အင်းစိန်ထောင် ဗုံးခွဲမှုရဲ့ ဂယက်
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၉ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၂
အင်းစိန်ထောင် ဗုံးခွဲမှုရဲ့ ဂယက်
ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၉နာရီကျော်မှာ အင်းစိန်ထောင် ရဲ့ ထောင်ဝင်စာ စာရင်းပေးသွင်းတာ၊ ပစ္စည်းပို့တာကို လက်ခံတဲ့ ကောင်တာအတွင်းနဲ့ အပြင်ဘက်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့ပါတယ်။ သေဆုံးမှုတွေရှိခဲ့ပြီး အကျဥ်းထောင်ဝန်ထမ်းသာမကပဲ အကျဥ်းကျနေတဲ့ မိသားစုတွေကို တွေ့ဖို့ လာရောက်ကြတဲ့ မိသားစုဝင်၈ ဦးထိ အသက်ဆုံးရှုံးခဲ့ကြရပြီး ဆယ့်ရှစ်ဦး ဒဏ်ရာရခဲ့ကြပါတယ်။ ဗုံးကွဲမှုအပြီး စက္ကန့်ပိုင်းအကြာ အကျဥ်းထောင်ရှေ့ ဘန်ကာပေါ်က ခြောက်လှန့်ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ပစ်ခတ်မှုကြောင့်လည်း ဒဏ်ရာရတာရှိတယ်လို့ သတင်းအချို့က ဆိုကြပါတယ်။ တချို့သတင်းတွေမှာ ပစ်ခတ်မှုကြောင့်လည်း အသက်ဆုံးရှုံးတာရှိတယ်လို့ ဆိုကြပေမယ့် အတိအကျ ဘယ်နှဦးက ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးတာလည်း ဆိုတဲ့အထိ ခိုင်မာတဲ့အချက်အလက်တွေ ညပိုင်းအထိ မသိကြရသေးပါဘူး။
အသက်ဆုံးရှုံးရသူတွေအထဲ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ မိခင်တွေ၊ မိသားစုဝင်တွေ ဖြစ်ပါတယ်။ အသက် ၉ နှစ်အရွယ် ကလေးတဦးလည်း ပါဝင်တယ်လို့ အချို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ကျောင်းသားသမဂ္ဂက ကိုလင်းထက်နိုင် ခေါ် ဂျိမ်း ရဲ့ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်မြင့် ၊ မကြာသေးမီလပိုင်းက ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း ဆန္ဒပြမှုမှာ ကားနဲ့ တိုက်ပြီးဖမ်းဆီးခံရတဲ့ ကိုဟိန်း ဆိုသူရဲ့ မိခင်ဖြစ်သူလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။
နံနက် ၉ နာရီကျော်အချိန်ဟာ အကျဥ်းထောင်တွင်း စစ်ဆေးတဲ့ အထူးတရားရုံးဆိုတဲ့ နိုင်ငံရေးအမှုတွေကို စီရင်တဲ့ တရားရုံးကို ဝင်ရောက်ဖို့ အဝမှာ စောင့်ဆိုင်းနေကြသူ ရှေ့နေတွေ စည်ကားနေချိန်မှာ ဗုံးကပေါက်ကွဲခဲ့တာ ဖြစ်ပြီး မကြာခင်မှာ ဒုတိယတလုံး ထပ်မံပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ ပထမပေါက်ကွဲတဲ့ ဗုံးက ပိုမိုပြင်းထန်ပြီး သေဆုံးမှုနဲ့ ဒဏ်ရာရမှု ဖြစ်ပွားခဲ့တဲ့အများစုက ပထမကွဲခဲ့တဲ့ ဗုံးကြောင့်လို့ ဆိုကြပါတယ်။
ယေဘုယျအားဖြင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးရုံးတွေ၊ စစ်သားနဲ့ ရဲကင်းစခန်းတွေ၊ လျှပ်စစ် ရုံးတွေ၊ အချို့သော စာသင်ကျောင်းတွေမှာ ဗုံးကွဲမှုတွေ ဖြစ်ပွားလေ့ရှိပြီး တခါတရံမှာ အကျဥ်းထောင်ရှေ့ လုံခြုံရေးကင်းလို အနီးမှာ ဗုံးထောင်မှုတွေရှိပေမယ့်လည်း အခုလို လုံခြုံရေး လက်နက်ကိုင်တွေ နေရာမဟုတ်တဲ့ အရပ်သားအများစုနေရာမျိုးမှာ ဖောက်ခွဲမှုက အခုတကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အကျဥ်းထောင် ဝန်ထမ်း သို့မဟုတ် အကျဥ်းထောင်အရာရှိ ထောင်မှူးလိုမျိုးကို ပစ်မှတ်ထားလုပ်ဆောင်တယ်လို့ ဆိုကောင်းဆိုနိုင်ပေမယ့် အရပ်သားတွေ အများအပြားရှိတဲ့အချိန်မှာ ဖောက်ခွဲတာဟာ အရပ်သားတွေ ၊ အခုလို စစ်အာဏာရှင် ဆန့်ကျင်မှုမှာ ပါဝင်မှုကြောင့်အကျဥ်းကျနေတဲ့ သူတွေကို လာရောက်ပစ္စည်းပေးပို့တဲ့ နေရာမှာ ဖောက်ခွဲခဲ့ရင် မသက်ဆိုင်သူတွေ အပြစ်မဲ့သူတွေ ၊ တနည်းအားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးကို လုပ်ဆောင်နေသူတွေကို အကူအညီ ပံ့ပိုးပေးနေသူတွေကို တိုက်ရိုက်ထိခိုက်နိုင်တယ်ဆိုတာ မတွေးဘူးလားဆိုတဲ့ အချက်ကြောင့် ဒီလို လုပ်ရပ်ကို ဘယ်သူပဲလုပ်လုပ် လက်မခံနိုင်ဘူးဆိုတဲ့ ကန့်ကွက်မှု ရှုတ်ချမှုတွေ ချက်ချင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းကရော နယ်စပ်ရောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး ဒီဖောက်ခွဲမှုနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့အဖွဲ့အစည်းက တာဝန်ခံရမယ်လို့ အထွေထွေသပိတ်ကော်မတီက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အချို့ကလည်း ဒါက စစ်အုပ်စုဘက်က ထောက်လှမ်းရေးတွေ လုပ်တဲ့ ညစ်ပတ်တဲ့လုပ်ရပ်မျိုး လို့ စွပ်စွဲပြောဆိုကြပြီး ဒီလိုလုပ်ရပ်မျိုးကို ဘယ်မြို့ပြပြောက်ကျားလက်နက်ကိုင် အဖွဲ့ကမှ လုပ်မှာမဟုတ်ဘူးလို့ ယူဆကြတဲ့ အမြင်အချို့လည်း မြင်တွေ့ကြရပါတယ်။
ဒီလိုအခြေအနေကို ထည့်မတွက်ပဲ အပြစ်မရှိသူတွေ၊ တနည်းအားဖြင့်ပြောရရင် မိမိတို့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ မိသားစုဝင်တွေထိခိုက်နိုင်ခြေရှိတဲ့ နေရာကို ပစ်မှတ်အဖြစ်ဖော်ဆောင်လုပ်ဆောင်ခြင်းဟာ နိုင်ငံရေးအရ ညံ့ဖျင်းလွန်းတာ ၊ လွယ်တဲ့ ပစ်မှတ်ကို လုပ်တာလို့ ဝေဖန်ရှုတ်ချစရာဖြစ်လာတာပါ။
ဒီအချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဆန့်ကျင်တဲ့ အင်အားစုတွေအတွင်း သဘောထား ကွဲလွဲမှုတွေ ဖြစ်ပွားလာပြီး မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အမြင်မတူတာတွေ စစ်ရေးပစ်မှတ် ဆိုတာကို ခွဲခွဲခြားခြားနားလည် သဘောပေါက်သင့်တယ်ဆိုတဲ့ သူတွေနဲ့ စစ်ကောင်စီ ရဲ့ ယန္တရားကို ရတဲ့နေရာမှာ တိုက်ခိုက်ရတာဖြစ်လို့ ထိခိုက်မှုတွေရှိနိုင်တာပဲ ဆိုတဲ့ အမြင်နဲ့ ကာကွယ်ပြောဆိုတာတွေ ၊ နောက်တချက်က စစ်ကောင်စီက ဒါမျိုးကို သူ့လူကိုယ့်ဘက်သားသဖွယ် လုပ်ဆောင်တယ်လို့ ယူဆတာတွေ စသဖြင့် အမျိုးမျိုး ဝေဖန် ငြင်းခုံစရာတွေ ထွက်ပေါ်လာတာပါ။
တက်ကြွလှုပ်ရှားသူတွေ အများစုက ဒီလိုပစ်မှတ်မျိုးကို ရွေးချယ်တာဟာ အရပ်သားတွေကို ထိခိုက်စေလို့ ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ဆိုကြတာဖြစ်ပါတယ်။ ဒီထက်တဆင့်ထပ်ဆိုရရင် အကျဥ်းထောင်တွေမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေ ထိခိုက်တာဖြစ်လို့ ပိုတောင် မလုပ်သင့်သေးတယ်လို့ မြင်ကြတာပါ။
တချို့ကတော့ ဒါက စစ်ကောင်စီရဲ့ သပ်လျှိုသွေးခွဲရေး အစီအစဥ်တခုသာဖြစ်ပြီး ဘယ်စစ်ကောင်စီ ဆန့်ကျင်ရေး ပြောက်ကျားအဖွဲ့ကမှ အင်းစိန် အကျဥ်းထောင်ရဲ့ ဒီလိုလူစည်ကားတဲ့နေရာကို ပစ်မှတ်ထားမှာ မဟုတ်ဘူးလို့ ယူဆပြောဆိုကြတာပါ။
သို့ပေမဲ့ မွန်းလွဲပိုင်းမှာတော့ Special Task Force Agency of Burma ဆိုတဲ့အဖွဲ့ က သူတို့လုပ်ဆောင်တာ ဖြစ်ကြောင်း ထောင်အရှေ့နားကနေ ဗုံးပေါက်ကွဲချိန် ဖုန်းနဲ့ ရိုက်ယူထားတဲ့ ဗီဒီယိုကလစ်နဲ့တွဲပြီး ထုတ်ပြန်ခဲ့ပါတယ်။ ထောင်မှူးကို ပစ်မှတ်ထားတာဖြစ်ပြီး ထောင်မှူးထိခိုက်သေဆုံးတဲ့ သဘောမျိုးရေးထားပေမယ့် အခြားသတင်းတွေမှာတော့ ထောင်မှူး ဒဏ်ရာရတဲ့ သတင်းမတွေ့ရပါဘူး။
ဒီအဖြစ်အပျက်က မြို့ပြပြောက်ကျားအဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်နဲ့ ထိရောက်မှု စစ်ကောင်စီပြုတ်ကျရေးမှာ စစ်ရေးအရ ဘယ်လောက်ထိ အရေးပါသလဲ စတဲ့အချက်တွေကို ပြန်လည်သုံးသပ်စရာ ဖြစ်လာစေတာလည်း ဖြစ်ပါတယ်။ မြို့တွေမှာစစ်ကောင်စီ အုပ်ချုပ်ရေး မတည်ဆောက်နိုင်အောင် ရည်ရွယ်ချက်နဲ့ ဗုံးခွဲတာ လုပ်ကြံသတ်ဖြတ်တာတွေကို လုပ်ဆောင်ကြတာ လို့နားလည်ရပါတယ်။ ဒီမြို့ပေါ် လှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီက တပ်အင်အား အတိုင်းအတာတခုကို မြို့တွေမှာ ချထားရမယ် ဆိုတဲ့ ယူဆမှု တွက်ဆမှုလည်း ရှိပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ဗုံးခွဲမှုတွေကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက ပြိုလဲသွားတာ မတွေ့ရသေးပါဘူး။ လစ်လပ်သွားတဲ့ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ နေရာမှာ အစားထိုးဝင်ရောက် နေရာယူနေကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တုန်းကလို ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရာနဲ့ချီ နုတ်ထွက်တာမျိုး ပြည်မဘက်မှာ မတွေ့ရသေးပါဘူး။ လျှပ်စစ်မီတာခ မပေးရေး၊ အခွန်မဆောင်ရေး လှုပ်ရှားမှု ၊ လျှပ်စစ်ရုံးတွေ ဗုံးခွဲတာ မီတာခကောက်ခံသူတချို့ ကို ပစ်ခတ်တာတွေ လုပ်ခဲ့ပေမယ့် အချိန်ကြာလာသည်နဲ့အမျှ မီတာခ မပေးဆောင်ဘြ မိသားစုတွေ အဖို့ ရေ၊ မီး အခက်အခဲကြုံပြီး မီတာခပေးဆောင်လိုက်ကြရတာ ဖြစ်ပါတယ်။
စစ်ကောင်စီပြုတ်ကျရေးရဲ့ ပင်မ စစ်ရေး လက်တံဟာ နယ်မြေတွေကို စိုးမိုးဖို့ ၊ ပစ်ပြေး၊ ချုံခိုတိုက်ခိုက်တဲ့ အဆင့်မဟုတ်ဘဲ ကျေးရွာ၊ မြို့တွေကို သိမ်းယူပြီး အုပ်ချုပ်နိုင်ဖို့ နယ်မြေသိမ်းယူနိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အဆင့်မျိုးဖြစ်လာဖို့ ဖြည့်ဆည်းဖို့ လေ့ကျင့်ဖို့၊ အမိန့်တခုထဲအောက်မှာ လှုပ်ရှားနိုင်တဲ့ တပ်ဖြစ်ဖို့ တည်ဆောက်နိုင်ပြီး စစ်ရေး မဟာဗျူဟာ နည်းဗျူဟာ နားလည်တဲ့ အတွေ့အကြုံရှိတဲ့ လက်နက်ကိုင် တပ်ခေါင်းဆောင်တွေကို ခန့်အပ်နိုင်ဖို့ က အဓိက လိုအပ်ပါတယ်။
မြို့ပေါ်မှာ ဗုံးခွဲ လုပ်ကြံသတ်ဖြတ်တာတွေကို ပြန်လည် သုံးသပ်ပြီး နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေက အင်အားစုတွေအားလုံးကို ပြန်လည်စည်းရုံး စုစည်း လုပ်ဆောင်ကြဖို့ အချိန်ရောက်ပြီလို့ အခုအဖြစ်အပျက်က ညွှန်ပြလိုက်တာ လို့ ထင်မြင်မိပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar