ကိုအောင်မှိုင်း - သွေးစွန်းမှုတွက် ပြဋ္ဌာန်းချက်
ကိုအောင်မှိုင်း - သွေးစွန်းမှုတွက် ပြဋ္ဌာန်းချက်
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၂
ဤမဟာပထဝီမြေကြီး၌
ပြဋ္ဌာန်းမှု သစ်ပင်တို့အား
အတူတကွ စိုက်ပျိုးပါအံ့
ရိုင်းစိုင်းယုတ်မာမှုတို့အစား
ငြိမ်းချမ်းသာယာမှုတို့အား
ဆောင်ကြဥ်းပေးအပ်ခြင်းကို ပြုပါလော့။
ရက်ရက်စက်စက်
ပက်ပက်စက်စက်
အသတ်ခံခဲ့ရတဲ့
ကလေးမိဘတွေရဲ့
ရင်ထဲက စကားတွေ
ကြားလိုက်ရတဲ့အခါ
မျက်ရည်တွေ မဆည်နိုင်တော့ဘူး။
(ကိုညီမင်းသူ
ဥက္ကဋ္ဌ
အခြေခံပညာကျောင်းသားများသမဂ္ဂ
သူတို့သမဂ္ဂကို စစ်အာဏာသိမ်းပြီး
၂၀၂၁ မတ်လ ၁၅ မှာ ဖွဲ့စည်းခဲ့တယ်။
စစ်အာဏာသိမ်းမှုကို
သူတို့ သမဂ္ဂဝင်တွေ စုစည်းပြီး
ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြတယ်။
ဖေဖော်ဝါရီ ၂၅ ရက် ၂၀၂၂ ခုနှစ်မှာ
သူတို့နေတဲ့ Save house ကို
စစ်ခွေးတွေ ခြေရာခံမိပြီး
ဝင်စီးနင်းခံခဲ့ရတယ်။
ဖမ်းမိတာနဲ့
ကိုညီမင်းသူကို
နေရာတင် ပစ်သတ်လိုက်ကြတယ်
ကျန်တဲ့ သမဂ္ဂရဲဘော် ၇ ဦး အဖမ်းခံခဲ့ရတယ်။)
ဝမ်းလည်းနည်းတယ်
ကြေလည်း ကြေကွဲတယ်
သူရဲဘောကြောင်သူတွေဟာ
ယုတ်မာကောက်ကျစ်ကြတယ်
ရာဇဝတ်ကောင်တွေဖြစ်လို့
လူမဆန်ကြဘူး။
ညီမင်းသူရဲ့
အမေက တရားမျှတမှုကို
တောင်းဆိုတယ်။
ညီမင်းသူရဲ့
အဖေက တာဝန်ယူမှုကို
တောင်းဆိုတယ်။
ကြယ်စင်လေးရဲ့
မိသားစုတွေကလဲ
ဒီတိုင်း တောင်းဆိုကြတယ်။
ဆရာဝန်လေး
မိသားစုတွေကလဲ
ဒီတိုင်း တောင်းဆိုကြတယ်။
သူနာပြုဆရာမလေး
မိသားစုတွေကလဲ
ဒီတိုင်း တောင်းဆိုကြတယ်။
ကျောင်းဆရာမကြီး
မိသားစုတွေကလဲ
ဒီတိုင်း တောင်းဆိုကြတယ်။
အသတ်ခံကြရတဲ့
CDM ဝန်ထမ်းပေါင်းစုံ
မိသားစုတွေကလဲ
ဒီတိုင်း တောင်းဆိုကြတယ်။
တော်လှန်ရေးထဲမှာ
ကျဆုံးခဲ့ကြရတဲ့
သူရဲကောင်းတွေရဲ့
မိသားစုတွေကလဲ
ဒီတိုင်း တောင်းဆိုကြတယ်။
နှစ် ၇၀ ကျော်ကြာ
ခုခံရေးတိုက်ပွဲမှာ
ကျဆုံးခဲ့ရရှာတဲ့
တိုင်းရင်းသားတွေရဲ့
မိသားစုတွေကလဲ
ဒီတိုင်း တောင်းဆိုကြတယ်။
ကဗျာဆရာတွေရဲ့
မိသားစုတွေကိုယ်စားလည်း
ငါ ဒီအတိုင်း တောင်းဆိုတယ်။
ဒီတောင်းဆိုချက်တွေဟာ
နွေဦးတော်လှန်ရေးအတွက်
ပြဋ္ဌာန်းချက်တွေ ဖြစ်ခဲ့ပြီ။
တိုက်ပွဲတိုင်း အောင်မြင်ဘို့
ကိုယ့်အားကိုယ်ကိုးတဲ့စစ်
ပြည်သူတရပ်လုံးပါဝင်တဲ့စစ်
လက်ပါးစေတွေကို သုတ်သင်ရေးစစ်
ဖြစ်ရစေ့မယ်လို့ ကြွေးကြော်ပါရစေ။
စစ်အနိုင်တိုက်ဘို့
ဘယ်လိုနည်းကိုသုံးသုံး
ပြည်သူတွက် မှန်ကန်တယ်
ကိုယ်က ကျူးလွန်တာ မဟုတ်ဘဲ
မိုက်ရိုင်း ရက်စက် ကျူးလွန်မှုတွေကို
ခုခံတိုက်ခိုက် အနိုင်ယူရလို့ပါပဲ။
ကိုအောင်မှိုင်း
-