Breaking News

ရန်လင်းအောင် - သီတင်းကျွတ်ပြီလား

သီတင်းကျွတ်ပြီလား
ရန်လင်းအောင်
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၂

ဘဝတွေ
သွေးတွေ ရင်းခဲ့ပြီးပြီ
သားတွေ ရင်းခဲ့ပြီးပြီ
သမီးတွေ ရင်းခဲ့ပြီးပြီ
အမေတွေ အဖေတွေလည်း
ရင်းခဲ့ရပေါင်းများလှပြီ -

ကန်တော့သူမဲ့ ဖေဖေမေမေများ -
အကန်တော့ခံမဲ့ သားသားမီးမီးများ -
လက်အုပ်မချီနိုင်သေးလို့
လက်နက်ကိုင်နေရ -
ဆုမပေးနိုင်သေးလို့
ကျိန်စာတိုက်နေရ -

ဘဝအားဖြင့် ပူဇော်ပြီးပြီပဲ
အသက်သွေးဖြင့် ပူဇော်ပြီးပြီပဲ
တို့သွေးတို့သားဖြင့်
အရင်းပြုခဲ့တာမှန်ပါသည် 
ဝဋ်မီးများလည်းမြန်မြန်ငြိမ်းပါစေ
ဆီမီးရောင်ရှိန် ထိန်ထိန်လင်းပါစေ ။

၇.၁၀.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar