Breaking News

အောင်သူငြိမ်း - မာ့စ်—အတောမသတ်နိုင်သော စုပုံမှု အခြေခံမူ (The Principle of Infinite Accumulation)-၂


အောင်သူငြိမ်း - မာ့စ်—အတောမသတ်နိုင်သော စုပုံမှု အခြေခံမူ (The Principle of Infinite Accumulation)-၂

(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၂


Thomas Piketty - Capital in the 21st Century (Part 5)

နောက်ပိုင်း ဆယ်စုနှစ် နှစ်ခုအကြာတွင်၊ မာ့စ်က သူ၏နိဂုံးချုပ်ချက်ကို ခုခံအတည်ပြုနိုင်မည့် စာတမ်းအဆိုပြုချက်အတွဲများကို ကြိုးပမ်းအားထုတ်ခဲ့သည်။ အရင်းရှင်စနစ်အပေါ် သိပ္ပံနည်းကျ သုံးသပ်ချက်နှင့် ယင်း၏ပြိုလဲ ပျက်စီးကိန်းကို အဆိုပြုခဲ့သည်။ ဤဆောင်ရွက်ချက်များမှာ မပြီးပြတ်ဘဲ ကျန်ခဲ့သည်။ ပထမအတွဲ “အရင်းကျမ်း”၏ ပထမအတွဲကို ၁၈၆၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သော်လည်း၊ မာ့စ်က ၁၈၈၃ ခုနှစ်တွင် နောက်ဆက်တွဲ စာတမ်းကို ပြီးစီးနိုင်ခြင်း မရှိဘဲ ကွယ် လွန်ခဲ့သည်။  သူ၏မိတ်ဆွေ အိန်ဂျယ်က ယင်းတို့ကို အတူတကွ ပြန်ပေါင်းစည်း၍ နောက်ပိုင်းမှသာ ပြန်၍ထုတ်ဝေခဲ့ရသည်။ မာ့စ်၏ အချို့ ကျန်ရှိနေသော အဓိပ္ပာယ်များ ပျောက်ကွယ်နေသော အပိုင်းအစ စာမူများကို ပြန်စုစည်းထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ 

ရီကာဒို ကဲ့သို့ပင်၊ မာ့စ်က အရင်းရှင်စနစ်၏ တရားကိုယ်အတွင်းသဘော၌ ရှိနေသည့် ဝိရောဓိများကို ကျိုးကြောင်းဆီလျော် သုံးသပ်ချက်များအပေါ်၌ အခြေပြုထားသည်။ သို့အတွက်ကြောင့် သူကိုယ့်သူ ဓနရှင် စီးပွားရေးပညာရှင်များနှင့် ကွဲပြားနေ ကြောင်း ဖော်ပြသည်။ (သူက ဈေးကွက်ကို ကိုယ့်ဘာသာ စီရင်ထိန်းချုပ်မှုရှိနေသည့် စနစ်တခုဟု မြင်ပြီး၊ အဓိကကျသည့် သွေလွဲမှုများ မဖြစ်ပေါ်စေဘဲ သူ့ဘာသာ မျှခြေရနိုင်စွမ်းသော စနစ်တခုဟု မြင်သည်။ အဒမ်စမစ်၏ “မမြင်ရသောလက်” ဟု ပုံဖော်ချက် အဆိုအရ နှင့် ယန်း ဘက်ပ်တိုက်စ် (Jean- Baptiste) ပြောဆိုချက် “ဥပဒေ” များအရ ထုတ်လုပ်မှုများက သူ၏ကိုယ်ပိုင် ဝယ်လိုအားကို ဖန်တီးနိုင်သည်ဟု မြင်သည်)။ စိတ်ကူးယဉ် ဆိုရှယ် လစ်များနှင့် [ပြင်သစ်နိုင်ငံ​ရေးသမား ​တွေး​ခေါ်ပညာရှင် မင်းမဲ့ဝါဒီ ပဲရီ ပ​ရောက်ဒ်ဟွန်း] ဂိုဏ်းသားများကိုမူ မာ့စ်၏ အမြင်တွင် အလုပ် သမားလူတန်းစား၏ ကြေကွဲဖွယ်အဖြစ်များအတွက် ပြစ်တင်ရှုတ်ချစရာများအဖြစ် ရှုမြင်ပြီး၊ ယင်းအတွက် တာဝန်ယူ တာဝန်ခံမှုရှိသည့် သိပ္ပံ နည်းကျစစ်မှန်သော သုံးသပ်ချက်တခု အဆိုပြုနိုင်ခြင်း မရှိဟု မြင်သည်။ 7 အတိုချုပ်ဆိုရလျှင် မာ့စ်က အရင်းအနှီး၏ ဈေးနှုန်း (price of capital) မိုဒယ်နှင့် ရှားပါးမှုဆိုင်ရာ အခြေခံမူ (principle of scarcity) ကို အခြေခံအဖြစ်ယူပြီး အရင်းအနှီးက စက်မှုလုပ်ငန်းများအတွက် အဓိကဖြစ်နေချိန် (စက်များ၊ စက်ရုံများ.. စသည်) တွင် မြေ ယာအိုးအိမ်ကို အခြေမပြုဘဲ အရင်းရှင်စနစ်၏ အတွင်းသဘောကို သေချာကျန သုံးသပ်မှုပြုခဲ့သည်။ သို့ကြောင့် ယင်း၏ အခြေခံမူမှာ အရင်းအနှီးစုပြုံနိုင်မှုနှင့် ပတ်သက်၍ အကန့်အသတ် ရှိမနေခြင်းပင် ဖြစ်သည်။ အမှန်ဆိုရလျှင် သူ၏အခြေခံမူ နိဂုံး ချုပ်ချက်သည် “အတောမသတ်နိုင်သည့် စုပုံမှု အခြေခံမူ” အဖြစ် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သည်။ ယင်းမှာ အရင်းအနှီး စုပုံမှုသည် မရှောင်မလွှဲနိုင်သည့် လားရာရှိပြီး လူနည်းစုအတွင်း သိပ်သည်းစွာစုပုံလာခြင်း ဖြစ်သည်။ ဤလုပ်ငန်းစဉ်တွင် သဘာဝအရ အကန့်အသတ် ရှိမနေပေ။ ဤသည် အရင်းရှင်စနစ်၏နိဂုံးနှင့် ကမ္ဘာပျက်ကိန်းအတွက် မာ့စ်၏ နမိတ်ဖတ်ချက် အခြေခံပင် ဖြစ်သည်။ အရင်းပေါ်မှာ အမြတ်ပြန်ရနိုင်သည့်နှုန်းသည် တဖြည်းဖြည်း လျော့နည်းသွားသည် ဖြစ်စေ (ဤအခြေ အနေတွင် စုပုံမှုအတွက် မောင်းနှင်အား အင်ဂျင်သေသွားသည် ဖြစ်နိုင်ပြီး၊ ထိုအခါ အရင်းရှင်များအကြား အကြမ်းဖက်ပဋိ ပက္ခများ ဖြစ်ပေါ်လာပေမည်) သို့မဟုတ် အမျိုးသားဝင်ငွေတွင် ပါဝင်နေသည့် အရင်း၏ရှယ်ယာအချိုး အကန့်အသတ်မရှိ တိုးပွားလာနိုင်ခြင်း ဖြစ်သည် (သို့ဆိုလျှင် မရှေးမနှောင်းဆိုသလို အလုပ် သမားများက တော်လှန်ရန် ညီညွတ်လာကြမည် ဖြစ်သည်)။ ယင်းဖြစ်တန်ခြေ နှစ်ခုလုံးတွင် တည်ငြိမ်သည့် လူမှုစီးပွားရေး သို့မဟုတ် နိုင်ငံရေးမျှခြေ မဖြစ်ပေါ်နိုင်ပါ။ 

ရီကာဒို ပြောသည့် မဲမှောင်နေသည့် အနာဂတ်နိမိတ်ချက်ထက်စာလျှင် မာ့စ်၏ မဲမှောင်နေသည့် နမိတ်ဖတ်ချက်က ပို၍ လက်တွေ့ဖြစ်နိုင်ခြေ ဝေးနေပါသေးသည်။ ၁၉ ရာစု၏ နောက်ဆုံးတတိယအပိုင်းတွင် လုပ်လလစာက နောက်ဆုံး စ၍မြင့် လာပါသည်။ အလုပ်သမားများ၏ ဝယ်နိုင်စွမ်းက တိုးတက်လာခဲ့ပြီး နေရာတိုင်းသို့ ပျံ့နှံ့ခဲ့သည်။ အခြေအနေကို အခြေခံကျ ကျ ပြောင်းလဲစေခဲ့ပါ သည်။ အချို့သောကဏ္ဍများတွင် အလွန်အမင်း လူတန်းစားမညီမျှမှု ဆက် လက်တည်ရှိနေသည့်တိုင် ပထမကမ္ဘာစစ်ကာလ မတိုင်မီအထိ လုပ်ခလစာ ဆက်၍ တိုးတက်လာခဲ့သည်။ ကွန်မြူနစ်တော်လှန်ရေးများကလည်း အမှန် တကယ်ပေါ်ပေါက်ခဲ့သည်။ သို့သော် ဥရောပ၏ ခေတ်အနောက်ကျဆုံးနိုင်ငံများဟု ဆိုနိုင်သည့် ရုရှားနှင့် စက်မှုတော်လှန်ရေး ရှားရှားပါးပါး စတင်ခါစနိုင်ငံများတွင်သာ ဖြစ်သည်။ အဆင့်မြင့်သောအခြားဥရောပနိုင်ငံများက အခြားရွေးလမ်းဖြစ်သည့် ဆိုရှယ်ဒီမိုကရက်လမ်းကို ရွေးချယ်ခဲ့ကြသည်။ သူတို့နိုင်ငံများရှိ လူထုများအတွက် ကံကောင်းသည်ဟု ဆိုရပါမည်။ ယခင်သွားသူများကဲ့သို့ပင် မာ့စ်ကလည်း ရေရှည်ခံနိုင်သည့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် တဖြည်း ဖြည်း ထုတ်လုပ်နိုင်စွမ်း မြင့်မားလာမှုကို လုံးဝလျစ်လျူရှုခဲ့ပါသည်။ ယင်းမှာ တစုံတရာအားဖြင့် အရင်းစုပုံလာမှု လုပ်ငန်းစဉ်နှင့် ပုဂ္ဂလိက အရင်း သိပ်သည်းစုမိလာခြင်းကို ပြန်၍ထိန်းညှိနိုင်သော အင်အားတခုဖြစ်သည်။ သံသယဖြစ်စရာမလိုသည့် အချက်မှာ သူ၏နမိတ် ဖတ်ချက်ကို အနုစိတ်တွက်ချက်ရန် စရင်းအင်း ဒေတာများ ကင်းမဲ့နေခြင်း ဖြစ်ပါသည်။ သူ၏ ၁၈၄၈ နိဂုံး ချုပ်သုံးသပ်ချက်များအတွက် သူကိုယ်တိုင်လည်း ပြန်၍ခံစားခဲ့ရဖွယ် ရှိပါသည်။ သူက နောက်ဆုံးဆင်ခြင် နိဂုံးချုပ်မသုံးသပ်မီ သုတေသနများ လိုအပ်ခဲ့သည်။ မာ့စ်က နိုင်ငံရေးထက်သန်အားကြီးစွာဖြင့် ရေးသားခဲ့သည်မှာ ထင်ရှားပါသည်။ အခြေအနေကလည်း သူ့ကို တွန်းပို့ခဲ့သည်။ သို့အတွက်ကြောင့် လွတ်မြောက်ရန် ခက်ခဲလှသော သူ၏ကြေညာချက်ကို အလျင်အမြန်ပြုခဲ့ပုံရပါသည်။ သို့အတွက်ကြောင့် စီးပွားရေးသီအိုရီများသည် သမိုင်းရင်းမြစ်များပေါ်တွင် ရေသောက် မြစ်ခံယူသင့်ပြီး တတ်နိုင်သမျှ ပြည့်စုံ ရပါမည်။ ဤအချက်အနေ ဖြင့်ပြောရလျှင် မာ့စ်က သူရနိုင်သမျှသော ဖြစ်နိုင်ခြေများကို အသုံးချခဲ့ပုံ မရပါ။ 8 ပို၍ဆိုရလျှင် သူက ပုဂ္ဂလိကအရင်းကို လုံးဝဖျက်သိမ်းပစ်ရမည့် လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ နိုင်ငံရေးအရ နှင့် စီးပွားရေးအရ မည်သို့စုစည်း ဆောင်ရွက်ရမည်နည်း ဟူသော မေးခွန်းကို အချိန်အနည်းငယ်သာ ပေးခဲ့ပုံရသည်။ အမှန်တကယ်တည်ရှိခဲ့ပါက ရှုပ်ထွေးခက်ခဲလှသော ပြဿနာဖြစ်ပါသည်။ ပုဂ္ဂလိကအရင်းကို ဖျက်သိမ်းပစ်၍ အကြွင်းမဲ့အာဏာရှင်စနစ် စမ်းသပ်ချက်များ ဆောင်ရွက်ခဲ့သည့်က ဖော်ပြနေခဲ့သည့် နိုင်ငံများတွင် ဝမ်းနည်းဖွယ်အဖြစ်များကို မြင်တွေ့ခဲ့ရပါသည်။ 

ဤသို့ အကန့်အသတ်များ ရှိနေသော်လည်း၊ မာ့စ်၏ သုံးသပ်ချက်က အချို့သောကဏ္ဍများတွင် သက်ဆိုင်ပတ်သက်နေဆဲ ပင် ဖြစ်သည်။ 

ပထမအချက်မှာ၊ သူက အရေးပါသော မေးခွန်းဖြင့် စတင်ခဲ့ပြီး (စက်မှုတော်လှန်ရေးကာလအတွင်း မျှော်လင့်မထားခဲ့သည့် ဓနဥစ္စာစုစည်းမိမှုနှင့် ပတ်သက်၍ ဖြစ်သည်) ယင်းကို သူလက် လှမ်းမီသမျှ ရနိုင်သည့် အချက်အလက်များဖြင့် ပြန်၍ဖြေဆို ရန် ကြိုးပမ်းခဲ့သည်။ ယနေ့ကာလ စီးပွားရေးပညာရှင်များသည်လည်း သူ၏ကြိုးပမ်းမှုကို နမူနာယူ၍ ကောင်းစွာဆောင်ရွက် နိုင်ကြပေမည်။ ပို၍အရေးကြီးသည့် အချက်မှာ မာ့စ်က အဆိုပြုသည့် “အတောမသတ်နိုင်သည့် စုပုံမှု အခြေခံမူ”တွင် အဓိက ကျသည့် အမြင်ပါဝင်နေခြင်းဖြစ်သည်။ ယင်းမှာ ၁၉ ရာစုက ခိုင်လုံတရား ဝင်ခဲ့သကဲ့သို့ပင် ယခု ၂၁ ရာစုအတွက် အရင်းအနှီး ကို လေ့လာရာတွင်လည်း ခိုင်လုံတရားဝင်နေခြင်း ဖြစ်သည်။ အချို့သောအမြင် ရှုထောင့်များတွင် ရီကာဒို၏ရှားပါးမှုဆိုင်ရာ အခြေခံမူထက်ပင် ပို၍ စိတ်ပူပန်စိုးရိမ်ဖွယ် ဖြစ်ပါသည်။ အကယ်၍ လူဦးရေတိုးတက်မှုနှုန်းနှင့် ထုတ်လုပ်နိုင်စွမ်း ဖွံ့ဖြိုးမှုသည် နှိုင်းယှဉ်ချက်အရ နိမ့်ကျနေပါက ဓနဥစ္စာစုပုံမှုသည် သဘာဝအလျောက် ပို၍အရေးပါသည်ဟု စဉ်းစားရပါမည်။ အထူး သဖြင့် အခြေအနေက အလွန်အမင်း အချိုးအစားတိုင် ကြီးထွားသွားနိုင်ပြီး၊ လူမှုရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာပေမည်။ တနည်းဆိုရသော် ဖွံ့ဖြိုးမှုနိမ့်ကျနေခြင်းက မာ့စ်၏အယူအဆ “အတောမသတ်နိုင်သည့် စုပုံမှု အခြေခံမူ” ကို လုံလောက်စွာ ပြန်၍ ချိန်ညှိနိုင်မည် မဟုတ်တော့ပေ။ ရလဒ်ပေါ်ထွက်လာမည့် မျှခြေက မာ့စ်က နိမိတ်ဖတ်ထားသလို ကမ္ဘာပျက်ကိန်းမျိုးတခုမဟုတ်သော်လည်း မည်သို့ဖြစ်စေ၊ အတော့်ကို စိတ်ပျက်ဖွယ် ကောင်းပါလိမ့်မည်။ အရင်းစုပုံမှုက အတောမသတ်နိုင်သည့်အဆင့်သို့ရောက်လာပြီး၊ ယင်းအဆင့်က မတည်ငြိမ်မှုများဖြစ်ပေါ်လာစေရန် လုံလောက်စွာ မြင့်မားနေနိုင်ပါသည်။ အထူးသဖြင့် ပုဂ္ဂလိ က ဓနဥစ္စာစုပုံမှု အလွန်မြင့်မားနေသည့်အနေအထားကို ၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များတွင် ချမ်းသာကြွယ်ဝကြသည့်နိုင်ငံများ ဖြစ်ကြသော ဥရောပ၊ ဂျပန်တို့တွင် ရရှိနိုင်ခဲ့ပြီး ထိုနှစ်များ၏ အမျိုးသားဝင်ငွေ တိုင်းတာမှုများအရ သိသာနိုင်သည်။ မာ့စ်၏တွေးခေါ်မှုကို တိုက်ရိုက်ထင် ဟပ်နေပါသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar