Breaking News

အန်နိုလာ - နေမထွက်နိုင်ငံတော်

နေမထွက်နိုင်ငံတော် 
အန်နိုလာ
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၂

(၁)

အုတ်ကားကြီးက ဘရိတ်နင်းလိုက်ပေမယ့်
မြို့မငြိမ်းက သေနေပြီ

ငါတို့လည်း ဒီအတိုင်းပဲ
ကိုယ့်ကြိုးနဲ့ကိုယ် ကိုယ်ကျိုးနည်းနေပြီး
တယောက်ရဲ့ ထွက်သက်ကိုတယောက်က
ညှစ်ချပြီး ရှေ့ဆက်ရတယ်

နေမထွက်နိုင်ငံတော်ထဲ
အားလုံးတိုးဝှေ့။

(၂)

ဖီးနစ်ငှက်ရဲ့ အသက်ရှူသံသဲ့သဲ့
ကြားနေရသေးတယ်

နေရောင်ခြည်အိပ်မက်တွေဟာ
ဇကာပေါက်ဖြစ်နေတဲ့ ခန္ဓာကိုယ်ပေါ်က
သွေးပျက်ဖွယ် ယိုစီးကျလာ

ဆောင်းဦးရဲ့ မီးလင်းဖိုထဲ
နွေဘယ်နှစ်ခု မိုးဘယ်နှစ်ခု ဆောင်းဘယ်နှစ်ခု
ထည့်ရဦးမှာလဲ

လူနာတင် ဘတ်စ်ကားတွေက
တဝီဝီနဲ့ အသက်လုနေကြပြီ
နေမထွက်နိုင်ငံတော်ထဲ 
အားလုံးတိုးဝှေ့။

(၃)

ပန်းဆိုးတန်းတံတားအောက်က
မိန်းမပျက်တယောက်ကို မေးကြည့်တော့
ကျမကနိုင်ငံတော်တဲ့

သူမရဲ့ ရင်သားတွေမှာ
စွဲနေတဲ့ စီးကရက်နံ့တွေက
အကျင့်ပျက်ခြစားမှု

သူမရဲ့ ချွေးတွေမှာ
စွဲနေတဲ့ အပေါစားရေမွှေးနံ့တွေက
တရားဥပဒေ

မျက်ရည်တွေစိုဖူး​ခဲ့တဲ့ ပါးပြင်ဟာ
ပိပိရိရိကို အလောင်းဖျောက်ခံလိုက်ရတယ်
သတင်းစာရှင်းလင်းပွဲကြီးတခုလိုလေ

သူမရဲ့ ညည်းညူသံတွေကိုဓါတ်ခွဲကြည့်ရင်
အတုဘယ်နှစ်ခု အစစ်ဘယ်နှစ်ခုပါဝင်နေမှာလဲ
နေမထွက်နိုင်ငံတော်ထဲ
အားလုံးတိုးဝှေ့။

(၄)

ပိတ်ထားတဲ့ အဖုံးတွေကိုဖွင့်လိုက်တော့
ကျေးဇူးတင်ပါသည်စာတန်းဟာ သွေးစွန်းနေ

ခြံစည်းရိုးက ခေါင်းပြတ်တွေ
လူသား ဘာဘီကျူးစစ်စစ်တွေကိုကြည့်ပြီး
မဟာမြတ်မုနိကြီး ပြုံးတော်မူလာတယ်
ဟာသပဲ

စွေးစွေးနီနေတဲ့ သွေးနဲ့ရေးတဲ့
ဝလုံးကလေးများ
တိုက်လေယာဥ်တွေရဲ့ တောင်ပံမှာ
ချိတ်ဆွဲထား

နေမထွက်နိုင်ငံတော်ထဲ
အားလုံးတိုးဝှေ့။

(၅)

ဘာမှတွေးမနေနဲ့
မေးခွန်းက နှစ်ခုထဲ

သတ်မှာလား
သေမှာလား

နေမထွက်နိုင်ငံတော်ထဲ
အားလုံးတိုးဝှေ့။

(၆)

နေ့ရက်တိုင်း ဟောလိုးဝင်းရုပ်ရှင်ထဲကအတိုင်း
နှစ်ကာလများ

ငါတို့ကလည်း တစ္ဆေမျက်နှာဖုံးကိုစွပ်
မိစ္ဆာစစ်စစ်တွေကလည်း တစ္ဆေမျက်နှာဖုံးကိုစွပ်
အောက်ခရိုင် ကျောက်တိုင်စိုက်တဲ့
ဦးရှင်ကြီးလည်း တစ္ဆေမျက်နှာဖုံးကိုစွပ်
ဘုန်းတော်ကြီးတွေလည်း တစ္ဆေမျက်နှာဖုံးကိုစွပ်

စိတ္တဇလူသတ်သမားမိုက်ကယ်ရဲ့ လက်ထဲမှာ
ငါတို့ဘဝတွေ
ငါတို့ရဲ့လက်ထဲမှာ 
စိတ္တဇလူသတ်သမားမိုက်ကယ့်ရဲ့ ဓါးတွေ

အခင်းဖြစ်ပွားရာ နေရာတိုင်းမှာ
ကလေးတွေပျော်ရွှင်စွာ
ချိုချဥ်လုံးတောင်းဖူးကြတယ်

*ဒီကမ္ဘာမှာ စစ် စစ် စစ်မဖြစ်ရာမြေ
တနေရာ ရှိ ရှိ ရှိ ရမယ်လေ*

နေမထွက်နိုင်ငံတော်ထဲ
အားလုံးတိုးဝှေ့။

(၇)

ရယ်သံတွေ တိုးတိုးသွားလေ
အမှောင်ထုဟာ လူတွေကိုဝါးမြိုပစ်လေလေ

ဝိုင်ခွက်ထဲမှာ
ဝတ်လစ်စလစ်နဲ့ နှင်းဆီပွင့်ကလေးတွေ
မူးလဲနေ

လက်မောင်းသွေးကို ဖေါက်ထုတ်လိုက်တော့
အေးစက်နေတဲ့ သွေးတွေစီးကျလာတယ်

ဇာတ်လမ်းက မပြီးသေးဘူး
လူတွေက ရုံပြင်ရောက်သွားကြပြီ

ပရိတ်သတ်လို ကြည့်နေရတာကြာတော့
လိပ်ပြာငယ်လာကြလို့ ထင်ပါတယ်

ခက်တာပဲ

နေမထွက်နိုင်ငံတော်ထဲ
အားလုံးတိုးဝှေ့။

(၈)

တော်တူဂါက ပင်လယ်ဓါးပြတွေ
ကြိုးစင်ပေါ်တလှမ်းချင်းတက်သွားတဲ့ မြင်ကွင်း

မောင်းခလုတ်ကို ဆွဲချလိုက်တော့
လေထဲတန်းလန်းဖြစ်နေတဲ့ ခြေထောက်များ

ပြီး.... ငါတို့နားထဲ သီချင်းသံသဲ့သဲ့ကြားရ

တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ
တို့ပြေ တို့မြေ.............

ဝန်ကြီးများရုံးက သေနတ်သံတွေအောက်မှာ
သီချင်းသံဟာ တဖြေးဖြေး
တိုးတိုးပြီး ပျောက်ကွယ်လို့သွား

နေမထွက်နိုင်ငံတော်ထဲ
အားလုံးတိုးဝှေ့။

(၉)

ယူနီကွန်းကြီးစီးလို့ ကောင်းကင်ပေါ်
လေဟုန်စီးနေတဲ့ ကလေးငယ်ရဲ့ဖီလင်

ကိုယ်ဝန်အရင့်အမာနဲ့ မိန်းမတယောက်
ဘိုင်းခနဲချော်လဲသလို အဘောရှင်းဖြစ်သွား

ကစားကွင်းဟာ ကျည်ဆန်တွေဗရပွနဲ့
စပယ်တွေ ဆေးခက်ခံလိုက်ရပြီ

မီးပွိုင့်တွေအားလုံး အနီရောင်
လူကူးမျဥ်းကြားတွေအားလုံး အနီရောင်
အားလုံးသွေးချင်းချင်းနီနေတဲ့ အနီရောင်

"ဒါကျနော်တို့ ငယ်ငယ်ကထဲက မုန်းခဲ့တဲ့ စစ်သားတွေပဲ"
"ရော့မောနေဦးမယ် ဒီသေနတ်နဲ့ပစ်သတ်လိုက်"

နေမထွက်နိုင်ငံတော်ထဲ
အားလုံးတိုးဝှေ့။

(၁၀)

"အမိုးမရှိတဲ့ အိမ်မှာတောင်
ကြယ်တွေစုံအောင် မမြင်ရတော့ဘူးဗျာ"

ငါ့နားမှာလာထိုင်နေတဲ့ ကောင်လေးက
သက်ပြင်းရှည်ကြီးချရင်း ပြောတော့
ငါအရမ်းဝမ်းနည်းသွားတယ်

ငါသူ့ပခုံးကိုဖက်ပြီး နှစ်သိမ့်ပေးမလို့
သူ့ပခုံးပေါ်လက်ကိုတင်လိုက်တော့မှ
အဲ့ဒီကောင်လေးဟာ
အကောင်အထည်မရှိတဲ့ ဝိညာဉ်မှန်းသိလိုက်ရ

"အမိုးမရှိတဲ့ အိမ်မှာတောင်
ကြယ်တွေ စုံအောင်မမြင်ရတော့ဘူး ဟူးးးး"

ဒီတခါ ညည်းညူမိတဲ့သူဟာ 
ငါပါ

ဘယ်တိမ်မှ
အိမ်ပြန်မရောက်ကြသေးဘူး
ဒါကြောင့်...
သူတို့တွေ တခါတခါ
ငိုရှာတာနေမယ်

နေမထွက်နိုင်ငံတော်ထဲ
ငါလည်းတိုးဝှေ့။

◾️အန်နိုလာ
Oct 24 2022

*ဆရာစိုင်းခမ်းလိတ်၏သီချင်းစာသား
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar