Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၂ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

ဇယား ၁၊ ၁။ GDP အဆင့်များ (၁၉၂၁-၁၉၂၇)

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၂ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၂


အမေရိကန်ပြည်ထောင်စု၊ ဩစတြေလျ၊ ကနေဒါ၊ နယ်သာလန်၊ ဆွီဒင်နှင့် ယူကေတို့တွင် လျင်မြန်စွာ စီးပွားတိုးတက်မှု ဖြစ် နေသည်ကို ဇယား ၁၊ ၁ တွင် ဖော်ပြထားပါသည်။ 

၂-နှစ်အကြာတွင် စီးပွားပျက်ကပ်ကြီးက ဂရိတ်ဗြိတိန်နှင့် ဥရောပတိုက်တခွင်ကို အင်အားအပြည့်ဖြင့် ရိုက်ခတ်သည်။ ၁၉၃၁ ခုနှစ် ဆောင်းဦးရာသီတွင် ဩစတြီးယား၏ အကြီးဆုံးဘဏ် Creditanstalt ပြိုလဲသွားသည်။ ဤသို့ဖြင့် ငွေကြေးအကျပ် အတည်းကြီး စတင်ခဲ့သည်။ လန်ဒန်ဘဏ်များတွင် ငွေထည့်သွင်းထားကြသူ ဥရောပတိုက်မှ ရင်းနှီးမြှုပ်နှံသူများက သူတို့၏ စတာလင် ထည့်သွင်းထားငွေများကို အလန့်တကြား ပြန်ထုတ်ယူကြသည်။ ငွေဖော်ဖို့ ကြိုးပမ်းကြသည်။ ပေါင်ငွေတန်ဖိုး ကျ ဆင်းသွားသည်။ ၁၉၂၅ ခုနှစ်တွင်ကမှ ရွှေစံတန်ဖိုးသတ်မှတ်ချက် ပြန်ထားသော ဗြိတိန်အဖို့ ပေါင်ငွေ- ရွှေလဲလှယ်နိုင်သည့် အခြေအနေ ၁၉၃၁ ခုနှစ် စက်တင်ဘာလတွင် ဆုံးရှုံးလက်လျှော့လိုက်ရတော့သည်။ ပင်မရေစီး စီးပွားရေးပညာက ယခု အကျပ်အတည်းကို လုံလောက်စွာ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပါ။ ယင်းအစား သမားရိုးကျ စီးပွားရေးကုထုံးများဖြင့် ကုသကြရာ အကျပ်အတည်း ပို၍ဆိုးရွား နက်ရှိုင်းလာသည်။ ဘဏ်များ ပြိုကျသည်။ လူများက ရွှေဖက်လှည့်ပြောင်းကြရာ နိုင်ငံ၏ ငွေကြေး ထောက်ပံ့နိုင်မှု ကျဆင်းလာသည်။ မာ့စ်ဝါဒီအများက ယခုစီးပွားပျက်ကပ်ကို အရင်းရှင်စနစ်၏ နောက်ဆုံး အကျပ် အတည်း (ကျဆုံးခန်း) ဟု မြင်ကြသည်။ နောက်ပိုင်းတွင် မာ့စ်က “ကွန်မြူနစ်ကြေညာစာတမ်း” ကို ရေးသားတော့သည်။ ယင်းသို့ စီးပွားရေးအကျပ်အတည်းများသည် ပုံမှန်အားဖြင့် ပြန်၍လာနေမည်၊ သို့ဖြစ်ရာ ဓနရှင်ဘူဇွာလူမှုအသိုင်းအဝိုင်း တည် ရှိနေမှုကပင် စမ်းသပ်ခံနေရသကဲ့သို့ ရှိနေတော့သည်ဟု ဆိုခဲ့သည်။ စီးပွားပျက်ကပ်ကြီး အကြောင်းနှင့်ပတ်သက်၍ ကျွမ်းကျင်ပညာရှင် နှင့် ယခင် FED ၏ ဥက္ကဋ္ဌ ဘဲန် ဘာနကေး (Ben Bernanke) က သူ၏အက်ဆေး “ကမ္ဘာ့စီးပွားပျက်ကပ်ကြီး” (on the Great Depression) (၂၀၀၀) တွင် ဘဲရီ အိုင်ချင်ဂရင်း (Barry Eichengreen) ၏ စီးပွားပျက်ကပ်ကြီးနှင့် ပတ်သက်၍ ဖြစ်ပေါ်ရခြင်းအကြောင်း သုံးသပ်ချက်ကို ပြန်၍ ကိုးကားဖော်ပြခဲ့ပါသည်။ 

“ငွေကြေး ကျုံ့ဝင်ခြင်းသည် တနည်းအားဖြင့် ဈေးနှုန်းများကျဆင်းနေခြင်း၊ ထုတ်လုပ်မှု၊ အလုပ်အကိုင် ရရှိမှုတို့နှင့်အတူ ခိုင်မာစွာ ဆက်စပ်နေသည်။ ထိရောက်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ရရှိပါက၊ မူအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ငွေ ကြေးချဲ့ထွင်မှုကို ပြုနိုင်ဖွယ် ရှိပါသည်။ ရွှေနှင့်စက်၍ ငွေတန်ဖိုးသတ်မှတ်ထားသည့် အကန့်အသတ်များ ရှိနေသည့်တိုင် ဆောင်ရွက်နိုင်ပါလိမ့်မည်။ သို့သော် ပထမကမ္ဘာစစ်၏ အငြင်းပွားမှုများ၊ စစ်လျော်ကြေး နှင့် ကြွေးမြီများ၊ အခြားအချက်များ အပြင် ဗဟိုဘဏ်၏ အမြင်ကျဉ်းမြောင်းမှုနှင့် အတွေ့အကြုံ မရှိမှုများကြောင့် ဤသို့ရလဒ်ကို ကာကွယ်မှု မပြုနိုင်ခဲ့ပါ။ ရလဒ် အနေဖြင့် နိုင်ငံတခုချင်းစီက ငွေကြေးကျုံ့ဝင်မှု ဝဲဂယက်မှ ရှောင်လွှဲနိုင်ရန် ငွေနှင့်စက်၍ ငွေကြေးတန်ဖိုး သတ်မှတ်ထားမှု မှ တဦးချင်း ထွက်ကြပါသည်။ ပြည်တွင်း ငွေကြေးတည်ငြိမ်မှုအတွက် ပြန်တည်ထောင်ဖို့ ကြိုးပမ်းကြသည်။ ဤလုပ်ငန်းစဉ်က ရေရှည်ဆွဲ ဖြစ်နေခဲ့ပြီး၊ ၁၉၃၆ ခုနှစ်တွင် ပြင်သစ်နှင့် အခြားရွှေအုပ်စုဝင် နိုင်ငံများက နောက်ဆုံး ရွှေနှင့်စက်၍ ငွေကြေးတန်ဖိုး သတ်မှတ်ထားမှုမှ ထွက်ခဲ့သည့်တိုင် ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ကြပါ”။ 

ဂျာမဏီက သူ၏စစ်ပွဲအတွက် ထုတ်ရောင်းချထားသည့် စစ်ပွဲအတွက် ငွေ တိုက်စာချုပ်များအပေါ် နိုင်ငံသားများထံသို့  ပြန်၍ ပေးရတော့မည့် အချိန်ကျရောက်လာပြီ ဖြစ်သည်။ အလားတူ မဟာမိတ်နိုင်ငံများထံသို့ စစ်လျော်ကြေး အမြောက်အများ ပေး ရဖို့လည်း ရှိနေသေးသည်။ ဂျာမဏီ၏ဗဟိုဘဏ် Reichsbank က ငွေစက္ကူများကို ပို၍ပို၍ ရိုက်နှိပ်ထုတ်ဝေသည်။ ရလဒ်မှာ ဧရာမ ငွေကြေးဖောင်းပွမှုကြီး ဖြစ်လာတော့သည်။ ဖရက်ဒရစ် တေလာ (Frederick Taylor) ၏ ငွေကြေးတို့၏ ကျဆုံးခန်း (The Downfall of Money) (၂၀၁၃) တွင် မာ့ခ်-ဒေါ်လာငွေလဲနှုန်း၏ သိသာထင်ရှားသည့် ဈေးအပျက်ကို ဖော်ပြထားရာ၊ ယခင်က တဒေါ်လာကို ၄.၁၉ မာ့ခ် (ဩဂုတ် ၁၉၁၄) ရှိနေရာမှ တဒေါ်လာလျှင် ၂.၅ ထရီလီယံ (ဒီဇင်ဘာ ၁၉၂၃) သို့ ဆိုး ရွားစွာ ဈေးကျဆင်းခဲ့သည်။  

ဘာလင်အခြေစိုက် အရပ်ဘက် အဆင့်မြင့်အရာရှိကြီးတဦး၏ သားဖြစ်သူ ဆာဘာ့စ်ရှန် ဟဖ်နာ (Sebastian Haffner) က Geschichte Eines Deutschen (၂၀၀၀) တွင် ငွေကြေးဖောင်းပွမှုက သူ၏မိသားစုအပေါ် သက်ရောက်ပုံကို ဖော်ပြရာ၌- 

“လတလ၏ ၃၁ ရက် သို့မဟုတ် ၁ ရက်နေ့တွင်၊ မိမိအဖေက သူ၏ လစဉ်လစာ ရရှိလာခဲ့သည်။ ဤအပေါ်မှီခို၍ မိသားစုက စားသောက်ရသည်။ ဘဏ်တွင်အပ်နှံထားသည့် ငွေများ၊ စုဆောင်းငွေများက ကာလကြာရှည်စွာကပင် တန်ဖိုးမဲ့နေခဲ့ပြီး ဖြစ်သည်။ … မည်သို့ဖြစ်စေ၊ မိမိအဖေက သူတတ်နိုင်သမျှ မြေ အောက်ရထားအတွက် လစဉ်လက်မှတ်ကို အမြန်ဆုံး ရရှိနိုင် အောင် ကြိုးပမ်းခဲ့သည်။ သို့မှသာ နောက်လတွင် သူအလုပ်သွား၊ အလုပ်ပြန် လုပ်နိုင်လိမ့်မည် ဖြစ်သည်။ … နောက်ပိုင်းတွင် အိမ်ငှားခနှင့် ကျောင်းကြေးများအတွက် ချက် လက်မှတ်ရေးပေးသည်။ ညနေပိုင်းတွင် မိသားတစုလုံးက ဆံသဆိုင်သို့ သွားကြသည်” ဟု ဖော်ပြထားခဲ့သည်။ 

“လက်ထဲကျန်နေသည့်ငွေကို မိခင်ထံ အပ်နှံသည်။ နောက်တနေ့တွင် မိသားစုတခုလုံး (အိမ်စေများ အပါအဝင်၊ မိမိ၏ဖခင် တော့ မပါဝင်ပါ) နံနက် ၄-နာရီ၊ ၅-နာရီခန့်တွင် ထ၍ တက္ကစီတစင်းငှားပြီး ဗဟိုဈေးသို့သွားကြသည်။ ထိုနေရာတွင် ဈေး ရောင်းပွဲကြီး ကျင်းပနေသည်။ တနာရီအတွင်းမှာပင် အဆင့်မြင့်အစိုးရ အရာရှိကြီးတဦး၏ လစာမှာ ကုန်ခြောက်များဝယ်ယူ စုဆောင်းရင်း ကုန်သွားသည်။… ၈ နာရီခန့် ကျောင်းချိန်မတိုင်ခင်တွင် မိမိတို့ အိမ်ပြန်လာကြသည်။ တလစာ ရိက္ခာတော့ လုံ လောက်ခဲ့ပြီ ယူဆသည်။ အဆုံးတော့ မဟုတ်သေးပါ။ နောက်လအတွက် ပိုက်ဆံမကျန်တော့ပါ။”  

အမှန်ဆိုရလျှင် ဂျာမဏီ၏ ဧရာမငွေကြေးဖောင်းပွမှု မတိုင်ခင် ဩစတြီးယား ငွေကြေးဖောင်းပွမှုက စစ်ပြီးပြီးချင်း ချက်ချင်း စတင်ခဲ့သည်။ ဩစတြီးယားအတွက် သူ၏အင်ပိုင်ယာ အဆင့် နိဂုံးချုပ်သွားရသည်။ နိုင်ငံမွဲပြာကျသည်။ အရာရာ ရှားပါးနေ ပြီး၊ အစိုးရငွေတိုက်တွင်လည်း ငွေကြေးခမ်းနေပြီ။ ဩစတြီးယား စာရေးသူ စတီဖင် ဇွက် (Stefan Zweig) က သူ၏ “မနေ့က ကမ္ဘာ” (The World of Yesterday) (၁၉၄၅) စာအုပ်တွင် စိတ်ပျက်ပြားဖွယ် အခြေအနေကို ဖော်ပြခဲ့သည်။ 

ဤသို့ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်များ ဖြစ်နေသည့်တိုင် ယင်းကာလအတွင်း ရှေ့နောက်မညီ ကမောက်ကမဖြစ်နေသည့် ကိစ္စများကိုလည်း သူက သတိပြုမိသည်။ ဖြစ်နေသည်မှာ ဩစတြီးယန်း ကရုန်း (krone) ငွေက ဂျာမန်ငွေလဲနှုန်းနှင့်ယှဉ်လျှင် အကြီးအကျယ် ပြုတ်ကျနေခြင်း ဖြစ်သည်။ 

“အိမ်နီးချင်း ကျေးရွာများ၊ မြို့များမှ ဘာဘေးရီးယန်းများက မြို့ငယ်များသို့ လူရာနှင့် ထောင်နှင့်ချီ၍ ထွက်ခွာ ရွှေ့ပြောင်းလာ ကြသည်။ သူတို့က အင်္ကျီချုပ်ကြသည်။ ကားပြင်ကြသည်။ ဆရာဝန်များကို ပြ၍ ဆေးဝါး ဝယ်ယူကြသည်။ … နောက်ပိုင်း တွင် ဂျာမန်များကို ဆော့ဇ်ဘာ့ဂ် (Salzburg) တွင် ဤသို့ရိက္ခာ ထောက်ပံ့ပစ္စည်းများ ဝယ်ယူနေကြသည်ကို အကျယ်အပြန့် ထိန်းချုပ်မှုများ ချမှတ်လာတော့သည်။ … သို့သော်လည်း ဆောင်းပါးတပုဒ်တွင် အခွန်ကင်းလွတ်ခွင့် (duty-free) မှ မထိန်း ချုပ်၊ မသိမ်းယူနိုင်သည့် ကိစ္စများ ရှိနေသေးသည်ဟု ဖော်ပြသည်။ သူတို့သောက်ထားခဲ့သည့် ဘီယာဖြစ်သည်။ … ထိပ်တန်း ကြော်ြငာ မြူဆွယ်မှုများ ထပ်၍ မလိုအပ်လောက်အောင်ပင်၊ သူတို့က မိန်းမကလေး တအုပ်ကြီးနှင့် လာကြမည်ပင် ဖြစ် သည်။ … ဝမ်းပိုက်ဆန်သလောက် ဘီယာကို ကျိုက်ချရင်း ဇိမ်ခံလိုက်ချင်သည်။ ညတိုင်းတွင် ရထားဘူတာရုံက မူးယစ်နေသူ များ၊ ရန်ဖြစ်သံများ၊ လူကြီးလူကောင်းမဆန် လေပျို့အန်တက်သံများနှင့် ရုန်းရင်းဆန်ခတ်သဖွယ် ဖြစ်နေတတ်သည်။ အချို့ သောသူများက အကြီးအကျယ်ဇိမ်ယူနေပြီး ခေါင်းမထောင်နိုင် ဖြစ်နေကြသည်။ လက်တွန်းလှည်းနှင့် အကူအညီနှင့်မှသာ ရထားပေါ် ရောက်ကြတော့သည်။ ရောမပွဲတော်များလို ရုန်းရင်းဆန်ခတ် ဆူပူအော်ဟစ်ရင်း၊ သီချင်းဆိုရင်း ရထားက သူတို့ကို သူတို့နိုင်ငံသို့ ပြန်၍ သယ်ဆောင်သွားတော့သည်။”  

သမားရိုးကျ စီးပွားရေးတွေးခေါ်မှုပညာကို လှုပ်ခါခဲ့သူ တဦးတော့ ရှိခဲ့သည်။ လက်သစ် ကျမ်းရိုးမူဝါဒ ဖော်ပြချက်များအတိုင်း အလုပ်ဖြစ်မနေခဲ့ရာ၊ သူက စီးပွားရေးစနစ်၏ သူ့ဘာသာ ပြန်လည်ပြုပြင် ပြင်ဆင်တတ်သည့် ယန္တယားကို ထုတ်ဖော်ပြခဲ့ သည်။ သူက အစိုးရက တက်ကြွစွာ ဝင်ရောက်ကြားဝင်ဖို့လိုသည်ဟု ဆွေးနွေးသည်။ သို့မှသာ စီးပွားပျက်ကပ်ထဲမှ စီးပွားရေး စနစ်ကို ဆွဲတင်နိုင်မည်ဟု ဆိုသည်။ အလုပ်အကိုင် အပြည့်အဝ ရရှိသည့် အခြေအနေကို ပြန်၍ဖန်တီးနိုင်မည်ဟု ဆိုသည်။ (ပုံ 1.1 ကိုကြည့်ပါ။) သူက စုပေါင်းတွက် ချက်မှုသဘောဖြင့် (aggregate terms) စီးပွားရေးကို သုံးသပ်သည်။ ပေါင်းစုထားသည့် ဝယ်လိုအား။ ပေါင်းစုထားသည့် စုဆောင်းငွေ နှင့် ရင်းနှီးမြှုပ်နှံမှု၊ ထိုသို့ဖြင့် မက္ကရိုစီးပွားရေးပညာကို စ၍ တီထွင်ခဲ့သည်။ သူ၏ အမည်က ဂျွန် မေးနတ်ကိန်းစ် (John Maynard Keynes) ဖြစ်သည်။ သူက “အလုပ်အကိုင်ရရှိမှု၊ အတိုးနှုန်း နှင့် ငွေကြေးဆိုင်ရာ အထွေထွေသီအိုရီ” (The General Theory of Employment, Interest, and Money ) စာအုပ်ကို ၁၉၃၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ ပြီး၊ ကိန်းဝါဒတော်လှန်ရေးတရပ် (Keynesian revolution) ကို တီထွင်ခဲ့သည်။

ကိန်းစ်၏ အထွေထွေသီအိုရီတွင် ဖော်ပြထားရာ၌ စီးပွားရေးစနစ်၏မျှခြေတရပ်သည် အမြဲတစေ အလုပ်အကိုင် မရှိမှု (unemployment) သည့်တိုင်အောင် အတူတကွ ယှဉ်တွဲ၍ သွားနိုင်သည်။ (ပုံ 1.2 ကိုကြည့်ပါ။) ဤအခြေအနေကို တုံ့ပြန်ရန် အတွက် သမားရိုးကျ စဉ်းစားနေကြသည့် ငွေကြေးဖောင်းပွမှု လျှော့နည်းစေရေး (traditional deflation policies) မူဝါဒများ က ပို၍ ဆိုးစေသည်ဟု ဆိုသည်။ ယင်းအစား ဘဏ္ဍာရေး ဆောင်ရွက်ချက်နည်းလမ်းများဖြင့် ပေါင်းစုဝယ်လိုအား (aggregate demand) ကို မြှင့်တင်ရမည်ဟု ဆိုသည်။ (ဥပမာအားဖြင့်- အခွန်လျှော့ပေါ့ ကောက်ခံခြင်း နှင့် အစိုးရ အသုံးစရိတ်များ တိုး၍ သုံးခြင်းတို့ ဖြစ်သည်။) ငွေကြေးမူဝါဒ နည်းလမ်းများဖြင့်လည်း ဆောင်ရွက်နိုင်သည်။ (အတိုးနှုန်း လျှော့ချပေးခြင်းနှင့် ဗဟို ဘဏ်က ငွေကြေးများ ရိုက်ထုတ်ခြင်း ဖြစ်သည်)။ ကိန်း၏ တော်လှန်ရေးက ခေတ်သစ်ကျမ်းရိုး စီးပွားရေးပညာကို ကျော်လွှား ခဲ့သည်။ သို့သော် အနာဂတ် စီးပွားရေးနှင့် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများက ဖော်ပြခဲ့သည့်အတိုင်း အစဉ်အမြဲသဘောတော့ မဆောင်နေခဲ့ပါ။ ကိန်းစ်၏ “အထွေထွေသီအိုရီ” မတိုင်မီကပင် အချို့သောအစိုးရများက စီးပွားပျက်ကပ်အတွက် ကိန်းစ် ၏ချည်းကပ်ပုံမျိုး ဆောင်ရွက်နေခဲ့ကြပြီး ဖြစ်သည်။ ထင်ရှားသည်မှာ သမ္မတရုစ်ဗဲ့၏ “အသစ်သော သဘောတူညီချက်” (New Deal) ဆောင်ရွက်မှု ဖြစ်သည်။ ၁၉၃၃ ခုနှစ် သူသမ္မတဖြစ်၍ ကျမ်းသစ္စာကျိန်ဆိုပြီးသည်နှင့် စ၍ ယင်းအစီအစဉ်များ ကို ဆောင်ရွက်ခဲ့သည်။ ရုစ်ဗဲ့က အမှန်တွက် နှလုံးသားထဲ၌ ဝင်ငွေ-ထွက်ငွေမျှသည့် ဘတ်ဂျက်မူဝါဒ (balanced-budget) ကို ယုံကြည်သူ ဖြစ်သည်။ သို့သော်လည်း အသစ်ရွေးကောက်ခံရသည့် သမ္မတက စိတ်ထဲကသိနေသည်။ “လူတိုင်းတွင် သုံးစွဲစရာ ငွေကြေးမရှိသည့် အခြေအနေတွင် အစိုးရက ငွေများချသုံးရမည်” ဟု နားလည်သိရှိနေသည်။  “အသစ်သော သဘောတူညီ ချက်” (The New Deal) က ငွေကြေးပြိုလဲမှု မဖြစ်စေရေးကို ကာကွယ်နိုင်ရန်၊ ဝယ်လိုအားကို လှုံ့ဆော်ပေးရန် နှင့် အလုပ် လက်မဲ့ဖြစ်နေသည့် လူသန်းပေါင်းများစွာအတွက် အလုပ်အကိုင်၊ ထောက်ပံ့ရေး ဖန်တီးပေးရန် ဖြစ်သည်။ အစိုးရသုံးငွေကို တိုး၍၊ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အလုပ်အကိုင်ဖန်တီးမှုများပြု၍ အခြေအနေတည့်မတ်နိုင်ရန် ဖြစ်သည်။ 

ရုစဗဲ့က နည်းလမ်းမျိုးစုံ အသုံးပြုသည်။ ယင်းတို့တွင် တန်နက်ဆီမြစ်ဝှမ်း အာဏာပိုင်အဖွဲ့ ထူထောင်ခြင်း (ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှု အေဂျင်စီ နှင့် လျှပ်စစ်စွမ်းအင် ထောက်ပံ့ပေးသူ) အပါအဝင် လူမှုဖူလုံရေး ကွန်ရက်များနှင့် လုပ်ငန်း တိုးတက်ရေး အုပ်ချုပ်စီမံမှုအဖွဲ့များ ထူထောင်သည်။ ယင်းတို့က အရပ်ဘက် ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များ (Civilian Conservation Corps) ကို စီမံခန့်ခွဲသည်။ (ယာယီအားဖြင့် အမေရိကန်လူငယ် လူ ၂.၅ သန်းကို အလုပ်ပေးထားနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။) ၁၉၃၃ ခုနှစ် Glass–Steagall Act ဥပဒေအရ ကူးသန်းရေးဘဏ်လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကို ခွဲထုတ်သည်။ ရုစဗဲ့၏ လှုံ့ဆော်ရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် သူ၏သံန္နိဌာန်ချမှတ်ဆောင်ရွက်မှုတို့က နိုင်ငံ၏ ယုံကြည်မှုတိုးတက်လာစေပြီး အပြုသဘော သက်ရောက်မှု ရှိစေခဲ့သည်။ သူ၏ မီးပုံနဘေးမှ ရေဒီယိုထုတ်လွှင့်ချက် များကလည်း စိတ်အားတက်စေသည်။ 

ဥပမာအားဖြင့်- ၁၉၃၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ ဟောပြောချက်တွင် သူက ‘ကျနော်တို့က ဒီလိုနည်းလမ်းနဲ့ လုပ်လို့ မဖြစ်ဘူးဆိုရင် အခြားနည်းလမ်းနဲ့လုပ်မယ်။ လုပ်ပါ။ ကျနော်တို့ ဖြစ်ရမယ်’ ဟု အလေးပေး ပြောခဲ့သည်။ ကိန်းစ်၏ အယူ အဆမထွက်ပေါ်မီ ကြိုလုပ်ဆောင်ခဲ့သူက အဒေါ့ဖ် ဟစ်တလာ ဖြစ်သည်။ ဝိုင်းမာသမ္မတနိုင်ငံတော် (Weimar Republic) က ဧရာမငွေကြေး ဖောင်းပွမှုကို မရှင်းနိုင်လေလေ၊ အလုပ်အကိုင်များ မဖန်တီးနိုင်လေလေ ပို၍ အာဏာမဲ့လာလေလေ ဖြစ်လာခဲ့ သည်။ ဤသို့ဖြင့် ဟစ်တလာ၏ အမျိုးသားဆိုရှယ်လစ်ပါတီက ပို၍လူကြိုက်များလေလေ ဖြစ်လာသည်။ ၁၉၃၃ ခုနှစ် ဇန္နဝါရီ လတွင် ဟစ်တလာကို ဂျာမဏီအဓိပတိ ရွေးချယ်ခံရသည်။ ဟစ်တလာက အစိုးရလုပ်ငန်းများအကြီးအကျယ် ချဲ့ထွင်၍ အလုပ်လက်မဲ့များစွာကို လုပ်ငန်းခွင်ထဲ ပြန်ထည့်ခဲ့သည်။ (ဥပမာအားဖြင့် ဂျာမဏီ၏ ဖက်ဒရယ်အစိုးရ ဟိုက်ဝေးလမ်းပန်း ဆက်သွယ်ရေး Autobahnen လုပ်ငန်းမျိုး ဖြစ်သည်။) တချိန်တည်းတွင် သူက စစ်အတွက်ပြင်ဆင်သည်။ ၁၉၃၈ ခုနှစ်တွင် ဂျာမဏီ နိုင်ငံ၏ အလုပ်လက်မဲ့ဖြစ်မှုနှုန်းက ၃% အထိ ကျဆင်းသွားသည်။ 

ကိန်းစ်အယူအဆ မတိုင်မီ အခြားတဦးမှာ ပြောရမည်ဆိုလျှင် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး ကိုရီကီယို တာကာဟာရှီ (Korekiyo Takahashi) ဖြစ်သည်။ သူက ၁၉၃၁ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့်အခါ ဂျပန်နိုင်ငံက ရွှေ နှင့်စက်၍ ငွေကြေးကို တန်ဖိုးသတ်မှတ်ချက်စနစ်တွင်း ပြန်ဝင်မည်ဟု ယခင်က ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ခဲ့သည်။ တာကာဟာရှီက ဂျပန်စီးပွားရေးပြန်၍ လည်ပတ်စေရန် မူဝါဒများ အသုံးပြုခဲ့သည်။ ဂျပန်၏နိုင်ငံခြားပို့ကုန် အားကောင်းစေ ရန် ဂျပန်ယန်းကို ဈေးနှုန်းချသည်။ ၁၉၃၂ ခုနှစ် မတ်လတွင် သူက ဂျပန်နိုင်ငံ၏ဗဟိုဘဏ်အနေဖြင့် အစိုးရက ထုတ်ရောင်းသမျှ ငွေတိုက်စာချုပ်များ အကုန်ဝယ်ယူရန် အဆိုပြုသည်။ 

ဤသို့ဖြင့် ငွေကြေးထောက်ပံ့မှုကို ချဲ့ထွင်ရန် အထောက်အကူ ဖြစ်စေသည်။ ယင်းနှစ် ဇွန်လတွင် တာကာဟာရှီက ကျေးလက် ကူညီထောက်ပံ့ရေးအတွက် အပိုဆောင်းဘတ်ဂျက် အသစ် တောင်းခံမှု တင်ပြသည်။ ထို့အပြင် ဂျပန်၏ မန်ချူးရီးယားစစ်ပွဲများအတွက်လည်း ထောက်ပံ့ရန် တင်ပြခဲ့သည်။  

Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar