ကော့ကရိတ်မြို့ သိမ်းတိုက်ပွဲ နောက်ဆက်တွဲသတင်း ၊ FATF ရဲ့ နောက်ဆက်တွဲဂယက်
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၂ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၂
ကော့ကရိတ်မြို့ သိမ်းတိုက်ပွဲ နောက်ဆက်တွဲသတင်း ၊ FATF ရဲ့ နောက်ဆက်တွဲဂယက်
“ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ စတင်ပြီ” လို့ သတင်းဌာနကြီးတခုက ရေးသားလိုက်တဲ့ ခေါင်းစဥ်က သတင်းဖတ်ရသူ၊ နားထောင်ရသူအဖို့ စိတ်အားတက်ကြွစရာ ကောင်းပြီး စစ်ကောင်စီ ဖြုတ်ချရေး လက်နက်ကိုင် တိုက်ပွဲက နောက်တဆင့်ကို ရောက်ရှိသွားပြီး မြို့တွေကို သိမ်းယူနိုင်တော့မယ့် စိတ်အားတက်ကြွမှုမျိုး ဖြစ်ပေါ်စေတဲ့ အနေအထားတွေ့ရပါတယ်။
သို့ပေမဲ့ နောက် ၂၄ နာရီလောက်အကြာမှာတော့ သတင်းတွေက ကေအန်ယူ လက်အောက်ခံတပ်ရင်းတွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ကော့ကရိတ်မြို့ကနေ ပြန်ဆုတ်ခွာသွားကြပြီလို့ ဖော်ပြထားကြတာ တွေ့ရပါတယ်။ ကော့ကရိတ်မြို့က ရဲစခန်းနဲ့ ရုံးအချို့ကို တိုက်ခိုက်နိုင်ခဲ့တာ၊ စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းကို တိုက်ခိုက်နိုင်ခဲ့တာက စိတ်အားတက်ကြွစရာ ဖြစ်ပေမယ့် တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ငယ် လက်နက်ကြီးပစ်ခတ်မှုတွေကြားထဲ အရပ်သား ထိခိုက်သေဆုံးမှု၊ မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်ကြရတာတွေက မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပါလိမ့်မယ်။
အခုကိစ္စမှာ KNU/KNLA က တိုက်ရိုက်ပါဝင်တာလား သို့မဟုတ် ယခင် DKBA ဖြစ်ခဲ့တဲ့ နောက်ပိုင်း ကလိုထူးဘော အဖွဲ့လို့ နာမည်ပေးထားတဲ့ ဗိုလ်ကျော်သက်၊ ဗိုလ်စလုံးတို့ နဲ့ ကျားဖြူတပ်ရင်းလို့ ခေါ်ဆိုတဲ့ တပ်ရင်းတွေက ၄င်းတို့ဆုံးဖြတ်ချက်နဲ့ ၄င်းတို့တိုက်ခိုက်ကြတာလားဆိုတာ ရှင်းရှင်းလင်းလင်းတော့မရှိသေးပါဘူး။
ကော့ကရိတ်မြို့ကို မသိမ်းခင် ရက်ပိုင်းကတည်းက တိုက်ပွဲဖြစ်နေတဲ့ မြဝတီကော့ကရိတ် အာရှလမ်းပိုင်း ပိတ်ဆို့နေတာလည်း ယမန်နေ့က ပြန်လည်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ ကော့ကရိတ်၊ မြဝတီ တိုက်ပွဲသတင်းတွေက နိုင်ငံရေး၊ စစ်ရေးအရ သက်ရောက်မှုရှိတာတင်မကပဲ ကုန်သွယ်ရေးကိုပါ သက်ရောက်မှုရှိတာကြောင့် အခြားသောနယ်တွေက တိုက်ပွဲသတင်းတွေထက် ပိုပြီး အာရုံစိုက်မှုကို ရရှိနေပြီး တခြားဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲသတင်းတွေ ၊ ဖမ်းဆီးခံရတဲ့ သတင်း၊ သတ်ဖြတ်ခံရတဲ့ သတင်းတွေကို လွှမ်းမိုးသွားတာလည်း တွေ့ရမှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းက ကျေးရွာတွေမှာလည်း ခုရက်တွေမှာ စစ်ကြောင်းထိုးလို့ လူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ပွားနေပြီး ကရင်ပြည်နယ်က တိုက်ပွဲတွေလောက်တော့ အာရုံစိုက်မှု မခံကြရတဲ့ သဘောတွေ့ရတာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းတပုဒ်ကတော့ FATF လို့ အတိုကောက် ခေါ်ဆိုတဲ့ နိုင်ငံတကာ ငွေကြေးခဝါချမှုနဲ့တွေနဲ့ ပတ်သက်တဲ့ စောင့်ကြည့်လုပ်ဆောင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းက မြန်မာနိုင်ငံကို အမည်ပျက်စာရင်းထဲ ထည့်လိုက်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရဲ့ ကြောင့် စျေးကွက်မှာ သွေးလန့်မှု ဂယက်အချို့ တွေ့ရပြီး ပြည်ပက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေ တက်ကြတာမျိုးတချို့တွေ့နေရတာ ဖြစ်ပါတယ်။ စားအုန်းဆီစျေးနှုန်း တက်သွားတဲ့ သတင်း၊ စျေးကွက်ထဲက အချို့သော ကုန်ပစ္စည်းတွေ မရောင်းဘဲ ခေတ္တဆိုင်းငံ့ထားတာမျိုးတွေ ရှိပေမယ့် သြဂုတ်လထဲကလိုတော့ ငွေလဲနှုန်းတွေ ကုန်စျေးနှုန်းတွေ လျင်မြန်စွာတက်တာမျိုး မတွေ့ရသေးပါဘူး။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ FATFက ညွှန်ကြားတဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်နေတာဖြစ်လို့ အလွန်အမင်း မစိုးရိမ်ဖို့ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့တာလည်းတွေ့ရပါတယ်။ ခုလို အနေအထားမျိုး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ အတွင်း ကျရောက်ခဲ့တာလည်း ဖြစ်လို့ အဲဒီကာလကလည်း ပြည်ပကုန်သွယ်မှုတွေ စီးပွားရေး လုပ်ဆောင်မှုတွေကို ထိခိုက်မှု ဆိုးဆိုးရွားရွားမရှိဘဲ လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ နှိုင်းယှဥ်ပြောဆိုကြပါတယ်။
အခုအခြေအနေက ၂၀၁၁-၂၀၁၆ နောက်ခံအခြေအနေနဲ့တော့ မတူတာလည်း မေ့လို့မဖြစ်ပါဘူး။ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေ ၊ လက်နက်ကိုင် ပဋိပက္ခတွေ တနိုင်ငံလုံးအနှံ့အပြား ဖြစ်ပွားနေတဲ့အခြေအနေ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်မှုတွေ ၊ လက်နက်မှောင်ခို အရောင်းအဝယ်တွေကို မထိန်းချုပ်နိုင်ဘဲ တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေချိန် ဖြစ်လို့ FATF ရဲ့ အကြံပြုချက်၊ သတိပေးမှုတွေကို တုံ့ပြန်လုပ်ဆောင်ဖို့ အခက်အခဲအများကြီးရှိနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar