Breaking News

မောင်တူး - လေမလာကြာတိုင်းကောင်း ရွေးကောက်ပွဲနဲ့ အချိန်ဆွဲကြောင်း

လေမလာကြာတိုင်းကောင်း ရွေးကောက်ပွဲနဲ့ အချိန်ဆွဲကြောင်း
မောင်တူး
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၂

စားလိုက်မယ်တဲ့ လှေသူကြီးဆန်
အိပ်လိုက်မယ်ကွဲ့ ဖင်ကြီးလှန်
လေမလာ ကြာတိုင်းကောင်း
လှေသူကြီးကို လှေသားထောင်း ။ ။

*(ရေကြောင်းသွားလာရွက်နာဝါ) ဆောင်းပါးမှ . . . . .

ငယ်စဉ် ကျောင်းသင်ရိုး အထက်တန်း မြန်မာစာ စကားပြေ လက်ရွေးစဉ် ဖတ်စာထဲက ရေကြောင်းသွားလာ ကုန်သွယ်ကူးသန်းတဲ့အကြောင်း ဆရာက သင်ချိန်မှာ ရွတ်ဖတ်ခဲ့ရတဲ့ ကဗျာစာချိုးလေးပါ။ ရှေးက စက်လှေတွေ ပဲ့ထောင်တွေ မပေါ်သေးတဲ့ခေတ်။ ရွက်လှေတွေကိုသာ အားကိုးကြရတယ်။ အညာနဲ့ အောက်ပြည် ရွက်လှေတွေနဲ့သာ ကုန်စည်တွေသယ်ကြရတယ်။ လှေတွေမှာ လှေထိုးသား (လူငှား) တွေရှိကြတယ်။ “လေ” လာမှ ခရီးထွက်ရတဲ့ကုန်တင်လှေကြီးတွေဟာ တိုက်လေမရှိတဲ့အခါ ခရီးမထွက်ရပဲ ဖြစ်ရတယ်။ ဒါမှမဟုတ် မိမိ သွားလိုရာဖက် ‌လေမတိုက်ခတ်ရင်လဲ လှေကျောက်ချပြီး နားနေရတာပါပဲ။ လေမလာတာကြာတော့ အိပ်လိုက် စားလိုက်နဲ့ လှေသားတွေက ဟန်ကြသပေါ့။ လှေသူကြီးမှာတော့ အားလုံးကို ချက်ကြွေးနေရတော့ စားရိတ် ထောင်းတာပေါ့။
ကုန်တွေလဲ ပုပ်တာပုပ် ဆုံးရှုံးရတတ်ပါတယ်။ လေမလာတာ ကြာလေ လှေသားတွေဟန်ကျလေ လှေသူကြီးက ခံရလေပါပဲ။ လှေသူကြီးကို လှေသားထောင်းပေါ့။

ဖက်ဒရယ်ဒီမိုကရေစီပေးပါ့မယ်ဆိုပြီး ကြွေးရှင်ကိုအချိန်ဆွဲနည်းမျိုးလား

အခုလဲ မြန်မာပြည်သူလူထုက ဖက်ဒရယ်ဒီမိုကရေစီ လိုချင်တယ်။ ၈၈၈၈ မှာ ဆန္ဒပြတယ်။ စစ်အာဏာရှင်က ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီး အာဏာသိမ်းတယ်။ ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်ရွေးကောက်ပွဲမှာ တခဲနက်မဲပေးကြတဲ့ ပြည်သူလူထုဖက်က NLD နိုင်တော့ အာဏာလွှဲမပေးဘူး။
အချိန်ဆွဲတယ်။ ဗိုလ်စောမောင်က ဘားတိုက်ပြန်မယ် ပြောထားပြီးကာမှ ရွေးကောက်ပွဲမှာရှုံးတော့မှ စောမောင်ကို ရူးကြောင်ကြောင်ဖြစ်အောင် လုပ်ပြီး ရာထူးကနေထုတ်ပယ်လိုက်တယ်။ နဝတ ဥက္ကဋ္ဌဗိုလ်သန်းရွှေက ဖွဲ့စည်းပုံဆွဲဖို့လိုသေးတယ်ဆိုပြီး အချိန်ထပ်ဆွဲပြန်တယ်။ ၁၉၉၀ ရွေး ကောက်ပွဲနိုင်ကိုယ်စားလှယ်တွေ ဒီနေ့အထိ လွှတ်တော်မတက်ရသေးဘူး။ ၃၃ နှစ်ကြာတဲ့အထိ လွှတ်တော်မတက်ရသေးဘူး။ ၁၉၉၀ ပြည်သူ့ဆန္ဒတွေ အဟောသိကံ ဖြစ်သွားတယ်။ ဖမ်း သတ် ခြိမ်းချောက် မက်လုံးပေး ချော့တဲ့နည်းတွေနဲ့ စစ်တပ်က အာဏာကိုကိုင်ထားလိုက်တာ။ အချိန်ဆွဲထားလိုက်တာပေါ့။
၃၃ နှစ်နော်။ အချိန်ဆွဲထားတာ။ ဒါကို အခု နောက်ထပ် ၂၀၂၃ ရွေး ကောက်ပွဲထပ်လုပ်ဖို့ ပြင်နေပြန်ပြီ။
ထပ်အချိန်ဆွဲဦးမှာနော်။ သတိထားကြ။ သတိကြီးကြီးထားကြ။ " လေမလာ ကြာ တိုင်းကောင်းရွေးကောက်ပွဲနဲ့အချိန်ဆွဲကြောင်း " ဆိုတာကို ပြည်တွင်း ပြည်ပ ပြည်သူလူထု အားလုံးသိနေကြပါတယ်။ ထပ်သိအောင်လဲ ထပ်ပြောလိုက်ပါရဲ့။

၂၀၂၀ရွေးကောက်ပွဲအာဏာမလွှဲပဲနောက်တပွဲထပ်လုပ်မဲ့အကြံ

အခုလည်း ကြည့်ဦး။ ၂၀၂၀ နိုဝင်ဘာ ၈ ရက် NLD ၈၄ ရာခိုင်နှုန်းနိုင်ခဲ့တဲ့ ရွေးကောက်ပွဲဟာ ၂ နှစ်ပြည့်ပြီ။
စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို မလေးစားပဲ အာဏာသိမ်းခဲ့တာလည်း ၂ နှစ် ပြည့်တော့မယ်။

ကြွေးဟောင်းမဆပ်၊ မြီသစ်ထပ်ယူ၊
လိမ်တတ်သူအား၊ သတိထားလော့

ပေးထားကတိ၊ ကြီးမားဘိလည်း
မရှိသိက္ခာ၊ ညာ ညာ နေသူအား
မယုံစားနှင့်၊ ချင့်ချိန်သင့်ပြီမဟုတ်လော။ ။

၁၉၉၀ ခုနှစ် မေလ ၂၇ ရက် ရွေးကောက်ပွဲ NLD အပြတ်အသတ်နိုင်ခဲ့တာကို အာဏာလွှဲမပေးဘူးနော်။
အခုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ NLD အပြတ် အသတ်နိုင်တာကိုလဲ ထပ်ပြီးအာဏာလွှဲမပေးပြန်ဘူး။ ပူပူ နွေးနွေး ကြီးပဲ ရှိသေးတယ်။ နောက်ထပ်လည်း ၂၀၂၃ ဩဂုတ် ၁ ရက်ရွေးကောက်ပွဲ ထပ်လုပ်ဦးမယ်တဲ့။ လာပြန်ပြီ။ နိုင်သူကိုလွှဲပေးမယ်တဲ့။ ပြောနေပြန်ပြီ။ မိအေး နှစ်ခါနာမက တကြိမ် ၂ ကြိမ် ၃ ကြိမ်မြောက်အောင် အလိမ်ခံရမယ် ဆိုရင်တော့ လိမ်တဲ့သူအပြစ်မဟုတ်တော့ဘူးနော်။ သိသိကြီးနဲ့ လိမ်တာကို ယုံနေသူအပြစ်ပဲမဟုတ်လား။
အတိုင်းတိုင်းအပြည်ပြည်က ကြားလို့မှမကောင်း မိအေး ၃ ခါနာ ဖြစ်သွားဦးမယ်ဗျို့။ ရိုးရိုးလိမ်ရင် တော်သေးတယ်။ အခုဟာက လိမ် လိမ်ပြီးအချိန် ဆွဲနေတာ။ နှစ် ၃၀ ကျော်ပြီနော်။ ၃၃ နှစ်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရွေးကောက်ပွဲပြင်ဆင်မှု

အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက် ကျင်းပမယ်လို့ စစ်တပ်ကတော့ ပြောနေတာပါ။
ဒီရွေးကောက်ပွဲလုပ်ဖြစ်ရင် အရင်ကမဲပေးစနစ်ဖြစ်တဲ့ " အနိုင်ရသူ အကုန်ယူစနစ်" ကို အသုံးမပြုဘဲ 
" အချိုးကျ ကိုယ်စားပြုစနစ်" PR ကို အသုံးပြုမယ်လို့ ကြေညာထားပါတယ်။ တကယ်တော့ ဒီရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပမဲ့ ရွေးကောက်ပွဲပါ။

အာဏာသိမ်းပြီးကတည်းက စစ်တပ်က တိုင်းပြည်ကို အရေးပေါ်အခြေ အနေနဲ့ အုပ်ချုပ်ခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂ နှစ်တာအမြင့်ဆုံးကာလကို အုပ်ချုပ်ခဲ့တဲ့သဘောပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေပြီးဆုံးချိန်ကနေ နောက်ထပ် ၆ လထက် နောက်မကျစေဘဲ ရွေးကောက်ပွဲကို ကျင်းပဖို့ လိုအပ်ပြီးအာဏာသိမ်းပြီးနောက် ၂ နှစ် ၆ လ အကြာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ရွေးကောက်ပွဲလုပ်မယ်လို့စစ်တပ်က ပြောထားပါတယ်။ ရွေးကောက်ပွဲကနေ စစ်တပ်ဟာ သူ့ရဲ့သက်တမ်းတိုးအုပ်ချုပ်မှုအတွက်တရားဝင်မှုကို ရှာဖွေဖို့ မျှော်လင့်ထားတာကြောင့် လွတ် လပ်ပြီး တရားမျှတမှု မရှိတဲ့ (မရှိတဲ့) ရွေးကောက်ပွဲ ဖြစ်ဖို့ များနေပါတယ်။ အခုဆိုရင် ထပ်လုပ်မဲ့ရွေးကောက်ပွဲကို မယုံကြောင်းဆန့်ကျ င်ကြောင်း မြန်မာပြည်အတွင်း ဆန္ဒတွေပြနေကြပါပြီ။ ဒီစာကိုတောင် ဆန္ဒပြပွဲတွေနေ့တိုင်း လုပ်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်က စခရွေးကောက် ပွဲဆန့်ကျင်ကြောင်း စခ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကနီနယ်သား ဦးသိန်းစိုးကို ရှုတ်ချကြောင်း ဆန္ဒပြသပိတ်ပွဲ DVB TV သတင်းလုပ်ရင်းက အချိန်လု အပြေးအလွှားရေးလိုက်ရတာပါ့။

ဆရာတင်မိုး ဘောလုံးပွဲကဗျာ သို့မဟုတ် ရွေးကောက်ပွဲနဲ့ အချိန်ဆွဲပုံ

မြန်မာ့သမိုင်းမှာ ၁၉၉၀ ရွေးကောက်ပွဲကို လိမ်လည် အချိန်ဆွဲ ကျင်းပပြီး မဲနိုင် NLD ပါတီကို အာဏာလွဲမပေးခဲ့တာကို ကဗျာတပုဒ်ရေးပြီး ဖော် ထုတ်ပေးခဲ့ပါတယ်။ ကဗျာဆရာကြီး တင်မိုး (၁၉ နိုဝင်ဘာ ၁၉၃၃ – ၂၂ ဇန်နဝါရီ ၂၀ဝ၇) ပါ။ ၁၉၉၅ နိုဝင်ဘာ ၃၀ မန္တလေး ဆွံ့အနားမကြားကျောင်း ရန်ပုံငွေစာပေဟောပြောပွဲမှာ ဆရာတင်မိုး ရွတ်ဆိုတဲ့ “ဘောလုံးပွဲ” ကဗျာပါ။ ဖေဖော်ဝါရီလမှာ စစ်အစိုးရရဲ့ဖမ်းထားရာမှ လွတ်လာပြီး ပထမအကြိမ်ဟောပြောပွဲတက်ခြင်း ဖြစ်ပါတယ်။ သူက ရွေးကောက်ပွဲကို ဘောလုံးပွဲနဲ့ နှိုင်းပြီး ပထမရတဲ့ အသင်းက ဒိုင်းဆု ဖလားမရသေးတဲ့အကြောင်း ခိုင်းနှိုင်းကာရန်လေးတွေနဲ့ ရေးသွားခဲ့တာပါ။ ၂၀၂၀ ရွေး ကောက်ပွဲအတွက်လည်း ဒီ သမိုင်းတွင်ကဗျာက အကျုံးဝင်နေဦးမှာပေါ့။ နောက်ပြီး စစ်တပ်က လုပ်ချင်နေတဲ့ လာမဲ့ ၂၀၂၃ ရွေးကောက်ပွဲ ကိုရော ပြည်သူတွေက ဘာလုပ်သင့်သလဲ။ ဆန့်ကျင်သင့်မသင့်ကို ဒီ " ဘောလုံးပွဲ" ကဗျာ ဖတ်ပြီးရင် သိလာပါလိမ့်မယ်ဗျာ။

ဘောလုံးပွဲ 
(တင်မိုး)

ဘောလုံးပွဲကား
သဲသဲရုတ်ရုတ်၊ ခရာတုတ်လျက်
မိုးချုပ်ချိန်မှာ ပွဲသိမ်းပြီ။
နိုင်သည့်အသင်း၊ ကွင်းထဲဆင်း၍
ကွင်းကိုလှည့်ပတ်၊ ပရိသတ်ကို

ဦးညွတ် အလေးပြု ပြီးပြီ။
အဖွဲ့ချုပ်က၊ ဥက္ကဋ္ဌလဲ
ရှေ့ကဒိုင်းကြီး၊ ပွဲအပြီးတွင်
လက်ခုပ်တီးသံ၊ တညံညံနဲ့
နိုင်သူ့ထံသို့ အပ်ရန်သာ။
သန်းခေါင်တိုင်လဲ၊ အောင်နိုင်သောဆု
မ အပ် သေး။
ပရိသတ်ကား၊ မတ်တပ်ရပ်၍
စောင့် ကြ ဆဲ။
ဒိုင်နှိပ်စက်၍
ကြွက်တက်သူတက်၊ အိပ်ပျက်သူပျက်
စိတ်ညစ်သူညစ်၊ လစ်သူလစ်ပြီ
မ ဖြစ် ဖူးမြဲ ဘောလုံးပွဲ
အံ့ ဖွယ် သ ရဲ စံ ပါ ပဲ ။ ။

မောင်တူး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar