လှကျော်ဇော - ဆံဖြူမယ် ဒီမိုကရေစီ
လှကျော်ဇော - ဆံဖြူမယ်
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၂
နွေဦးတော်လှန်ရေးကို တူမီးသေနတ်နဲ့ စခဲ့ပေမယ့် အခုတော့ ခေတ်မီနည်းပညာတွေ အသုံးပြုပြီး ဒရုန်းတွေ၊ လက်နက်ပစ္စည်းမျိုးစုံတွေ ထုတ်လုပ်နိုင်၊ သုံးစွဲနိုင်၊ တိုက်ပွဲတွေ ဝင်လာနိုင်တာတွေ တွေ့လာရနေပါပြီ။
သိကြားမင်းကို သူတောင်းစားက စစ်ခင်းရသလို ဖြစ်နေတဲ့ ဒီနွေဦးတော်လှန်ရေးမှာ ပြည်သူတော်လှန်ရေးသမားများအနေနဲ့ တဖက်ကလည်း ဒီဖောက်ပြန်တဲ့ စစ်တပ် အင်အားစုတွေကို အဓိက စစ်ရေးနဲ့ တုံ့ ပြန်တိုက်ခိုက်နေရသလို တဖက်မှာလည်း ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု အဆက်မပြတ် ရရှိရေးအတွက် တခြားနည်းလမ်းပေါင်းစုံနဲ့ စည်းရုံးရေးလုပ်ငန်းလုပ်ဖို့ လိုပါတယ်။ တနိုင်တပိုင်ကစလို့ တဖြည်းဖြည်း တခွင်တပြင်ဖြစ်လာအောင် လုပ်ရမှာပါ။ တချို့ဒေသလေးတွေမှာ လုပ်နိုင်သလောက် လုပ်ပေးနေတာလေးတွေ (ဒေသခံ ကလေးများ ပညာရေး၊ ကျန်းမာရေး စတာများအပြင် လယ်ယာလုပ်ငန်းများမှာဝင်ကူညီနေတာမျိုး) တွေ့ရတာ ကြည်နူးစရာပါ။ လူထုကလည်း ကျေနပ်ပုံရပါတယ်။
ဒါ့ကြောင့်ပဲ ထင်ပါရဲ့။ တနေ့က စစ်ရှောင်အမျိုးသမီးတဦးက "ကျမတို့အတွက် ဘာမှမလိုဘူး။တောထဲမှာ လှည့်ပတ်ရှောင်တိမ်းပြီး ရရာ သစ်သီးသစ်ရွက် ရှာစားနိုင်တယ်။ ဖြစ်သလို တဲထိုးနေမယ်။ ဒီဖက်ဆစ်တပ် အမြစ်ပြတ်မှ ဖြစ်မှာ။ အဲဒီစစ်တပ်ကို တိုက်နေတဲ့ ကလေးတွေကိုသာ တတ်နိုင်သမျှ လှူဒါန်းကြပါ"လို့ ပြောသွားတာ ကြားရပါတယ်။ ပြည်သူတွေရဲ့ ဘ၀က ပေးတဲ့ အသိပဲ။ သိပ်အဖိုးတန်ပါတယ်။
ဒီတော့ ကျန် မျိုးချစ်ပြည်ချစ် နိုင်ငံရေးသမားများကလည်း ကိုယ် နိုင်တဲ့တာဝန် ၀င်ထမ်းကြရမှာပေါ့။ ဒီတခေါက် တော်လှန်ရေးကာလမှာ ဘယ်တုန်းကမှ မတူတဲ့ အချက်တွေ တွေ့ရတယ်။ ဥပမာ အနုပညာသည်တွေ အများအပြား ပါဝင်လာမှုပါ။
အရင်ကာလတွေတုန်းကလည်း အနည်းအပါး ပါဝင်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီတခါကတော့ စံချိန်တင်လောက်ပါတယ်။အရင့်အရင်က ပါဝင်ပြီး ငြိမ်နေသူများကလည်း အခု ပြန်လည်လှုပ်ရှားလာတာတွေ တွေ့ရတာ အားတက်စရာပါ။
အနုပညာရပ်ဟာ လူသားတွေရဲ့ စိတ်ဓာတ်ခွန်အားတွေကို မထင်မှတ်နိုင်လောက်တဲ့ အတိုင်းအတာအထိ တိုးမြှင့်ပေးနိုင်ရုံမက ယုံကြည်ချက်တခုတည်းအောက်၊ သို့မဟုတ် အလံတခုတည်းအောက်ကို စုစည်းပေးနိုင်တဲ့အထိ တန်ခိုးသြဇာကြီးမားတာတွေ ကိုအောင်ပွဲရခဲ့တဲ့ တော်လှန်ရေး ဖြစ်စဉ်တွေမှာ တွေ့ရတတ်ပါတယ်။
ဥပမာအားဖြင့် တရုတ်တော်လှန်ရေးအတွင်းက ကပြဖြေဖျော်ဖူးတဲ့ ဆံဖြူမယ်ပြဇာတ် အကြောင်းလေး ပြောပြချင်ပါတယ်။
တကယ့်အဖြစ်အပျက်တရပ်ကို အခြေခံပြီး တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ တရုတ်တော်လှန်ရေးအတွင်း ဝါဒဖြန့်ချိရေးအဖွဲ့က တင်ဆက်ကပြခဲ့တဲ့ အော်ပရာဆန်ဆန် ပြဇာတ်လေးများထဲက တခုအကြောင်းပါ။
ကျေးလက်ရွာတရွာက မြေရှင်ကြီးတဦးဟာ အဲဒီရွာနီးချုပ်စပ်မှာရှိတဲ့ မြေယာအားလုံး ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ မြေရှင်ကြီး ကိုယ်စားပြုတဲ့ ပဒေသရာဇ်စနစ်ရဲ့အောက်က လယ်သမားအများစုကြီးရဲ့ ဆင်းရဲနုံချာလှတဲ့ ဘ၀ကို ဖော်ကျူးရာမှာ လယ်ကျွန်မိသားစုတစုရဲ့ဘ၀ကို တင်ဆက်ထားတာပါ။
လယ်ကျွန်ကြီးဟာ မြေရှင်အပေါ် တင်နေတဲ့ အကြွေးတွေကို မဆပ်နိုင်တော့ သမီးလေးကို မြေရှင်ဆီ ထိုးအပ်လိုက်ရပါတယ်။ ဒီကလေးမလေးက မြေရှင်ကြီးရဲ့ အိမ်အတွင်း နေခဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ဒုက္ခအထွေထွေကို မခံနိုင်တဲ့တဲ့ အဆုံး အဲဒီအိမ်ကြီးကနေထွက်ပြေးပြီးတောထဲရောက်သွားပါတယ်။ ရွာသားတွေက ရှာမရတဲ့အဆုံး အဲဒီကလေးမလေး သေဆုံးသွားပြီလို့ သဘောထားလိုက်ပါတယ်။
ကလေးမလေးက မသေပါဘူး။
တောထဲမှာ သစ်ဥသစ်ဖုတွေ ရှာစား ရွာအပြင်နား ရှိတဲ့ နတ်ကွန်းတွေမှာ ရွာသားတွေ လာပူဇော်ပသထားတဲ့ အစားအစာတွေစား၊ တောနက်ထဲ သစ်ပင်ပေါ် လင့်ထိုးပြီးနေတဲ့အခါနေ ကျောက်ဂူထဲ နေတဲ့အခါနေ ဒီလိုနဲ့ ရှင်သန်နေခဲ့ရတာပါ။ ကာလတပိုင်းရှိတော့ သူ့ဆံပင်တွေ အကုန်ဖြူသွားပါတယ်။ ရွာသားတချို့က နတ်ကွန်းမှာ ညတွေမှာ ဆံပင်ဖြူနဲ့ သရဲလာခြောက်တယ်လို့ အယူရှိလာပါတယ်။ ဒါနဲ့ ဒီရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်က ရောက်လာတဲ့အခါ ဒီသတင်းကို ကြားရတော့ အဲဒီသရဲကို ဖမ်းဖို့ စီစဉ်ကြပါတယ်။
ဒီမှာတင် ဆံဖြူမယ်လေးကို ဖမ်းမိလိုက်ပါတော့တယ်။
အဲဒီဆံဖြူမယ်လေးကို တရွာလုံးရှေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေက စစ်ဆေးမေးမြန်းတဲ့အခန်းဟာ ဇာတ်ရဲ့အထွတ်အထိပ်ပါ။
မြေရှင်ကြီး အိမ်ပေါ်မှာ နှိပ်စက်မှုပေါင်းစုံ ကို ဆံဖြူမယ်လေးက မျက်ရည်တသွင်သွင်ကျပြီး အသေးစိတ် ပြောပြတာပါ။
(အဲဒီအခန်းတွေ ဘယ်လောက် ပီပြင်လဲ ဆိုတော့ ပြဇာတ်လာကြည့်တဲ့ တပ်သားတဦးက မြေရှင်ကြီးကို သေနတ်နဲ့ ထပစ်ပါတော့တယ်။ တော်ပါသေးရဲ့။ ဇာတ်ထဲက မြေရှင်ကြီး မထိပေလို့၊ အဲဒီကစလို့ ဇာတ်ပွဲလာကြည့်သူတွေ လက်နက်ယူမလာရ ဆိုတဲ့ စည်းကမ်းထုတ်လိုက်ရသတဲ့။)
ပြဇာတ်အကြောင်းဆက်ရရင် အဲဒီနောက်ဆုံးအခန်းမှာ နိုင်ငံရေးမှူးက တရားဟောပါတယ်။ ဒီမြေရှင်ကြီးလို လူမျိုးတွေ (ပဒေသရာဇ်စနစ်) ပျောက်ကွယ်သွားဖို့ တို့ ပြည်သူံလွတ်မြောက်ရေးတပ်မတော်ကြီးက တိုက်ထုတ်နေပါတယ်။ ဒါ့ကြောင့် တို့အားလုံး လွတ်မြောက်ဖို့ ဒီတပ်ထဲ ဝင်ကြဖို့၊ ဒီတပ်ကိုနည်းသဏ္ဌာန်ပေါင်းစုံနဲ့ ထောက်ခံအားပေးဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတော့တယ်။
ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။ ဒီလို ကျေးလက်တောရွာက အဖြစ်အပျက်လေးတွေကို လူတွေရဲ့ ရင်ထဲ ထိသွားအောင် လုပ်ဆောင်ပေးနိုင်လို့ ကျေးလက်လူထုရဲ့ ထောက်ခံမှုကြောင့် (ကျေးရွာလူဦးရေ ၈၀ ရာခိုင်နှုန်းရှိတဲ့) တရုတ်တော်လှန်ရေးကြီး အောင်မြင်လိုက်နိုင်တာပါ။
ဓားသွားထက် ကလောင်သွားထက် ဆိုစကားရှိမဟုတ်လား။
ဒါကြောင့် နွေဦးတော်လှန်ရေးအတွင်းက တော်လှန်ရေးသမားများ အားလုံးအနေနဲ့ အဲဒီဥပမာလေးအတိုင်း သီချင်းရေးနိုင်သူက သီချင်းရေး၊ ကဗျာရေးနိုင်သူက ကဗျာရေး၊ ဗွီဒီယိုဇာတ်လမ်းလေးတွေ လုပ်နိုင်သူကလုပ်နဲ့ ပြည်သူ့တွေကို စည်းရုံးရေးလှုံ့ဆော်ပြီး၊ မိမိနိုင်ရာနိုင်ရာအပိုင်းများကနေ တော်လှန်ရေးကြီး အကျိုးရှိရာရှိကြောင်း ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
လှကျော်ဇော
၂၇-၉-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar