သီအိုဇော် - မှတပါးအခြားမရှိ
သီအိုဇော် - မှတပါးအခြားမရှိ
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၂
သက်သေထပ်ရှာဖို့
မလိုအပ်တဲ့ပြစ်မှု
လက္ခဏာထပ်သိဖို့
မလိုတဲ့ရောဂါတို့လိုမျိုး
ဒီပုစ္ဆာအတွက်
ပေးထားချက်တွေက
ခိုင်လုံပိုလျှံနေခဲ့ပြီ။
ဒီကာလက
လက်သည်းဆိပ်မှ
လက်ထိပ်နာကြတာမဟုတ်
ဘယ်သွေးချင်းထိထိ
အတူနာကြင်မိတဲ့ခေတ်။
မျက်ရည်နဲ့လမ်းပြ
သွေးစက်နဲ့မောင်းနှင်တဲ့
ဟောဒီသွေးကြွေးရထား
တောင်တန်းပြည်မ တနံတလျား
အရှိန်မြှင့် ခုတ်မောင်းလာခဲ့
ဘယ်သူတားတား
ရပ်နားသွားဖို့ လမ်းမရှိ
ဒွိဟသမားတွေ သိကြစေ။
အလံတိုင်တိုင်ဝက်
အနက်ရောင်ပရိုဖိုင်းကြား
ဖုတ်လှိုက်ဖုတ်လှိုက်နဲ့
‘ကိုမာ’ဝင်နေတဲ့ တိုင်းပြည်
ပြန်ရှင်သန်နိုင်စေရေးအတွက်
သွေးချင်းအားလုံး
မပြောလည်းသိ
မထိလည်းနာ
မဖိလည်းကြွ
မထိလည်းချ ထိလည်းချကြ
ဒါကလွဲလို့
ဘာများရှိနိုင်ဦးမှာလဲ။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar