တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် ၂၀၂၃ ခုနှစ်
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၂
တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် ၂၀၂၃ ခုနှစ်
လာမယ့် ၂၀၂၃ ခုနှစ်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင် တပ်တွေကို အနိုင်ယူနိုင်မယ်လို့ အဓိပ္ပါယ် သဘောရတဲ့ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် နှစ်ဖြစ်တယ်လို့ NUG အစိုးရက ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းတဲ့ ကာလက စတွက်ရင် ၃ နှစ်မြောက်နှစ် အဖြစ်ဆိုရမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းတဲ့အချိန်ကစပြီး ခုရောက်နေတဲ့ အထိရေတွက်ရင် တနှစ်နဲ့ ၈ လလောက်ရှိပြီဖြစ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ နောက်လအနည်းငယ်အကြာမှာ အသွင်ပြောင်းသွားတဲ့ လက်နက်ကိုင်တိုက်ပွဲ ၊ သံတမန်ရေးအရ စည်းရုံးဝိုင်းပိတ်ဆို့မှုတွေကို ဖြစ်ချင်တဲ့ဆန္ဒတွေ ခဏဘေးဖယ်ထားပြီး လက်တွေ့ကျကျ ပြန်သုံးသပ်ကြည့်သင့်တဲ့ အချိန်လို့ ထင်မြင်မိပါတယ်။
ကုန်ဆုံးခဲ့တဲ့ ၁ နှစ်နဲ့ ၈ လကျော်ကာလမှာ ဘာတွေအောင်မြင်ခဲ့သလဲ၊ ဘာတွေ ဆုံးရှုံးခဲ့သလဲ၊ လူထုရဲ့ ခံနိုင်ရည်၊ လက်နက်ကိုင်တိုက်ခိုက်မှုအတွက်လိုအပ်တဲ့ ဘဏ္ဍာအရင်းအမြစ်၊ နိုင်ငံရေးအရနဲ့ စစ်ရေးအရ စည်းရုံးနိုင်မှု၊ ကျစ်လစ်တဲ့ တစုတစည်းထဲ အမိန့်အောက်မှာ လှုပ်ရှားနိုင်မှု၊ မဟာဗျူဟာချမှတ်ထားသလား၊ သို့မဟုတ် ချမှတ်ထားတဲ့ မဟာဗျူဟာက ပြင်ပအရှိတရား နောက်ခံအခြေအနေတွေနဲ့ လိုက်ဖက်မှု ရှိ၊ မရှိ၊ နည်းဗျူဟာအရရော မှန်ကန်စွာ လုပ်ဆောင်နိုင်မှု ရှိလား ၊ အားနည်းချက်တွေရှိလား ရှိခဲ့ရင် ဘာတွေ ဖြစ်မလဲ၊ နိုင်ငံရေးအရ စည်းရုံးရေးအရ ကြားလူကို စည်းရုံးနိုင်ခဲ့လား၊ တဖက်က ထောက်ခံသူကို ကြားလူအဖြစ် ပြောင်းလဲနိုင်ခဲ့လား၊ မိမိတို့ဘက်ကသူတွေကို မှန်ကန်စွာစည်းရုံးနိုင်ခဲ့ရဲ့လား စတဲ့ ရှုထောင့်အစုံ ချဥ်းကပ်မှုအစုံ၊ ပိုင်းဖြတ်ဝေဖန်စွမ်းရှိတဲ့ခေါင်းဆောင်တွေ ဆန္ဒစွဲကင်းစွာနဲ့အကဲဖြတ်ပြီး လက်တွေ့အရှိတရားက မမျှော်လင့်ထားတဲ့အခြေအနေဖြစ်ပါစေ အဲဒီအရှိတရားကို လက်ခံကာ လက်တွေ့ကျတဲ့မဟာဗျူဟာ၊ နည်း ဗျူဟာတွေ ချမှတ်ပြီး လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့မြင်မိပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းလတွေမှာ စီဒီအမ် လှုပ်ရှားမှုကို အားပြုပြီး လူထုဆန္ဒပြမှုနဲ့ အာ ဏာသိမ်းစစ်ကောင်စီကို ဖြိုချနိုင်မယ်လို့ လူထုခေါင်းဆောင်တချို့က ယူဆခဲ့ကြပါတယ်။ စီဒီအမ် ဝန်ထမ်းတွေနဲ့ လူထုကို သီတင်းပတ် ၂ ပတ်ကြာတောင့်ခံနိုင်ရင် အောင်ပြီလို့ စိတ်အားတက်ကြွစေမယ့်ပြောဆိုမှုတွေနဲ့ စည်းရုံးခဲ့ကြတာတွေ့ရပါတယ်။ စစ်တပ်ကိုအခြေပြုထားပြီး အာဏာကိုတည် ဆောက်ထားတဲ့ အစိုးရမဟုတ်ပဲ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ နိုင်ငံရေးပါတီလိုမျိုးကို လူထုဆန္ဒပြမှုနဲ့ ဖြုတ်ချနိုင်ကောင်း ဖြုတ်ချနိုင်မှာ ဖြစ်ပေမယ့် စစ်တပ်ကိုအခြေပြုပြီး အာဏာတည်ဆောက်ထားတဲ့စစ်အစိုးရလိုမျိုးက အာဏာကို လွယ်လွယ်နဲ့လက်လွှတ်လိမ့်မယ်လို့ ယူဆလို့မရတာ သင် ခန်းစာယူစရာဖြစ်ပါတယ်။
အဲဒီလို ကာလမျိုးမှာ စစ်တပ်ရဲ့ အာဏာရှိတဲ့ ခေါင်းဆောင်ပိုင်းက ကွဲထွက်မှသာ လူထုလှုပ်ရှားမှုရဲ့ အောင်ပွဲဆိုတာမျိုး ရနိုင်မှာဖြစ်ပြီး နမူနာအားဖြင့် ပြရရင် ၁၉၈၆ ခုနှစ် ဖိလစ်ပိုင်အာဏာရှင် မားကို့စ်ကို ပြုတ်ကျစေခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလိုဖြစ်နိုင်ချေက နည်းပါးလွန်းတာကြောင့် စစ်တပ်ရဲ့ အစိတ်အပိုင်း သြဇာရှိသူက ဘက်မပြောင်းရင် အခုလို စစ်တပ်ကို လက် နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းပြီးအားပြိုင်ရမယ့် အခြေအနေမျိုးဘက်ဆီ ဦးတည်လိမ့်မယ်ဆိုတာ ယမန်နှစ် (၂၀၂၁) အစောပိုင်းကာလ ကတည်းက ကြိုတင်မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ငြိမ်းချမ်းစွာဆန္ဒပြမှုကို ရှစ်လေးလုံးအရေးတော်ပုံနဲ့ နှိုင်းယှဥ်ကြသလို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ် ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ကြိုးပမ်းစဥ်က အမှုထမ်းပေါင်းစုံ အထွေထွေသပိတ်ကြီး နဲ့လည်း နှိုင်းယှဥ်ကြပါတယ်။ ရဲဝန်ထမ်းတွေပါ ပါဝင်တဲ့ အမှုထမ်းပေါင်းစုံ အထွေထွေသပိတ် အဖြစ် ဆင်နွှဲပြီး ဗြိတိသျှတို့ရဲ့ စက္ကူဖြူစီမံကိန်းကို လက်မခံတဲ့ အထွေထွေ သပိတ်ကြီးနဲ့ ဗြိတိသျှကို ဖိအားပေးခဲ့ကြတဲ့ ဖြစ်စဥ်မျိုးနဲ့ နှိုင်းယှဥ်ပြီး မျှော်လင့်ခဲ့ကောင်းမျှော်လင့်ကြပါလိမ့်မယ်။ လက်တွေ့မှာတော့ ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီနိုင်ငံတွေကို လွတ်လပ်ရေး မပေးရင် မဖြစ်တော့ဘူးဆိုတာကို သဘောပေါက်ထားတဲ့ ဗြိတိသျှအုပ်ချုပ်သူတွေနဲ့ စစ်ကောင်စီအဖွဲ့က ရက်စက်မှုအဆင့်ချင်းက လုံးဝကွာခြားနေတာ ဖြစ်ပါတယ်။
ကိုယ့်နိုင်ငံသားတွေကို ဘယ်သူဘယ်ဝါ မဆန်းစစ်တော့ပဲ ကျေးရွာတွေ မီးရှို့ ၊ အရပ်သားတွေကို သတ်ဖြတ်တာမျိုးတွေကို ကျူးလွန်နေတဲ့ သူတို့ရဲ့ အာဏာ၊ အကျိုးစီးပွားကို အဆုံးအဖြတ်ပေးနိုင်တဲ့တိုက်ပွဲကို ရှိသမျှ အရင်းအမြစ်၊ စောင့်ထိန်းမှု၊ စစ်စည်းကမ်း၊ နိုင်ငံတကာ ဥပဒေတွေ အကုန် လုံးချနင်းပြီး အနိုင်ရဖို့ တိုက်ခိုက်နေတဲ့ စစ်တပ်တတပ်အဖြစ် အကဲဖြတ်ဖို့ လိုပါတယ်။ သူတို့ရဲ့ ရက်စက်မှု ဆိုးယုတ်မှုကို ပုံဖေါ်သလိုပဲ၊ အာဏာသိမ်းစစ်တပ်ရဲ့ အကျိုးစီးပွားတခုတွက် စုစည်းနေကြတဲ့ အင်အားစုရဲ့သဘောသဘာဝကိုလည်းလျော့တွက်ပြီး မနက်ဖြန် နိုင်မယ်၊ နောက်လ၊ နောက်နှစ်နိုင်မယ်လို့ လွယ်လွယ်နဲ့ လူထုကို မစည်းရုံးသင့်ပါဘူး။
ဆိုခဲ့စေ မြဲစေဆိုတဲ့စကားက မှန်ကန်တဲ့ စည်းရုံးရေးနည်းနာ နဲ့ အခြေခံမူဖြစ်သင့်ပါတယ်။ လွယ်လွယ်နဲ့ နိုင်မယ် လွယ်လွယ်နဲ့ ပြီးဆုံးသွားမယ်လို့ မျှော်လင့်ချက်တွေ ပေးပြီးထောက်ခံမှုအင်အားကို ထိန်းထားဖို့ လုပ်ဆောင်တာမျိုးဟာလည်း မဖြစ်သင့်သလို လွယ်လွယ်နဲ့ အနိုင်ရမယ်လို့ အမှန်တကယ်ယုံကြည်နေပြီး နောက်ကထောက်ခံသူလူထုကို စည်းရုံးတဲ့အဖြစ်မျိုးဆိုတာက ညံ့တဲ့ခေါင်းဆောင်မှုလို့ပဲ ဆိုရပါလိမ့်မယ်။
လာမယ့် ၂၀၂၃ မှာ အာဏာသိမ်းစစ်တပ်ကို အနိုင်ရနိုင်ဖို့ဆိုရင် မှန်ကန်တဲ့ အကဲဖြတ်မှုနဲ့ မှန်ကန်တဲ့ မဟာဗျူဟာ ၊ စွန့်လွှတ်မှု အနစ်နာခံမှု အေးအတူပူအမျှ တသားတည်းခံစားပြီး တိုက်မယ်ဆိုတဲ့ စိတ်ထားနဲ့ လက်တွေ့ကျင့်သုံးမှုတွေလည်း အရေးကြီးတယ်ဆိုတာ သဘောပေါက် နားလည်ဖို့ လိုအပ်လှပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar