ထောင်ဒဏ်ချနိုင်တဲ့ အသင်းအဖွဲ့မှတ်ပုံတင် ဥပဒေအသစ် ပြင်ဆင်ပြဋ္ဌာန်း၊ ညောင်ဦး ငါ့သရောက်ရဲစခန်း တိုက်ခိုက်ခံရ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၃၀ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၂
ထောင်ဒဏ်ချနိုင်တဲ့ အသင်းအဖွဲ့မှတ်ပုံတင် ဥပဒေအသစ် ပြင်ဆင်ပြဋ္ဌာန်း၊ ညောင်ဦး ငါ့သရောက်ရဲစခန်း တိုက်ခိုက်ခံရ
ဦးသိန်းစိန် အစိုးရလက်ထက် “အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ “၂၀၁၄ ခုနှစ် ဇူလိုင်လ မှာ ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေက အရင် နအဖ လက်ထက်အသင်းအဖွဲ့ဆိုင်ရာဖွဲ့စည်းမှု ကန့်သတ်ချက်တွေကို ဖြေလျော့ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ဥပဒေမှာ အသင်းအဖွဲ့တွေအနေနဲ့ ဆန္ဒအလျောက် မှတ်ပုံတင်ခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖေါ်ပြထားပြီး မှတ်ပုံမတင်တဲ့ အသင်းအဖွဲ့တွေအနေနဲ့ အသင်းအဖွဲ့အမည်နဲ့ ဘဏ်အကောင့်ဖွင့်ခြင်း၊ အလှူခံခြင်း စတဲ့အခွင့်အရေးတွေ မရသော်လည်း မှတ်ပုံမတင်တဲ့အတွက် ဥပဒေ ဖောက်ဖျက်တယ်ဆိုပြီးအရေးယူခွင့်မရှိတဲ့ အနေနဲ့ ဖြေလျော့ခဲ့တာ ဖြစ်ပါတယ်။
ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရလက်ထက် အသင်းအဖွဲ့တွေ အများအပြားတည်ထောင်ခဲ့ကြပြီး အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူအခွင့်အရေး၊ LGBT အခွင့်အရေး၊ သတင်းလွတ်လပ်ခွင့်၊ တိုင်းရင်းသားလူမျိုးစု အခွင့်အရေး၊ လူ့အခွင့်အရေး ၊ civil rights အစရှိတဲ့ အခွင့်အရေးတွေကို နားလည်သဘောပေါက်ကာ မိမိတို့အခွင့်အရေးအတွက် တောင်းဆို နိုင်ကြဖို့ နှိုးဆော်တဲ့ အဖွဲ့အစည်းပေါင်းများစွာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
အန်အယ်လ်ဒီအစိုးရအာဏာရတဲ့ ၂၀၁၆ကနေ ၂၀၂၀ အတွင်း ငြိမ်းစုစီ လို့အတိုကောက်ခေါ်ဆိုတဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြခွင့် ဥပဒေအပါအဝင် အဆိုပါအသင်းအဖွဲ့ ဥပဒေကိုပါ ပိုမိုလွတ်လပ်ခွင့်ရအောင် ပြင်ဆင်ဖို့ တိုက်တွန်းမှုတွေ ရှိခဲ့ပေမယ့်လည်း အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ထူးထူးခြားခြား ပြင်ဆင်တာမရှိခဲ့ပါဘူး။
မနှစ်က စစ်အာဏာသိမ်းအပြီးမှာတော့ ဒီဥပဒေတွေကို ပိုပြီးတင်းကျပ်ဖို့ ပြင်ဆင်ဖို့ လုပ်လိမ့်မယ်လို့ ယူဆထားတဲ့အတိုင်း အခုအခါမှာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို အပိုဒ်လိုက် ပြင်ဆင်တာမျိုး မဟုတ်တော့ပဲ တခုလုံးကို အစားထိုးတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ၂၀၂၂ ခုနှစ်အနေနဲ့ ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
ဒီဥပဒေမှာ ဘာသာရေး၊ သာသနာရေး၊ စီးပွားရေး အသင်းအဖွဲ့က လွဲလို့ ကျန်တဲ့ အသင်းအဖွဲ့တိုင်း မှတ်ပုံတင်ဖို့ မဖြစ်မနေလိုအပ်ပြီး မှတ်ပုံမတင်ဘဲ အသင်းအဖွဲ့ လုပ်ဆောင်ခဲ့ရင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ အနေအထားမျိုး ထည့်သွင်းရေးသားထားတာ ဖြစ်ပါတယ်။ ပြည်တွင်းအသင်းအဖွဲ့တွေသာမက ပြည်ပက လာရောက်တည်ထောင်ဖွဲ့စည်းတဲ့ နိုင်ငံတကာအန်ဂျီအို လိုအဖွဲ့အစည်းတွေလည်း အခုဥပဒေနဲ့ အကျုံးဝင်မှာဖြစ်ပြီး အဲဒီလို ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး၊ ပြည်သူလူထုရပိုင်ခွင့်ဆိုင်ရာ နိုးကြားမှုမြှင့်တင်ရေးတွေ လုပ်ဆောင်မယ့် နိုင်ငံတကာအန်ဂျီအိုတွေ အနေနဲ့ ပိုမိုတင်းကျပ်စွာ ချုပ်ကိုင်နိုင်မယ့် အနေအထားရှိတဲ့ ဥပဒေကိုပြဋ္ဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အများအပြားသော နိုင်ငံတကာအန်ဂျီအိုအဖွဲ့အစည်းတွေ ပြည်တွင်းက ထွက်ခွာကုန်ကြပြီး အနည်းငယ်မျှသော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေသာ ကျန်ရှိပြီး လူသားချင်းစာနာမှု အကူအညီ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အကူအညီ၊ အခြားသော နိုင်ငံသားအခွင့်အရေးဆိုင်ရာ အသိပေးနှိုးဆော်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
အခု ထုတ်ပြန်လိုက်တဲ့ ဥပဒေက အဲဒီလို ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်ထိခိုက်စေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေ မစိုးမိုးဘူးလို့ ယေဘုယျအားဖြင့် ဆိုကြသော်လည်း ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်သတ်မှတ်ချက်တွေပါတဲ့ ဥပဒေ၊ ဆိုးရွားတဲ့ ထိန်းချုပ်မှုတွေနဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခြင်းက အရေးယူ အပြစ်ပေးတဲ့အခါ အနိမ့်ဆုံးပြစ်ဒဏ် ပမာဏကိုက အခြားသော နိုင်ငံတကာစံနှုန်းတွေနဲ့ နှိုင်းယှဥ်လိုက်ရင် အများကြီး ဆိုးရွားတဲ့ ပြစ်ဒဏ်တွေ ဖြစ်နေပြီးတရားစီရင်ရေးစနစ်က လျှော့ပေါ့တဲ့ ပြစ်ဒဏ်ပေးဖို့ မဖြစ်နိုင်အောင် ရည်ရွယ် ပြဋ္ဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ညောင်ဦးမြို့နယ်ထဲက ငါ့သရောက် ရဲစခန်းကို မြင်းခြံ PDF တပ်တွေဝင်ရောက်တိုက်ခိုက်ပြီး ရဲ ၁၁ ဦး သေဆုံးတယ်လို့ PDF တွေဘက်က ကြေညာခဲ့ပြီး အသက် ၂၁ နှစ် အရွယ် PDF တပ်ခွဲတခုရဲ့ တပ်ခွဲမှူးဖြစ်သူလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ငါ့သရောက်မြို့ဟာ ညောင်ဦးမြို့နယ်ထဲမှာ ပါဝင်ပြီး ညောင်ဦးမြို့ လေယာဥ်ကွင်းမြောက်ဘက် ပုဂံမြို့မှ ၁၂ မိုင်သာကွာဝေးတဲ့ မြို့ဖြစ်ပါတယ်။ စစ်ရေးဗျူဟာအရ အရေးမပါသော်လည်း ခရီးသွားလုပ်ငန်းအနေနဲ့ ထင်ရှားတဲ့ ပုဂံညောင်ဦးနဲ့ ၁၀ မိုင်သာသာ ကွာဝေးတဲ့နေရာကို PDF တွေ လာရောက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အချက်က စစ်ကောင်စီရဲ့ စစ်အင်အား ထိန်းချုပ်နိုင်မှု လျော့နည်းလာတာကို ပြသတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ ရဲ့ ဝါဒဖြန့်တယ်လီဂရန် တခုထဲမှာတော့ PDF တွေဝင်စီးစဥ် ရဲစခန်းမိသားစုက ဒုရဲအုပ်တယောက်ရဲ့ ၉ တန်းအရွယ် သမီးဖြစ်သူကိုလည်း ပစ်သတ်သွားခဲ့တယ်ဆိုတဲ့ သတင်းကို ဓာတ်ပုံနဲ့ ဖော်ပြထားတာတွေ့ရပါတယ်။ ငါ့သရောက် တဖက်ကနေ မြောက်ဘက်အနည်းငယ် ဆက်သွားလိုက်တဲ့အခါ ဧရာဝတီမြစ်နဲ့ တဖက်ကမ်းမှာ ပခုက္ကူမြို့ တို့ ဖြစ်လို့ မြင်းခြံ၊ ပခုက္ကူ ထိစပ်နေတဲ့ ဒေသတွေက PDF လှုပ်ရှားမှု အားကောင်းတဲ့ ဒေသတွေဖြစ်ပါတယ်။
၂၀၂၂ နှစ်မကုန်ခင်မှာပဲ စစ်ကောင်စီကိုယ်တိုင်ကကော တကွဲတပြားခုခံစစ် ဆင်နွှဲနေတဲ့ ဒေသခံပီဒီအက်ဖ်တွေရဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ခပ်စိပ်စိပ် တွေ့လာကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီက သူတို့၏ ၂၀၀၈ ခြေဥအောက်နဲ့ စစ်အုပ်ချုပ်ရေးကို အပြည့်အ၀အသုံးချပြီး အရပ်သားနဲ့ သူတို့အသိအမှတ်ပြုခံယူလိုတဲ့ ပါတီ အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းကို နယ်မြေအလိုက် ကန့်သတ် ထိန်းချုပ် စိုးမိုးမှု ငြိမ်ဝပ်ပိပြားမှုကို တိုးပြီး တည်ဆောင်လာနေပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ NUG နဲ့ ကွန်ရက်တွေဘက်က လက်နက်မဲ့ပြည်သူတွေကို ကာကွယ်ပေးမှု စောင့်ရှောက်မှု ဘေးကင်းရာသို့ တိမ်းရှောင်နိုင်ရေး ဆောင်ရွက်နိုင်မှုတွေနဲ့ စစ်ကောင်စီ၏ ငြိမ်ဝပ်ပိပြားမှုခြေလှမ်းတွေကို ပြန်တွန်းလှန်နိုင်လိမ့်မယ် ထင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar