မျိုးသန့်ထွန်း(စစ်ကိုင်း) - ဦးနု ရေးတဲ့ ပြဇာတ်အချို့နဲ့ နိုင်ငံရေး
မျိုးသန့်ထွန်း(စစ်ကိုင်း) - ဦးနု ရေးတဲ့ ပြဇာတ်အချို့နဲ့ နိုင်ငံရေး
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၂
ဦးနုဟာ မြန်မာ့နိုင်ငံရေးမှာ အောင်မြင်ကျော်ကြားခဲ့သလို စာပေနယ်မှာလည်း ထင်ရှားသူတဦးဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာဝေဖန်မှုတွေရှိခဲ့သလို သူ့စာပေ ပြဇာတ်တွေကိုတော့ မဆလအစိုးရက ပိတ်ပင် တားဆီးမှုတွေရှိခဲ့ပါတယ်။
နဝတ၊ နအဖခေတ်အထိတောင် မလွတ်ပါဘူး။နဝတ၊ နအဖကာလမှာ ဦးနု ရေးတဲ့စာတွေကို ပိတ်ပင်တားမြစ်တာတွေ ရှိခဲ့ပါတယ်။ စစ်အစိုးရကာလာမှာ စာကြည့်တိုက်စာတမ်းအဖြစ် 'ဦးနု စာစုစာရင်း' လုပ်ခွင့်မရပါ။ စာပေကင်ပေတိုင်ခေတ်မှာ ဦးနု အမည်နာမကို ငွေမင်သုတ်လိပ်ထားတာ တွေ့ခဲ့ရပါတယ်။ ဒါဟာ အာဏာရှင်တို့ရဲ့ဖိနှိပ်မှု အဆင့်ဆင့်ထဲက တခုဖြစ်ပါတယ်။ အာဏာရှင်တိုင်းဟာ " ငါနဲ့မတူ ငါရန်သူ"လို့ သဘောထားတာ တူညီကြပါတယ်။
ဦးနု ရေးတဲ့ သ-က-အ-လ ပြဇာတ်တို့ ဦးသောင်ဒန်း ပြဇာတ် တို့၊ ဦးကလိန်းပြဇာတ်တို့နဲ့ အတူ ထင်ရှားတဲ့ လူထုအောင်သံပြဇာတ်တို့ဟာ မဆလတပါတီအာဏာရှင် ခေါ်တဲ့ ဗိုလ်နေဝင်းလက် ထက်မှာ စာအုပ်အဖြစ် ပြန်ထုတ်ဝေခွင့်မရခဲ့ပါဘူး။
ဦးနုရဲ့ ဦးကလိန်ပြဇာတ်ဟာ ရဟန်းတု၊ ရဟန်းယောင်တို့ရဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။သိန်းဖေမြင့်ရဲ့ တတ်ဘုန်းကြီးဇာတ်လမ်း နဲ့အလာ တူပါတယ်။ ထိုခေတ်က အုပ်ချုပ်သူ အာဏာရှင်တွေက သူတို့ကို ထိမိတာတို့ ပတ်သက်ထိပါးတာတို့ဆိုရင် ပြဇာတ်တို့ စာတို့ကို ထုတ်ခွင့်မပြုတာဟာ စာပေဖိနှိပ်မှုတခုလို ဖြစ်နေပါတယ်။ ဦးနုရဲ့ ပြဇာတ်တွေဟာ နိုင်ငံခေါင်းဆောင်မယ့်လူတွေကို ပညာပေးတာတွေ များပါတယ်။
ဦးနုဟာ ဗမာပြည်ရဲ့ ဘားနက်ရှော ခေါ်ရလောက်အောင် ပြဇာတ်တွေ အများဆုံးရေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့မှာ လူငယ်ဘဝကလည်း ဗမာ့ ဘားနက်ရှော ဖြစ်ချင်တဲ့အာသာဆန္ဒရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကို လမ်းကြုံကြိုက်လို့ ဝင်လုပ်တာလို့ တယ်လို့ ဆိုပါတယ်။
ဦးနုရေးတဲ့ 'ရက်စက်ပါပေ့ကွယ်' မှာ သူ နိုင်ငံရေးလုပ်တာဟာ ခရီးသွားရင်း လမ်းမှာ မီးလောင်တာတွေ့လို့ မီးဝင်ငြိမ်းရသလိုမျိုးလို့ ရေးပါတယ်။ ဦးနုဟာ နိုင်ငံရေးမှာ အောင်မြင်ကျော်ကြားသလို ပြဇာတ်တွေရေးရာမှာ သူမတူအောင် ကျော်ကြားခဲ့ပါတယ်။ ဦးနုရေးတဲ့စာတွေအထဲမှာ ပြဇာတ်စာပေကို ပထမအဦးဆုံးရေးပါတယ်။
ဦးနုရဲ့ ပထမဆုံးရေးတဲ့ပြဇာတ်က "အချစ်လော အမုန်းလော" ပြဇာတ် ဖြစ်ပါတယ်။ ထိုပြဇာတ်ကို ၁၉၂၅က ဓူဝံမဂ္ဂဇင်းမှာဖော်ပြခဲ့တယ်။ ၁၉၂၈ က ရှုမဝမဂ္ဂဇင်းမှာလည်း ဖော်ပြခဲ့ပါတယ်။ ဦးနုဟာ တက္ကသိုလ်ကျောင်းသားဘဝက နိုင်ငံရေးလုပ်ရင်း တဖက်ကဝါသနာပါတဲ့ပြဇာတ်တွေကိုရေးပါတယ်။ "နောင်တော့်ချွတ်ခန်း" တို့၊ "မယားဆိုးလင်" ပြဇာတ်တို့ " လင်နေစ ဆင်သေမှ" ပြဇာတ်တွေကို မောင်နုနဲ့ ရေးခဲ့သလို ကိုနု-ဘီအေနဲ့လည်း ၁၉၃၆ က ဒီးဒုတ်သတင်းစာမှာ အခန်းဆက်ရေးခဲ့ပါတယ်။ ထိုပြဇာတ်တွေဟာ အိမ်ထောင်ရေးလူမှုရေးတွေကို အခြေခံပြီးရေးပါတယ်။
ဒါပြင် ဝဃကီ သူကရ ပြဇာတ်က ဗုဒ္ဓနိပါတ်တော်ကလာတဲ့ ဇာတ်ကို ဦးနုရဲ့ ပြဇာတ် ဖန်တီးနိုင်စွမ်းရှိတဲ့ပြဇာတ်လို့ ဆိုနိုင်ပါတယ်။ ဗာရာဏသီပြည်လက်ထက်က သူကရ ဆိုတဲ့ ဝက်တကောင်ရဲ့ခေါင်းဆောင်နိုင် စွမ်းရှိတဲ့ဇာတ်လမ်းပါ။ ဒီပြဇာတ်ဟာ နိုင်ငံရေးကို နွယ်ပြီးရေးပါတယ်။ သူကရပြဇာတ်ရဲ့အဓိကအချက်က ခေါင်းဆောင်ကောင်းလိုသလို စည်းလုံးခြင်းလည်း လိုအပ်ပါတယ်လို့ဆိုပါတယ်။
ဦးနုဟာ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ဆက်နွှယ်တဲ့ပြဇာတ်တွေလည်း ရေးပါတယ်။ ဦးနုရဲ့ ထင်ရှားတဲ့ ပြဇာတ်စာအုပ်အများအပြားရှိပါတယ်။ထိုအထဲက နွားသိုးကြိုးပြတ်ပြဇာတ်၊ ပုထုဇနောဥမ္မတကောပြဇာတ်၊ ဦးသောင်းဒန် ပြဇာတ်တို့တွေဟာ (၁၉၄၁) ဂျပန်လက်ထက် ထောင်ထဲက ရေးသားခဲ့တဲ့ပြဇာတ်တွေ ဖြစ်ပါတယ်။ ဂျပန်ခေတ် ထောင်ထဲမှာလည်း ဦးနု ရေးတဲ့ပြဇာတ်ကို စင်တင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဂျပန်ခေတ်အစိုးရမှာ ဦးနုက နိုင်ငံခြားရေဝန်ကြီးဖြစ်ပါတယ်။သခင်ဗဟိန်းက ဝန်ကြီးဦးနုရဲ့ ကိုယ်အရေးအရာရှိ ဖြစ်ပါတယ်။ ယခု ဆီဒိုနာဟော်တယ်လုပ်ထားတဲ့နေရာမှာ အိမ်ကြီးတလုံး ရှိပါတယ်။ ထိုအိမ်ကြီးက အထည်လုပ်ငန်းရှင်ဦးမောင်မောင် အိမ်ဖြစ်ပါတယ်။ ဂျပန်လက်ထက်မှာ အဲဒီအိမ်ကြီးမှာ ဦးနု မိသားစု၊ စာရေးဆရာ ဦးဉာဏမိသားစု၊ ဦးထင်ကြီးတို့နဲ့ သခင်ဗဟိန်း ညားခါစဇနီးတို့ စတဲ့မိသားစုများ နေကြပါတယ်။ အဲဒီအိမ်ကြီမှာ အားတဲ့နေ့ဆိုရင် ပြဇာတ်တွေ ကကြကြောင်းကို ဦးနု သမီးကြီး ဒေါ်စန်းစန်းနုက ပြောပြပါတယ်။ စာရေးသူက ဒေါ်စန်းစန်းနုကို အန်တီစန်းလို့ ခေါ်ပါတယ်။ ဒီအကြောင်းကို စာရေးသူ ဦးနုပြတိုက်မှူးဘဝမှာ အန်တီစန်းအား အချိန်တိုင်း မေးမြန်းခွင့်ရခဲ့ပါတယ်။ ထိုအချိန်က ထိုအိမ်ကြီးမှာ ဦးနုရေးတဲ့ ပြဇာတ်၊ ဦးဉာဏရေးတဲ့ပြဇာတ်တွေဟာ စင်တင်ကပြကြတာ အလွန်ပျော်စရာကောင်းကြောင်း သိမီလိုက်တဲ့ အန်တီစန်းက ပြောပါတယ်။ အိမ်ရဲ့နောက်ဖက်မှာ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ရှိပါတယ်။ ဈေးဝယ်စရာမလိုပဲ စိုက်ခင်းတွေအထဲက ခူးချက်စားကြရင်း ပြဇာတ်တွေ ကြည့်ခဲ့ရတာဟာ အန်တီစန်းဘဝမှာ မမေ့နိုင်တဲ့အရာလို့ ပြောပါတယ်။ အဲဒီချိန်က မိသားစုတွေဟာလည်း ပြဇာတ်ကကြရင်း စည်းစည်းလုံးလုံးတတ်ကြွကြွ နဲ့ နေထိုင်ခဲ့ကြကြောင်းကိုအန်တီစန်းက ရှေး ဟောင်းနှောင်အဖြစ် ပြောပြရှာတယ်။
သခင်ဗဟိန်းမိန်းမယူတော့ သခင်နုနှင့်ဒေါ်မြရီက မိဘအဖြစ် ပြောဆိုတောင်းခဲ့ပါတယ်။ ဒါကြောင့် သခင်ဗဟိန်းနဲ့ဇနီးတို့ဟာ ဦးနုနှင့် ဒေါ်မြရီတို့ကို မိဘလို ချစ်ခင်လေးစားကြပါတယ်လို့ အန်တီစန်းက ပြောဖူးပါတယ်။ အခုခေတ်မှာ ပြဇာတ်ရုံတွေမရှိတော့တာရယ် ပြဇာတ်တွေမရေးသားကြတော့တာဟာ အလွန်ဝမ်းနည်းရကြောင်း ဦးနုသမီး အန်တီစန်းက ပြောပါတယ်
"လူထုအောင်သံ" ပြဇာတ်ဟာ ဝန်ကြီးချုပ်ဦးနုဖြစ်တဲ့အချိန်က ရေးသားခဲ့တဲ့ပြဇာတ် ဖြစ်ပါတယ်။ ထိုပြဇာတ်ကို ဧရာဝတီတိုင်းကို ခရီးသွားရင်း သင်္ဘောအပေါ်မှာ ရေးခဲ့ပါတယ်။ ထို လူထုအောင်သံပြဇာတ်ကို စာရေးဆရာ ဇော်ဂျီနဲ့ ပါမောက္ခဦးမျိုးမင်းတိုက တည်းဖြတ်ပေးပါတယ်။ ထိုပြဇာတ်ကို ဖဆပလ အစိုးရလက်ထက်မှာ အမေရိကန်ဒါရိုက်တာက ရုပ်ရှင်ရိုက်ကူးခဲ့လိူ့ မြန်မာနိုင်ငံမှာ အထူးကျော်ကြားအောင်မြင်ခဲ့ပါတယ်။ ဒီပြင် လူထုအောင်သံပြဇာတ်ကို ၁၉၅၃ က The People's Win Through လို့ မြန်မာအသံညွှန်ကြားရေးဝန် ဦးခင်ဇော် ခေါ် ဆရာကေ က ဘာသာပြန်ဆိုခဲ့ပါတယ်။ ထိုအချိန်က မြန်မာမှာ လူတော်တော်များများဟာ လက်ဝဲ ကွန်မြူနစ်ဝါဒကို လက်ခံကျင့် သုံးနေကြပါတယ်။
လူထုအောင်သံ ပြဇာတ်ဟာ ကွန်မြူနစ်ဝါဒကိုသက်သက် တိုက်ခိုက်တဲ့ပြဇာတ် မဟုတ်ပါဘူး။ အချို့ကွန်မြူနစ်တွေရဲ့ လုပ်ရပ်နဲ့လုပ်ဇာတ်ကို လူထုအောင်သံက မီးမောင်းထိုးပြလိုက်တာပါပဲလို့ စာရေးဆရာတဦးက ပြောပါတယ်။ နောက်တခါ ဦးနု ရေးတဲ့ သ-က-အ-လပြဇာတ်ကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်မှာ လုံးဝ ထုတ်ဝေလို့မရပါဘူး။
သ-က-အ-လဇာတ်လမ်းဟာ မဆလ ဥက္ကဋ္ဌကြီး လမ်းစဉ်နဲ့ တထပ်တည်းကျနေလို့နေမှာပေါ့လို့ ဆိုပါတယ်။ ထိုသကအလ-ပြဇာတ်ထဲ က လောင်းကစားကြီးသူ အာဏာကို အလွဲသုံးစားလုပ်သူ၊တဏှာကာမအားကြီးသူတို့အကြောင်းပါရှိတဲ့အတွက် ထိုအချိန်က ခေါင်းဆောင်ကြီးရဲ့လမ်းစဉ်နဲ့ ချိန်ထိုးကြည့်လို့ရပါတယ်။
ဦးနုရဲ့ ပြဇာတ်တွေဟာ ခေတ်ကာလက လူမနော လူစရိုက်တို့အပြင် အဲဒီခေတ် နိုင်ငံရေးဒီရေတွေလို စီးဆင်းနေဆဲပါတယ်။
ဦးနု ရေးတဲ့ အချို့ပြဇာတ်တွေကို အင်္ဂလိပ်ဘာသာလို ပြန်သလို တရုတ်လို ဂျပန်လို ပြန်ဆိုနေကြပြီလို့ ကြားသိနေရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ဆက်နွှယ်ရေးသားတဲ့ ပြဇာတ်များ အဓွန့်ရှည်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဗမာပြည်ဝယ်ပြဇာတ်ခေတ်ထွန်းကားစေသော်ဝ်။
မျိုးသန့်ထွန်း(စစ်ကိုင်း)
၃၀-၁၀-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar