Breaking News

အောင်သူငြိမ်း - မာ့စ်မှသည် ကုဇနက်စ်သို့- ကမ္ဘာပျက်ကိန်းမှသည် နတ်သမီးပုံပြင်သို့


အောင်သူငြိမ်း - မာ့စ်မှသည် ကုဇနက်စ်သို့- ကမ္ဘာပျက်ကိန်းမှသည် နတ်သမီးပုံပြင်သို့

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၂


Thomas Piketty - Capital in the 21st Century (Part 6)

၁၉ ရာစုရှိ ရီကာဒို-မာ့စ်တို့၏ သုံးသပ်ချက်များမှ ၂၀ ရာစု ဆိုင်မွန် ကုဇနက်စ် (Simon Kuznets) ၏ သုံးသပ်ချက်များသို့ ပြောင်း၍ ကြည့်လိုက်လျှင် စီးပွားရေးပညာရှင်များသည် ကမ္ဘာပျက်ကိန်း နမိတ်ဖတ်ချက်များကို အထူးအရသာတွေ့ နှစ် သက်ကြသည်မှာ သံသယရှိစရာမလိုဟု မိမိတို့ ဆိုနိုင်သကဲ့သို့၊ အလားတူပင် စိတ်ကူးယဉ်ဖွယ်ဖြစ်သော နတ်သမီးပုံပြင်များကိုလည်း အလွန်အကျူး နှစ်ခြိုက်ကြသည်။ သို့မဟုတ် ပျော်ရွှင်ဖွယ် ဇာတ်ပေါင်း ခန်းကို အထူးမြင်တွေ့လိုကြသည်။ ကုဇနက်၏ သီအိုရီအရ ဝင်ငွေအရ လူတန်း စားမညီမျှမှုသည် အရင်းရှင်စနစ် ဖွံ့ဖြိုးလာသည်နှင့်အမျှ အလိုအလျောက် လျှော့သွားမည်ဟု ဆိုသည်။ စီးပွားရေးမူဝါဒကို မည်သို့ရွေးချယ်သည်ဖြစ်စေ၊ သို့မဟုတ် မတူခြားနားသည့် နိုင်ငံများဖြစ်စေ နောက်ဆုံး (အရင်းရှင်စနစ် ဖွံ့ဖြိုးအဆင့်မြင့်လာသည်နှင့်အမျှ) လက်ခံနိုင်သည့် အတိုင်းအတာအထိ တည်ငြိမ်မှုရှိသွားမည် ဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် သူ၏အဆိုပြုချက်သည် စစ်ပြီးကာလ မှော်မျက်လှည့်ဆန်သည့် ခေတ်တွင်ပေါ်ပေါက်ခဲ့သည့် သီအိုရီတခုဖြစ်ပြီး၊ ပြင်သစ်နိုင်ငံဆိုလျှင် “ကြီးကြယ်ခမ်းနားသော နှစ် ၃၀ ရွှေခေတ်” (Trente Glorieuses) အဖြစ် ရည်ညွှန်း ဖော်ပြကြသည်။ ၁၉၄၅ ခုနှစ်မှ ၁၉၇၅ ခုနှစ် အကြား နှစ် ၃၀ ကြာ ရွှေခေတ်ဟု ဆိုနိုင်သည်။ 9 ကုဇနက်စ်အတွက်မူ ရေရှည် ကြာ စီးပွားရေးဖွံ့ဖြိုးမှုက လူတဦးချင်းစီအတွက် အကျိုးဖြစ်ထွန်းသည့်တိုင်အောင် စိတ်ရှည်သည်းခံ စောင့်ဆိုင်းဖို့ဟု ဆိုသည်။ ယင်းကာလ အတွေး အခေါ်ကို စာကြောင်းတကြောင်းတည်းဖြင့် အနှစ်ချုပ်၍ ဆိုနိုင်ပါသည်။ “စီးပွားရေးဖွံ့ဖြိုးမှုသည် ဒီရေ အလားမြင့်တက်လာပြီး လှေအားလုံးကို ဆွဲတင်သွားနိုင်သည်” ဟု ဆိုနိုင်သည်။ အလားတူ အကောင်းဘက်အမြင်ကို ရောဘတ် ဆိုလို (Robert Solow) ၏ ၁၉၅၆ ခုနှစ် သုံးသပ်ချက်တွင်လည်း တွေ့မြင်နိုင်သည်။ သူက စီးပွားရေးစနစ်တခုတွင် “ဖက်ညီသော ဖွံ့ဖြိုးမှု ရရှိနိုင်ရန် လမ်းကြောင်း” အတွက် လိုအပ်သော အခြေအနေများကို သုံးသပ်ထားသည်။ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အနာဂတ်အလားအလာမျဉ်းပေါ်တွင် ရှိနေသည့် ကိန်းရှင်များအားလုံးကို ဖော်ပြသည်။ ထုတ်လုပ်မှု၊ ဝင်ငွေများ၊ အမြတ်များ၊ လုပ်ခလစာများ၊ အရင်းအနှီး၊ ပိုင်ဆိုင်မှုဈေးနှုန်းများ… စသည်တို့ ပါဝင်သည်။ ယင်းတို့က ကြိမ်နှုန်း တပြေးညီ ဖွံ့ဖြိုးလာကြမည်ဟု ဆိုသည်။ ထိုအခါ လူမှုအသိုက်အဝန်းတိုင်းက စီးပွားရေးဖွံ့ဖြိုးမှုမှ တူညီသောယူနစ် ဒီဂရီဖြင့် အကျိုးခံစားရမည် ဖြစ်ပြီး၊ တန်ဖိုးထားမှုများမှ အရေးကြီးသည့် သွေလွဲမှုများ မရှိဘဲ ဖြစ်ပေါ်နိုင်သည်။ 10 ကုဇနက်၏ ဖော်ပြချက်တွင် ရီကားဒိုဝါဒီများ၊ မာ့စ်ဝါဒီများ၏ အိုင်ဒီယာနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သည်။ ၁၉ ရာစုက ဆိုခဲ့သော လူတန်းစား မညီမျှမှု ကြောင်လိမ်လှေခါးသဖွယ် မြင့်၍လာမည်၊ ကမ္ဘာပျက်ကိန်းဆိုက်မည်ဟူသော နမိတ်ဖတ်ဟောပြောချက်များနှင့် လုံးဝ ပကတိဆန့်ကျင်ဖက် ဖြစ်နေတော့သည်။ 

၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များတွင် ရှိခဲ့သည့် ဖွံ့ဖြိုးမှုနှင့် ယနေ့တိုင် တစုံတရာ ခံစားနေရသေးသည့် ဖွံ့ဖြိုးမှုတို့က ကုဇနက်စ်၏ သီအိုရီ မည်မျှဩဇာကြီးခဲ့သည်ကို ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ဤနေရာတွင် အလေးထားပြောလိုသည်မှာ သူ၏ ဖော်ပြချက်သည် ခက်ခဲသော စရင်းအင်းပညာဆိုင်ရာ နည်းနာကို အသုံးပြု၍ ထွက်ပေါ်လာခဲ့သော ပထမဦးဆုံး သီအိုရီ ပင် ဖြစ်ပါသည်။ ၂၀ ရာစု တဝက်ကာလတိုင်အောင် အမှန်ဆိုရလျှင် ၁၉၅၃ ခုနှစ်တွင် ကုဇနက်စ်က အလွန်ဩဇာကြီးမား သော “ဝင်ငွေ အထက်ရှိသောအုပ်စုများ၏ ဝင်ငွေနှင့် စုဆောင်းမှုတွင် ပါဝင်နေသောအချိုး” (Shares of Upper Income Groups in Income and Savings) စာအုပ်ကို ပုံနှိပ်ထုတ်ဝေချိန်အထိ ဝင်ငွေခွဲဝေဖြန့်ဖြူးမှုနှင့် ပတ်သက်၍ သမိုင်းစဉ် အလိုက် စာရင်းအင်းများကို ရရှိနိုင်ခဲ့ခြင်း မရှိပါ။ ကုဇနက်စ်၏ ရေးသားချက်များက နိုင်ငံတခု (အမေရိကန်ပြည်ထောင် စု) အတွက်သာ ဖြစ်ပြီး ၃၅ နှစ်ကြာ ကာလ (၁၉၁၃-၁၉၄၈) ကို စုဆောင်း သုံးသပ်ထားခြင်း ဖြစ်သည်။ မည်သို့ဆိုစေ သူ၏ ရေးသားမှုက တကယ့်အကျိုး ပြုမှု ဖြစ်သည်။ ၁၉ ရာစုက စာရေးသူများ လုံးဝမရရှိနိုင်ခဲ့သော ဒေတာ ရင်းမြစ် ၂ ခုကို စုဆောင်းဖော်ပြနိုင်ခဲ့သည်။ US ဖက်ဒရယ် ဝင်ငွေခွန်မှ ပြန်ရငွေများ (federal income tax returns) [၁၉၁၃ ခုနှစ် ယင်းဌာန ကို ဖန်တီးချိန် မတိုင်မီအထိ ဤစာရင်းများ မရှိခဲ့ပါ]။ ယင်းနှင့် ယင်းနှစ်များမတိုင်မီက ဝင်ငွေအခြေအနေကို ကုဇနက်စ်ကိုယ် တိုင် ခန့်မှန်းခဲ့သော ကိုယ်ပိုင်စရင်းများ ဖြစ်သည်။ သူ၏ ကြိုးပမ်းချက်သည် ရည်မှန်းချက်ကြီးမားလွန်းစွာဖြင့် လူမှု တန်းတူ ညီမျှမှု မရှိခြင်းကို တိုင်းတာနိုင်ရန် ပထမဦးဆုံး ကြိုးပမ်းချက် ဖြစ်တော့သည်။ 11

အရေးတကြီး သဘောပေါက်ထားရန်မှာ ဤသို့အကျိုးပြုသည့် တန်ဖိုးမဖြတ်နိုင်သော ဒေတာအစု မရှိပါဘဲနှင့် လူတန်းစား မညီမျှမှုကို တိုင်းတာနိုင်ရန် မဖြစ်နိုင်ပါ။ ဝင်ငွေ ခွဲဝေဖြန့်ဖြူးမှု သို့မဟုတ် အချိန်နှင့်အမျှ ဖွံ့ဖြိုးလာပုံကိုပါ တွက်ချက်ဖော်ပြ ရန် မဖြစ်နိုင်ပါ။ သေချာသည်မှာ ဗြိတိန်နှင့် ပြင်သစ်တွင် လွန်ခဲ့သည့် ၁၇ ရာစုနှောင်းပိုင်းနှင့် ၁၈ ရာစု အစောပိုင်း ကာလများက အမျိုးသားဝင်ငွေကို ခန့်မှန်းတွက်ချက်ရန် ပထမဦးဆုံး ကြိုးပမ်းခဲ့ကြသည်။  ၁၉ ရာစုတွင်လည်း ဤသို့ကြိုးပမ်းမှု အများ အပြား ရှိခဲ့ပါသည်။ သို့သော် ထိုသူများ၏ ဖော်ပြချက်သည် သီးသန့်ဆန်သည့် ခန့်မှန်းဖော်ပြချက်သာ ဖြစ်သည်။ ၂၀ ရာစု တိုင်အောင် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြားကာလ နှစ်များတွင်လည်း မဖြစ်နိုင်ခဲ့ပါ။ အမျိုးသားဝင်ငွေ ဒေတာနှင့် ပတ်သက်၍ ပထမဦးစွာ နှစ်အလိုက် စရင်းကို အမေရိကန်ပြည်ထောင်စုရှိ စီးပွားရေးပညာရှင် ကုဇနက်စ် နှင့် ဂျွန် ဒဗလျူ ကင်းဒရစ် (John W. Kendrick) ဗြိတိန်တွင် အော်သာ ဘောင်လီ (Arthur Bowley) နှင့် ကော်လင်း ကလာ့ခ် (Colin Clark)၊ ပြင်သစ်တွင် L. Dugé de Bernonville တို့ ကျမှသာ ပြုစုဖော်ထုတ်နိုင်ခဲ့ကြသည်။ ဤသို့သော ဒေတာအမျိုးအစားကြောင့် နိုင်ငံ၏ စုစုပေါင်းဝင်ငွေကို တိုင်းတာလာနိုင်သည်။ အမျိုးသားဝင်ငွေတွင် ဝင်ငွေမြင့်အုပ်စု၏ အချိုးရှယ်ယာ ပါဝင်မှုကို တိုင်း တာနိုင်ရန်အတွက် မိမိတို့က ဝင်ငွေဖော်ပြချက်များလည်း ရရှိရန် လိုအပ်သေးသည်။ နိုင်ငံအချို့တွင် ပထမကမ္ဘာစစ်ကာလ ဝင်ငွေများသူများအပေါ် အခွန်တိုးကောက်သည့်စနစ် (progressive income tax) ကျင့်သုံးသောအခါမှသာ ဤသို့သော ဒေတာများ ရရှိနိုင်ခဲ့သည်။ (အမေရိကန်ပြည်ထောင်စုတွင် ၁၉၁၃ ခုနှစ်၊ ပြင်သစ်တွင် ၁၉၁၄၊ ဗြိတိန်တွင် ၁၉၀၉၊ အိန္ဒိယတွင် ၁၉၂၂ နှင့် အာဂျင်တီးနားတွင် ၁၉၃၂ ခုနှစ်များတွင် စတင်၍ ဆောင်ရွက်ခဲ့ကြသည်။) 12

အထူး သတိပြုရန်မှာ ထိုအချိန်က ဝင်ငွေခွန်များ မရှိသော်လည်း အခွန်ကောက်ခံမှု အခြေခံနှင့် ပတ်သက်၍ စရင်းအင်းအား လုံး ထိုအချိန်က ရှိနေခဲ့သည်။ (ဥပမာအားဖြင့်- ၁၉ ရာစုပြင်သစ်တွင် အုပ်ချုပ်ရေးရုံးများ၌ တံခါးများနှင့် ပြူတင်းပေါက်များ အရေအတွက် ခွဲဝေထားပုံ ရှိနေသည်။ ယင်းတို့ကိုလည်း စိတ်မဝင်စားခဲ့ပေ) သို့သော် ဤဒေတာများက ဝင်ငွေရရှိမှုနှင့် ပတ် သက်၍ မည်သည့်အချက်ကိုမျှ မိမိတို့ကို ပြောပြမနေပါ။ ထို့အပြင် လူတဦး၏ဝင်ငွေကို အခွန်အာဏာပိုင်များထံသို့ ကြေညာ ပေးရန် လိုအပ်ချက်အဖြစ် ဥပဒေပြဌာန်းထားပါသည်။ လူများက သူ၏ပိုင်ဆိုင်မှု ပမာဏမည်မျှရှိနေသည်ကို သတိမမူမိကြပါ။ အလားတူပင် ကော်ပိုရေးရှင်းအခွန်များ နှင့် ဓနဥစ္စာ ပိုင်ဆိုင်မှု အခွန်များလည်း ရှိပါသည်။ အခွန်ကောက်ခံသည် ဆိုသည်မှာ အစိုးရ အသုံးစရိတ်များ၊ စီမံကိန်းများအတွက် နိုင်ငံသားများက ထည့်ဝင်ငွေအဖြစ် လိုအပ်ချက်သာမက၊ အခွန်ဝန်ထုပ်ဝန်ပိုး ကို တတ်နိုင်သမျှ မျှဝေခွဲဝေပေးရန် ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီနည်းကျ ပွင့်လင်းမြင်သာမှုအတွက် လူတန်းစား အဆင့် ခွဲခြားမှုများနှင့် ဗဟုသုတ မြှင့်တင်ရေးလုပ်ငန်းများအတွက်လည်း အသုံးကျပါသည်။ 

မည်သည့်အချိန်မဆို ကုဇနက်စ် စုဆောင်းခဲ့သည့် ဒေတာများက လူတန်းစားအုပ်စု တခုချင်းစီအတွက် အချိုးပါဝင်မှု ဖွံ့ဖြိုးလာ ပုံကို တွက်ချက်ရန် ဖြစ်စေပါသည်။ ထို့အပြင် ဝင်ငွေအမြင့်ဆုံး အုပ်စု၏ ရှယ်ယာအချိုး၊ US အမျိုးသားဝင်ငွေမှ ဝင်ငွေနိမ့်မြင့် အဆင့်များ ခွဲခြားထားပုံကို သိရှိနိုင်ပါသည်။ မည်သည့်အချက်များ သူတွေ့ရှိခဲ့ပါသနည်း။ သူက အမေရိကန်ပြည်ထောင်စုတွင် ၁၉၁၃ ခုနှစ်နှင့် ၁၉၄၈ ခုနှစ်အကြားတွင် ဝင်ငွေ မညီမျှမှု သိသိသာသာ ကျဆင်းလာသည်ကို မှတ်ချက်ပြု ဖော်ပြနိုင်ခဲ့သည်။ ပို၍ တိကျစွာဆိုရလျှင် အစပိုင်းကာလများ၌ ဝင်ငွေအမြင့်ဆုံးအုပ်စု၏ ဝင်ငွေဖြန့်ဖြူးမှု (ယင်းတွင် အမေရိကန်ပြည် ထောင်စု၏ ထိပ်ဆုံးလူ ၁၀ ရာခိုင်နှုန်းပါဝင်သည်) က အမျိုးသား နှစ်စဉ်ဝင်ငွေ၏ ၄၅-၅၀ ရာခိုင်နှုန်း ရှိနေသည်။ ၁၉၄၀ ခုနှစ် များ နှောင်ပိုင်းသို့ ရောက်လာသည့်အခါ ထိပ်သီးဝင်ငွေရှိ အုပ်စု၏ ပါဝင်မှုအချိုးသည် ပျမ်းမျှအားဖြင့် အမျိုးသားဝင်ငွေ၏ ၃၀-၃၅ ရာခိုင်နှုန်းသာ ရှိတော့သည်။ ကျဆင်းလာသည်မှာ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး၊ ထည့်သွင်း စဉ်းစားစရာ ကောင်းသည်။ ဥပမာ အားဖြင့် ယင်းသည် အမေရိကန် အဆင်းရဲဆုံးလူထု ၅၀ ရာခိုင်နှုန်း၏ ဝင်ငွေစုစုပေါင်း တဝက်နှင့် ညီမျှနေခဲ့သည်။ 13 လူတန်း စားမညီမျှမှု ကျဆင်းလာသည်မှာ ရှင်းလင်းနေသည်။ ငြင်း၍မရ။ ဤသတင်းသည် အရေးကြီးသည့် ထည့်သွင်းစဉ်းစားဖွယ် သတင်းဖြစ်သည်။ ဤအချက်သည် စစ်ပြီးကာလ စီးပွားရေးဆွေးနွေး ငြင်းခုန်မှုများတွင်၊ တက္ကသိုလ်ပုရဝုဏ်များ၌ရော နိုင်ငံ တကာအဖွဲ့အစည်းများတွင်ပါ ဧရာမ အကြီးအကျယ် သက်ရောက်မှု ရှိခဲ့သည်။ 

မားသျှူး၊ ရီကာဒို၊ မာ့စ်နှင့် အခြားသောသူများက လူတန်းစားမညီမျှမှုနှင့် ပတ်သက်၍ ဆယ်စုနှစ်များစွာ ရင်းမြစ်ဒေတာများ ကို ကိုးကားနိုင်ခြင်းမရှိဘဲ ပြောဆိုနေခဲ့ကြသည်။ သို့မဟုတ် မည်သည့်နည်းနာ၊ သို့မဟုတ် ငြင်းခုန်ဖွယ်ဖြစ်သော အနုမာန မှန်းဆချက်များအတွက် တခေတ်နှင့်တခေတ် နှိုင်းယှဉ်ကြည့်ရန် အချက်အလက်များ ရှိမနေခဲ့ကြပါ။ ယခုအခါ ပထမဦးဆုံး အကြိမ်အဖြစ် ဓမ္မဓိဌာန်ကျသော ဒေတာများ ရရှိလာပေပြီ။ သတင်း အချက်အလက်များက မပြည့်စုံသော်လည်း ရှိနေသည်က တကယ့်အရည်အသွေး ဖြစ်သည်။ ထိုမျှမက ယင်းစုဆောင်းထားရှိမှုမှာလည်း အလွန် စနစ်ကျနသည်။ ၁၉၅၃ ခုနှစ် ကုဇနက်စ် ပုံနှိပ်ထုတ်ဝေသည့် ထူထဲလေးလံသော စာတွဲတွင် သူ၏ရင်းမြစ်များနှင့် နည်းနာများကို အသေးစိတ် ဖော်ပြထားသည်။ သို့အတွက်ကြောင့် သူ၏တွက်ချက်ပုံတိုင်း တခုချင်းစီကို ပြန်၍ အသုံးချနိုင်သေးသည်။ ထို့အပြင် ကုဇနက်စ်က သတင်းကောင်းတခုလည်း ယူဆောင်လာသေးသည်။ “လူတန်းစား မညီမျှမှုက ကျုံ့၍လာနေပြီ” ဆိုသတည်း။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar