မောင်လူရေး - ရှင်းလင်းတဲ့နိုင်ငံရေးအမြင်=သမ္မာဒိဋ္ဌိ
မောင်လူရေး - ရှင်းလင်းတဲ့နိုင်ငံရေးအမြင်=သမ္မာဒိဋ္ဌိ
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၂
၈၈ အရေးအခင်းဖြစ်ပြီးတော့ ၉၀ မှာ ရွေးကောက်ပွဲလုပ်၊ မလုပ်ခင် ဒေါ်စု အပါအဝင် နိုင်ငံရေးသမားအကုန်ဖမ်း၊ တနိုင်ငံလုံး ပါတီထောက်ခံပွဲ ဝက်ဝက်ကွဲကျင်းပနေတဲ့ တစညတဖြစ်လဲ မဆလပါတီရဲ့ ရီပို့အလိမ်တွေ ဖတ်နိုင်မယ်မှတ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ပြော၊ ခွက်ခွက်လန်ရှုံးတော့ အာဏာမလွဲ။
အာဏာသိမ်းတုန်းက ၂-နှစ်အချိန်ဆွဲဖို့ တာဝန်ကြီးလေးရပ်ဆိုတာ ပြောခဲ့တယ်။ အဲဒီထဲမှာ နောက်ဆုံးအချက်က ရွေးကောက်ပွဲလုပ်ပေးတာပေါ့လေ။ အာဏာမလွဲချင်တော့ အဲဒီ တာဝန်ကြီးလေးရပ် အစက ပြန်ပတ်ရမယ်၊ ဒို့တာဝန်အရေးသုံးပါးဆိုတာ ရှိသေးတယ်တွေ ဖြစ်ပြန်ရော။ လုပ်တဲ့ ရွေးကောက်ပွဲဟာ ခြေဥရေးဘို့သာဖြစ်တယ်၊ အာဏာလွှဲဖို့ မဟုတ်ပါဘူပေါ့။ NLDက ခြေဥရေးပြီးသားရှိတယ်ဆိုတော့ ခြေဥဆိုတာ တပါတီထဲက လုပ်ရမယ့်ဟာ မဟုတ်၊ တမျိုးသားလုံးနဲ့ဆိုင်တာဖြစ်ပြန်။ အဲသမှာ တကယ်ခြေဥရေးတော့ မဲနိုင်ပါတီNLDကလွဲ EAOတွေပါမကျန် အကုန်သွားရေးကြ။ ကမ္ဘာ့အနှံ့မယ်၊ မြန်မာ့အံ့ဘွယ်။ အဲတုန်းက ခြေဥတက်မရေးတာ KNUနဲ့ RCSS/SSAဘဲ ကျန်တော့တာ။
ဟော ဒီဘက်ခေတ်ရောက်တော့ အဲဒီကျန်နှစ်ဖွဲ့လဲ ခြေဥအခြေပြု NCAကို လက်မှတ်ထိုးတဲ့ဘဝရောက်ကရော။
ဆိုတော့ နိုင်ငံရေးက လူထုက တာဝန်လွှဲအပ်ထားသူတွေမပါဘဲ အဲလို စစ်တပ်သက်သက်ဗဟိုပြုပြီး တပ်ပိုင် တိုင်ပတ်နေခဲ့တာ။
၂၀၀၃ အရောက်မှာတော့ လူထုလှုပ်ရှားမှုအသွင်ဆောင်လာတဲ့ ဒေါ်စု ခရီးစဉ်ကို အကြမ်းဖက်ရာကနေ ဒီပဲယင်းအရေးအခင်း ဖြစ်လာ။ အဲဒီ ဒီပဲယင်းလျော်ကြေးအနေနဲ့ Road map လေး ချပေးပြီး ဂယောင်ဂယင် ညောင်နှစ်ပင်ကို ဂေါင်ဂင်ပြန်လုပ်ကာ ခြေဥဆက်ရေး။ ထုံးစံအတိုင်း ဝေ့လည်ကြောင်ပတ်နဲ့ ပြန်ရပ်။ ၂၀၀၈-မှာ နာဂစ်လာ၊ လာတဲ့နာဂစ် ဖြစ်ချင်ရာဖြစ် ပစ်ထား၊ စိတ်စေတနာညစ် စီမံခန့်ခွဲမှုအမှားတွေနဲ့ နာဂစ်ဟာ နိုင်ငံသားလူတသိန်းကျော်သေကျေပျက်စီးတဲ့အရေးတော်ပုံကြီး ဆိုက်သွားရော။ အဲဒီမှာ ပြည်သူလူထု သည်းခံမှုမကုန်ဆုံးခင် အချိန်မီလေး ညောင်နှစ်ပင်ကို ပလ္လင်ပေါ်ပြန်တင်ပြီး စစ်တပ်ဟာ နိုင်ငံရေးကနေ ဖြည်းဖြည်းချင်းဆုတ်ပါ့မယ်၊ အရပ်သားအစိုးရကို အာဏာလွှဲပါ့မယ်၊ ၉၀ ကစပြီး ပြန်ပတ်နေတဲ့ တာဝန်ကြီးလေးရပ် အဆုံးသတ်ပါတော့မယ်ဆိုပြီး ခြေဥကို ထောက်ခံပွဲလုပ် ၂၀၁၀-မှာ ရွေးကောက်ပွဲလုပ်လာတယ်။ အဲဒီမှာ တစညခေတ်ပျောက်ပြီဆိုတော့ လူမှုရေးအဖွဲ့အဖြစ်ထောင်ထားတဲ့ ကြံ့ဖွတ်ကို ပါတီပြောင်းပြီး တပ်ထဲမှာ ဗိုလ်သန်းရွှေ ပင်စင်မယူလို့ နေရာမရတော့တဲ့ ဗိုလ်ချုပ်တွေ အကုန် ဖြုတ်ထုတ်ပြီး ပါတီထဲ ပို့ပစ်လိုက်တယ်။
သူတို့အကြောင်း နောကြေနေတဲ့ ဒေါ်စုက ရွေးကောက်ပွဲနီးကပ်လာမှ မဝင်ဘူး လုပ်လိုက်တယ်။ ရပ်ပစ်လို့ကလဲ မရ၊ ဗိုလ်ပြုတ်တွေကလဲ တောင်ရှည်တမမ ခေါင်းပေါင်းစတပြင်ပြင်ဆိုတော့ ရွေးကောက်ပွဲပြီးအောင်လုပ်ရပီး ဗိုလ်ပြုတ်ပါတီကို အာဏာပါ မဖြစ်မနေလွှဲလိုက်ရတော့တယ်။ ဗိုလ်မပြုတ်တွေကလည်း သူတို့အလှည့်ကျမှ အာဏာလွှဲပေးလိုက်ရလို့ မကျေနပ်၊ ဗိုလ်ပြုတ်တွေကလဲ အာဏာသာရတာ၊ ပြည်သူ့တရားဝင်မှုက တကယ်မရှိတော့ နိုင်ငံရေးရင်ပြည့်ရင်ကယ်ဖြစ်လာ။ အဲသလို ဒေါ်စုက ဗိုလ်ပြုတ်ဗိုလ်ချုပ်တွေကို နေပြည်တော်မှာ အရပ်သားအစိုးရအခင်းအကျင်းပီပြင်အောင် နိုင်ငံရေးဝေယျာဝစ္စလုပ်ခိုင်းလိုက်ပြီးမှ ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်ပြီး လက်ညှိုးမကွေး လက်သန်းထောင်ပြီး နန်းသိမ်းတာ။ ပလုတ်တုတ် ဗြုန်းကုန်ကြ။ ဘာရမလဲ သာဝတို့ဘဲလေ။ မြန်မာ့ဒီမိုကရေစီအရေး အညွန့်မထွက်တော့ဘူးထင်ပြီး နိုင်ငံခြားအဆိုင်လင်ခံထားတဲ့ မြန်မာ့နိုင်ငံရေးအတိုင်ပင်ခံကြီးတွေ၊ မဲမရပါတီတွေနဲ့ ပေါင်းပြီး NLD အုပ်ချုပ်မရအောင် ငြိမ်းချမ်းရေးလုပ်မရအောင် မျိုးစုံ ကြိုးခုန်၊ ဒါပေလို့ ရိုးဂုဏ်ကို ကျော်မရ။ လူထုက ကျားကန်ပံ့ပိုး၊ လူထုချစ်မြတ်နိုးမှုနဲ့အဆင်ပြေလာတော့ ဟော တာဝန်ကြီးလေးရပ် တတိယမ္ပိပြန်ပတ်ကြမယ်ဆိုပြီး ၂၀၂၀ ရွေးကောက်ခံအစိုးရလက်ထဲ အာဏာအပ်လုဆဲဆဲမှာ အာဏာပြန်သိမ်းလိုက်ရော။
ခေတ်ကို မသိတာ။ ပြည်သူကို အထင်သေးတာ။ မျိုးဆက်သစ်ကို နားမလည်ဘဲ မြှောက်ပေးတာနဲ့ ဂွေးတက်အောင် ကတာ။ စစ်အာဏာရှင်အဆက်ဆက်ဒုက္ခပေးလို့ ပြည်ပရောက်နေကြတဲ့သန်းချီတဲ့နိုင်ငံသားအားလုံး ထောက်ပို့တပ်ကြီး ဖွဲ့လာလိမ့်မယ်လို့ မတွေးနိုင်တာ။ အိုင်တီခေတ်က ဘယ်လိုအာဏာရှင်ကိုမဆို ငုတ်ပြုတ်အောင် လုပ်နိုင်တယ်ဆိုတာကို နားမလည်တာ။
ပြည်သူက မင်းတို့ကို မလိုချင်ဘူးနော်ဆိုပြီး သောက်ဖက်မလုပ်ခြင်းအနုပညာတွေ လမ်းပေါ်တက် တင်ဆက်ရင်း အေးအေးဆေးဆေးဆန္ဒပြနေတာကို သွားပစ်သတ်တယ်။ ထုံးစံအတိုင်း လက်နက်အားကိုးနဲ့ပေါ့။ အဲသမှာ သူတို့ထင်သလို ဘယ်တောမှ သွားမခိုဘဲ ကိုယ်ရွာနဲ့ကိုယ် တပ်ထောင်၊ ကိုယ့်ဘာသာသေနတ်လုပ်၊ သေနတ်ဝယ် ကိုယ်နဲ့အနီးဆုံးတပ်ကို ပြန်တွယ်တဲ့ မဟာ့မဟာတော်လှန်ရေးကြီး ပေါ်လာတော့တာဘဲ။ နိုင်ငံတကာရောက်ပြည်သူတွေ ရံပုံငွေရှာပွဲ ခြိမ့်ခြိမ့်သဲကျင်းပကြတော့တာဘဲ။ ဂျင်နရေးရှင်းဇီတွေကလဲ သေနတ်ဆိုတာ ဘယ်သူနေနေ ကိုင်လို့ရတယ်၊ ဘယ်သူပစ်ပစ် မှန်ရင်သေတယ်ဆိုတာ ကျကျနနပြကြပြီလေ။ ဖင်ယားတာ ဆေးမရှိမှန်း ခုတော့ မအလရော တပ်ပါ သိကြပြီ။ အခြေအနေက တပ်ရှိသရွေ့ တော်လှန်ရေးရှိမယ်ဖြစ်သွားဘီ။ ဘယ်သူမှ တပ်ကိုဗဟိုပြုတဲ့နိုင်ငံရေးမစဉ်းစားရဲတော့ဘူး၊ လူငယ်တွေက တပ်မရှိမှဖြစ်မယ်ဆိုတဲ့နိုင်ငံရေးကို သွားကုန်ကြပြီလေ။ သူတို့ စဉ်းစားချက်ထဲမှာ တပ်ကို မရှိတော့တာ။ တပ်ဟာ နိုင်ငံရေးကနေ ရွံရှာစက်ဆုပ်စရာ အော့နှလုံးနာစရာအဖြစ်နဲ့ မောင်းထုတ်ခံရပြီလေ။
တပ်မတော်ရှိခြင်းဟာ ဆင်းရဲအမှန်တရားဒုက္ခသစ္စာ
တပ်မတော်မရှိမှ မြန်မာ့နိုင်ငံရေးပြဿနာတွေ ရှင်းလို့ရတော့မယ်၊ ငါတို့ အနာဂတ် လှပတော့မယ်၊ ငါတို့တိုင်းပြည် လူစဉ်မီအောင် တည်ဆောက်လို့ရမယ်၊ လူက လူလိုဆက်ဆံတဲ့နိုင်ငံ ဖြစ်တော့မယ်ဆိုတဲ့ ဆင်းရဲငြိမ်းရာဒုက္ခနိရောဓသစ္စာ၊ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေဟာ တိုင်းပြည် ကိုယ် စိတ်ဆင်းရဲကြောင်း သမုဒယသစ္စာ ဆိုတာကို သေသေချာချာသိသွားကြပြီ။ မူလတန်းကလေး၊ ကျောင်းမနေ ကလေးမှသည် ပါမောက္ခချုပ်အထိ အားလုံး သဘောတူလက်ခံသွားကြပြီ။ လက်ခံတဲ့အတိုင်း အားလုံးညီတူညာတူ CDMကြ၊ လူမှုရေး ပြစ်ဒဏ်ခတ်ကြ၊ အုပ်ချုပ်လို့မရစေရ၊ တွန်းလှန်ကြ၊ ချေမှုန်းကြ၊ တိုက်ထုတ်ကြ၊ ထောက်ပို့ကြ၊ ထည့်ဝင်ကြ၊ အဆုံးသတ်တိုက်ပွဲ နွှဲနေကြပြီ။
မောင်လူရေး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar