လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေနဲ့ နောက်လာမယ့်နှစ်ရဲ့ အလားအလာ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၈ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၂
လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ နောက်လာမယ့်နှစ်ရဲ့ အလားအလာ
လက်ရှိအနေအထားက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့ အချို့သော ဒေသတွေက နေ့စဥ်လိုလို စစ်ပွဲဖြစ်ပွားရာ ဒေသတွေဖြစ်နေပြီး ဒေသခံတွေက အသက်ရှင်သန်ဖို့ အလုပ်လုပ်ရမှာလား သို့မဟုတ် ကျည်မထိအောင် လက်နက်ကြီး မထိအောင်နဲ့ ဖမ်းဆီးသတ်ဖြတ်တာ မခံရအောင် တိမ်းရှောင်ရမလားဆိုတာ ဝေခွဲမရအောင် ဖိအားတွေ အမျိုးမျိုး ကျရောက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။
အဲဒီ အဆိုးဆုံးဒေသတွေက လူထုတွေ ၊ လက်နက်ကိုင်ခုခံတိုက်ခိုက်နေကြတဲ့ အဖွဲ့တွေ ၄င်းတို့ကိုထောက်ခံအားပေးသူတွေ ၊ စစ်ကောင်စီဘက်က စည်းရုံးဖွဲ့စည်းထားတဲ့ ပျူစောထီးလို့ အများက ခေါ်ဆိုကြသူတွေ မြေလှန်စနစ်နဲ့ ကျင့်သုံးပြီး လက်နက်ကိုင် ခုခံမှုကို အားလျော့ချုပ်ငြိမ်းအောင် လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ စစ်ကောင်စီတပ်တွေ အကြားမှာ တသက်တာမှာ မကြုံဖူးတဲ့ အဆိုးဆုံးသော အတွေ့အကြုံတွေ စိတ်ဒဏ်ရာတွေ ရရှိနေကြတဲ့ သဘောမျိုး သတင်းတွေ အဖြစ်အပျက်တွေကို ဖတ်ရှုကြည့်ပြီး နားလည်ရပါတယ်။
အချို့ဒေသတွေမှာတော့ စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ လက်နက်ကိုင် တပ်ဖွဲ့တွေ ဖွဲ့စည်းထားကြပြီး အချိန်ကာလတခု တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပေမယ့် လအတန်ကြာ ပိုနေမြဲကျားနေမြဲအနေအထားမျိုး သူ့နယ်မြေ ကိုယ့်နယ်မြေ နားလည်သတ်မှတ်ကာ နေကြတာမျိုးလည်း ရှိပါတယ်။ ဥပမာအားဖြင့် ချင်းပြည်နယ် မင်းတပ်လို တောင်ပိုင်းဒေသတွေမှာ မြို့နဲ့ ကျေးရွာတွေက တိမ်းရှောင်နေရတဲ့ သူတွေ ထောင်သောင်းချီရှိပြီး အဲဒီအနေအထားမျိုးမှာ လနဲ့ချီနေထိုင်ကာ ဆက်လက်ရှင်သန်အောင် ကြိုးစားနေကြတာမျိုးဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ခြင်း၊ မဖြစ်ခြင်းက စစ်အာဏာရှင် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်စနစ်ထူထောင်ဖို့ ရည်မှန်းချက်ထား တိုက်ခိုက်ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်သက်သက်မဟုတ်ဘဲ စစ်ကောင်စီရဲ့ ဗျူဟာနဲ့လည်း သက်ဆိုင်တဲ့ သဘောဖြစ်နိုင်ပါတယ်။
ဘယ်ဒေသတွေကို ဦးစားပေးတိုက်မလဲ ဘယ်ဒေသတွေမှာ ပိုနေမြဲကျားနေမြဲကို ထိန်းထားပြီး နေမလဲဆိုတာ စစ်ကောင်စီဘက်က ဗျူဟာ ဖြစ်ပါလိမ့်မယ်။ မကြာခင်က ပြန်လည်တိုက်ပွဲပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်လို ဒေသကို လောလောဆယ် ဦးစားပေး တိုက်ခိုက်နေချိန်မှာ ချင်းပြည်နယ်လို ကယားပြည်နယ်လို ဒေသကို လက်ရှိအနေအထားမှာပဲ ထိန်းထားပြီး တိုက်ခိုက်ဖို့ စဥ်းစားထားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဒါက စစ်ကောင်စီဘက်က တနိုင်ငံလုံးအနေအထားကို အပေါ်စီးက ကြည့်ပြီးချမှတ်တဲ့ ဗျူဟာ ဖြစ်ပါလိမ့်မယ်။ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဘက်ကလည်း တနိုင်ငံလုံး အနေအထားပေါ် မူတည်တဲ့ ဗျူဟာမျိုး ချမှတ်နိုင်ဖို့ လိုအပ်လိမ့်မှာဖြစ်ပါတယ်။
လက်တွဲပြီး လှုပ်ရှားတိုက်ခိုက်တဲ့ အင်အားစုတွေရှိသလို မဟာမိတ်အဖြစ်နဲ့ ပူးပေါင်းနိုင်တဲ့အင်အားစုတွေလည်း ရှိပြီး အချို့အဖွဲ့တွေကတော့ ၄င်းတို့ဗျူဟာနဲ့ ၄င်းတို့ လှုပ်ရှားကြတာမျိုးဖြစ်ပါလိမ့်မယ်။ လက်တွဲလှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ဗျူဟာချမှတ်နိုင်ခဲ့ရင် လက်ရှိအခြေအနေထက် ပိုပြီးအားကောင်းလာနိုင်ပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက အင်အားကြီးမားတဲ့ အဖွဲ့တွေ အတူလှုပ်ရှားနိုင်တဲ့အဖွဲ့ သို့မဟုတ် မဟာမိတ်အဖြစ်နဲ့ မပါဝင်နိုင်ရင် လက်နက်ကိုင်တော်လှန်ရေးက ကာလရှည်ကြာနိုင်တာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေးက ခံစားမှု သက်သက်မဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ မူဝါဒတူညီမှု နဲ့ အကျိုးစီးပွားတူညီမှုတို့အပေါ်မှာ မူတည်ပြီး ပူးပေါင်းတိုက်ခိုက်ကြတာမျိုး ဖြစ်ပါတယ်။ မူဝါဒ၊ တန်းတူဆက်ဆံမှု၊ အကျိုးစီးပွားချင်း လိုက်ဖက်တူညီကြတဲ့အခြေအနေမျိုးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနိုင်မှာဖြစ်ပါတယ်။ မိမိအဖွဲ့အစည်းက မှန်ကန်လို့ ကျန်တဲ့အဖွဲ့အစည်းတွေက အားပေးကူညီရမယ် ထောက်ခံရမယ်လို့ မှတ်ယူလို့ မရသလို မိမိအနေနဲ့ နိုင်ငံရေးမှာ အင်အားကြီးပေမယ့် လက်နက်ကိုင် တပ်ဖွဲ့လိုမျိုးလည်း လက်ဝယ်ရှိမှ၊ ဖွဲ့စည်းတည်ဆောက်ထားနိုင်မှ ခုလို အခင်းအကျင်းမှာ အသိအမှတ်ပြုခံရမှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်အာဏာရှင်ဖြုတ်ချရေး အပြီးအတိုင် ဖယ်ရှားရေးအတွက်အဆုံးအဖြတ် ဖြစ်မယ့်နှစ်လို့ NUG ရဲ့ ခေါင်းဆောင်တွေက မကြာသေးခင်က ပြောဆိုခဲ့ကြတာလည်း ကြားသိရပါတယ်။ အဆုံးအဖြတ်ဖြစ်ဖို့ရာ လက်တွေ့အခင်းအကျင်း အခြေအနေတွေ ကို ပြင်ဆင် ဖန်တီးနိုင်ဖို့ လိုအပ်လိမ့်မှာဖြစ်ပါတယ်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဘက်က ခေါင်းဆောင်တချို့က လူထုကို တောင့်ခံထားဖို့ အဆိုးဆုံးအခြေအနေတွေရင်ဆိုင်ရမှာဖြစ်ပေမယ့် လက်မလျှော့လိုက်ဖို့ မကြာခင် အောင်ပွဲရတော့မှာမို့ လျှော့လိုက်လို့ မဖြစ်ဘူးဆိုတဲ့ စည်းရုံးပြောဆိုမှုမျိုးလည်း သတင်းတွေ အင်တာဗျူးတွေထဲ ဖတ်ရှုကြားသိရပါတယ်။ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း မြောက်ပိုင်း စတဲ့ အဆိုးဆုံးအခြေအနေမျိုး ရင်ဆိုင်နေရတဲ့ ဒေသတွေကလူထုရဲ့ ခံနိုင်ရည်ကလည်း အကန့်အသတ်ရှိနိုင်တာ ဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်ရေးမှာလည်း အသာစီးရဖို့လိုအပ်သလို လူထုကိုလည်း ကာကွယ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေရဲ့ အနေအထားနဲ့ သာမန်လူထုရဲ့ အကာအကွယ်မဲ့တဲ့ အနေအထား မတူညီကြတာမို့လို့ ရိက္ခာပြတ်လပ်မှု၊ အသက်အန္တရာယ်နဲ့ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးကြရတဲ့ ဒေသတွေက လူထုတွေကို အကာအကွယ်ပေးဖို့ အရေးလည်း စစ်ပွဲအောင်မြင်ရေးနည်းတူ အရေးပါလှတယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar