းနဲ့ တရုတ် ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ်ရဲ့ ခေတ်သစ်ကာလကို ဝင်ရောက်လိုက်နိုင်ပြီ ဖြစ်ကြောင်း။ ဒါတွေဟာ တရုတ်လူမျိုးများရဲ့သမိုင်းမှာ ထာဝရမှတ်တမ်းတင်ထားရမှာဖြစ်ပြီး ကမ္ဘာကြီးကိုလည်း အလွန်နက်ရှိုင်းစွာ ဂယက်ရိုက်ခိုက်မယ့်-သမိုင်းဝင်စွမ်းဆောင်ချက်ကြီး-ဖြစ်ကြောင်း စတာတွေ ပါပါတယ်။ ဒါတွေကို အဆင့်လိုက် အသေးစိတ် ပြောကြားသွားပါတယ်။
ခ။ဒုတိယပိုင်းမှာတော့-
ရှေ့ခရီးရှည်သစ်အတွင်း ပါတီက အဓိကထားရမယ့် တာဝန်ဟာ ဒုတိယရာပြည့် ရည်မှန်းချက် ဖြစ်တဲ့ နိုင်ငံတော် တည်ထောင်တာ နှစ် ၁၀ဝ ပြည့် (၂၀၄၉) မှာ တရုတ်ပြည်ကြီးကို ခေတ်မီဆိုရှယ်လစ်နိုင်ငံတော်ကြီးအဖြစ် တည်ထောင်ရေးဖြစ်ပြီး၊ ဒီခရီးအတွက် အဆင့်ဆင့်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များကို အသေးစိတ် ချပြသွားပါတယ်။
ဆက်လက်ကိုင်စွဲမယ့် လမ်းစဉ်များ၊ လုပ်ငန်းလမ်းညွှန်ချက်များ- ဥပမာအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ် ရှာဖွေရန်၊ သိပွံပညာနဲ့ ပညာရေးစနစ်များကို တွန်းတင်ရန်၊ ပြည်သူလူထုရဲ့ နေထိုင်မှုဘဝကို မြှင့်တင်ပေးရန် စတာတွေ ပါဝင်ပါတယ်။
နိဂုံးချုပ်မှာတော့ ကျွန်တော်တိုရဲ့ အနာဂတ်ဟာ ထွန်းလင်းတောက်ပပါတယ်။ ဒါပေမဲ့ ခရီးရှည်ကြီးသွားရဦးမှာ။ ပါတီအနေနဲ့ ရှေ့ခရီးမှာ တွေ့ရမယ့် အခက်အခဲ၊ အတားအဆီး၊ အနှောင့်အယှက် အမျိုးမျိုးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ပြီး ပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးကိုအာမခံနိုင်ရပါမယ် တဲ့။
နိုင်ငံရေးအစီရင်ခံစာ တင်သွင်းပြီးနောက် အခမ်းအနားမှူးက ကိုယ်စားလှယ်များအနေနဲ့ မိမိတို့အဖွဲ့လိုက် သေသေချာချာ လေ့လာဆွေးနွေးဖို့ တိုက်တွန်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။အစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာပါ။
တကယ်တော့ ဒီနိုငံရေးအစီရင်ခံစာမှာပါတဲ့ တချို့အချက်များဟာ အလွန်လေ့လာဖွယ်၊ စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ ဥပမာအားဖြင့်—
- တရုတ် ကွန်မြူနစ်ပါတီရဲ့တည်ဆောက်ရေးဆိုင်ရာသဘောတရားများနဲ့ မိမိကိုယ်မိမိ ပြုပြင်ပြောင်းလဲရေး။
- (self-reform) မာက်စ်ဝါဒကို တရုတ်ပြည်ရဲ့ အခိုင်အမာအခြေအနေများနဲ့ပေါင်းစပ်ရေး။
- ပြည်သူ့ဒီမိုကရေစီစနစ် ပိုမိုပီပြင်လာစေရေး။
- လူ့အခွင့်အရေးပြည့်ဝရေး
- တရားဥပဒေအခြေခံတဲ့ အုပ်ချုပ်မှုစနစ် တည်ဆောက်ရေး။
- အလွန်ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုတည်ဆောက်ရေး။
- ပါတီဝင်များအနေနဲ့ ဘယ်တော့မှ ဘဝင်မမြင့်ရေး
စတာတွေပါ။
ဒါတွေကိုတော့ နောက်ဆောင်းပါးများမှာ ရေးသားဖော်ပြသွားပါ့မယ်။
လှကျော်ဇော
၁၈-၁၀-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar