Breaking News

မောင်လူရေး - ဖြောင့်မှန်တဲ့ ဖေ့ဘွတ်နိုင်ငံရေး—သမ္မာဝါစာ

မောင်လူရေး - ဖြောင့်မှန်တဲ့ ဖေ့ဘွတ်နိုင်ငံရေး—သမ္မာဝါစာ

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၂


ဖေ့ဘွတ်ကနေ အလော်သက်သက် အချက်အလက်မမှန်တာတွေမတင်ဖို့။

မျှော်လင့်ချက် အမှားတွေ မပွားဖို့။

တော်လှန်ရေး အားပျက်စေမယ့် အရည်မရ အဖတ်မရတွေ ရှောင်ဖို့။

အင်တာဗျူးလုပ်ရင်း ဖော်ကောင်မလုပ်ဖို့။

ဝေဖန်ရေးလုပ်ရင်း ချောင်ပိတ်မရိုက်ဖို့။

အချင်းချင်း မတည့်တာနဲ့ ဒလန်စာရင်းသွင်း မဝုန်းဖို့။

ကိုယ့်လူကို အုပ်စုဖွဲ့ မချိုးနှိမ်ဖို့။

ကိုယ့်အောက် မဝင်တာနဲ့ တော်လှန်ရေးလမ်းကြောင်းက သွေဖည်တယ် မစွပ်စွဲဖို့။

တော်လှန်ရေးမျက်နှာစာကို လက်ဝါးကြီး မအုပ်ဖို့။

အရင်းအမြစ်မမှန်တဲ့သတင်းတွေ အလွယ်တကူ မဖြန့်ဖို့။

ဝေဖန်ရေးလိုလိုနဲ့ ကိုယ့်အားအင် ချည့်နဲ့အောင် မလုပ်ဖို့။

တကယ်သိသလိုလိုနဲ့ မဟုတ်တာတွေကို ဟုတ်သယောင် အတည်ပေါက်ရေးပြီး နိုင်ငံရေးသုံးသပ်ပြတာတွေ မလုပ်ဖို့။

အလှူငွေထည့်သူနဲ့ အလှူခံတော်လှန်ရေးသမားတွေကြား သဒ္ဓါပျက်အောင် မဖျက်ဖို့။

သီအိုရီတွေ အစ်ဇင်တွေ တထွေးကြီးနဲ့ တလောကလုံး မှားနေပါတယ်ဆိုပြီး အမြင်ထွေပြား အလုပ်အားနည်းအောင် မရှုပ်ဖို့။

တော်လှန်ရေးသမားအချင်းချင်း မလေးမစား စကားချိုးဖဲ့ ရွဲ့တာ စောင်းတာ မလုပ်ဖို့။

အုပ်ချုပ်၍မရစေရ ဆိုပြီး တော်လှန်နေရပါတယ်ဆို ငါဟဲ့ အမိန့်ရလိုလို၊ ငါသာ တရားဝင်လိုလို စောက်ချိုးမချိုးဖို့။

မရေမရာတွေနဲ့ မှန်းဆ ရမ်းချတာတွေ မလုပ်ဖို့။

အပြောပလိန်းနဲ့ ဟောကိန်းတွေ မထုတ်ဖို့။

ယုံကြည်ထိုက်တဲ့စကားကိုသာ ဆိုဖို့။

ကွဲပြားမှုကို စေ့စပ်တဲ့စကား၊ ညီညွတ်မှုမှာ မွေ့လျော်ပျော်ပိုက်တဲ့စကား၊ ညီညွတ်မှုကို ပြုတဲ့စကားတွေ ပြောဖို့။

စကားကြမ်း ရှောင်ဖို့။ ပြောသင့်တဲ့အချိန်ဟုတ်မဟုတ်ကြည့်ဖို့။

စကားဆိုတာ ပြောတိုင်းလဲမမှန်နိုင်၊ မှန်တိုင်းလဲ အကျိုးမများသမို့ အပြောလျှော့ဖို့။

မောင်လူရေး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar