Breaking News

ဖိနှိပ်မှုရဲ့ သင်္ကေတ အကျဥ်းထောင်၊ ခုနှစ်များ၊ ကြိတ်မှိတ်အားတင်းထားရသည့် နေ့ရက်များ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၇ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၂


ဖိနှိပ်မှုရဲ့  သင်္ကေတ အကျဥ်းထောင်၊ ခုနှစ်များ၊ ကြိတ်မှိတ်အားတင်းထားရသည့် နေ့ရက်များ 

အကျဥ်းထောင်ဆိုသည် ရာဇဝတ်မှုဆိုင်ရာ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အတွက်ဆိုလျင် ရှိရမည့် အရာတခု ဟု ဆိုကောင်းဆိုနိုင်ပါလိမ့်မည်။ လူ့ယဥ်ကျေးမှု တဆင့်တဆင့် တိုးတက်လာသည့်အားလျော်စွာ ကျူးလွန်သည့် ပြစ်မှုနှင့် လျော်ညီလိုက်ဖက်သည့် အပြစ်ဒဏ်ကို ပေးဖို့ရာအတွက် အုပ်ချုပ်ရေး ၊ တရားဥပဒေ စိုးမိုးရေး ယန္တရားထဲက အစိတ်အပိုင်းတခုဖြစ်သည်ဟု ဆိုနိုင်မည်ထင်သည်။ 

သမိုင်းမှာ အကျဥ်းထောင်တွေ ပေါ်လာခဲ့သည်ကို ပြန်ဆန်းစစ်ကြည့်လျှင် ပဒေသရာဇ်ခေတ်၏ အကျဥ်းထောင်တွေက ချုပ်နှောင်ခံရသူတွေကို ပါးကွက်သားတွေလက်ထဲအပ်ထားပြီး ဖမ်းဖို့အမိန့်ကို သတ်ဖို့ဟု အဓိပ္ပါယ်ကောက်ကာ ကွပ်မျက်သတ်ဖြတ်ခဲ့သည့် သာဓကတွေလည်း မြန်မာ့ သမိုင်းရာဇဝင်တွေထဲ ရှိခဲ့သည်။ စာဆို ဦးပုည အဖြစ်က သာဓက တခုဖြစ်သည်။ 

ဒါက ပဒေသရာဇ်ခေတ် ပါးစပ်က ထွက်သည့် စကားက ဥပဒေသဖွယ် သတ်မှတ်သည့်ခေတ်က သာဓကများဖြစ်သည်။ ကိုလိုနီခေတ်၏ အကျဥ်းထောင်များက နယ်ချဲ့ အင်ပိုင်ယာသခင်တွေကို ဆန့်ကျင် ပုန်ကန်သူတွေကို ထိန်းသိမ်း ချုပ်နှောင်ဖို့ ပြစ်ဒဏ်ပေးဖို့ ရာဇဝတ်မှု တရားဥပဒေစိုးမိုးမှုဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ထိန်းသိမ်းထားဖို့ နယ်ချဲ့ အင်္ဂလိပ်တွေက တရားစီရင်ရေး ရာဇသတ်ကြီး ဥပဒေ၊ အကျဥ်းထောင် လက်စွဲတွေ ပြဌာန်းပြီး အုပ်ချုပ်ခဲ့ကြသည်။ ကိုလိုနီခေတ် အကျဥ်းထောင်ထဲ ကြီးနိုင်ငယ်ညှင်း မှုတွေ၊ နိုင့်ထက်စီးနင်းမှုတွေ အများအပြားရှိခဲ့ကြောင်း ထောင်အကြောင်း အတွေ့အကြုံစာအုပ်တွေ အများအပြား ထွက်ရှိခဲ့ပြီးဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုမှာပါဝင်ခဲ့ကြသည့် နိုင်ငံရေးသမားတွေ သခင်တွေ လက်ဝဲ ဝါဒယုံကြည်သူတွေ မြန်မာနိုင်ငံရဲ့ ထောင်အသီးသီးမှာ အကျဥ်းကျခဲ့ကြသည့် အကြောင်းမှတ်တမ်းတင်ရေးခဲ့ကြသည့် စာအုပ်များစွာ ရှိခဲ့သည်။ 

လွတ်လပ်ရေးရပြီးသည့် ခေတ် ၊ ယခင်လွတ်လပ်ရေး ကြိုးပမ်းဖော် ကြိုးပမ်းဖက် ၊ ကိုလိုနီနယ်ချဲ့ကို ဆန့်ကျင်ဖော်ဆန့်ကျင်ဖက် အချင်းချင်း အယူဝါဒတွေ ၊ လမ်းစဥ်တွေ ကွဲကြပြီး အချင်းချင်း အကျဥ်းထောင်ထဲ ထည့်ခဲ့ကြပြန်သည်။ နိုင်ငံရေးသမားမျှသာမဟုတ် စာရေးဆရာ ကဗျာဆရာ သတင်းစာဆရာတွေ ဖဆပလ ခေတ်ထောင်တွေထဲ နှစ်နဲ့ချီကျခဲ့ကြပြီး ထောင်အကြောင်း အတွေ့အကြုံ စာအုပ်တွေ မှတ်တမ်းတွေဖြင့် မြန်မာ့စာပေသမိုင်းကို ကြွယ်ဝစေခဲ့ကြသည်။ 

တဖန် မဆလခေတ် အင်္ဂလိပ်တွေ မလုပ်ခဲ့သည့် တကျွန်းပို့သည့် အကျဥ်းထောင်ကိုပင် တီထွင်ကြံဆကာ နိုင်ငံရေး အတိုက်အခံလုပ်သူတွေကို ပင်လယ်ထဲက ကိုးကိုးကျွန်းကိုပို့ပြီး အကျဥ်းချခဲ့ မိသားစု မတွေ့နိုင်အောင် ရည်ရွယ်ကာ လုပ်ဆောင်ခဲ့ကြသည့် သမိုင်းအစဥ်အလာဆိုးတွေ ရှိခဲ့ပြီးဖြစ်သည်။ 

၁၉၈၈ ခုနှစ်အရေးအခင်းကြီး နောက်ပိုင်း နိုင်ငံရေးပုဒ်မတွေရဲ့ ပြစ်ဒဏ်တွေတိုး ထောင်တွေထဲက အခြေအနေက မဆလ ခေတ်ထက် ဆိုးသည့် နှိပ်စက်ညှင်းပန်းမှုတွေ ပိတ်ပင်မှုတွေ အသက်ဆုံးရှုံးမှုတွေနှင့် ဆယ်စုနှစ် ၂ ခုကျော်ကို ဖြတ်သန်းကာ ဆိုးရွားသည့် သမိုင်းအတွေ့အကြုံတွေ ကြွယ်ဝစေခဲ့ပြန်သည်။ နိုင်ငံရေး သဘောထားကွဲလွဲသည့် အတိုက်အခံတွေကို နှစ်ပေါင်း ဆယ်ဂဏန်းနှင့်ချီ အကျဥ်းထောင်ထဲ ထည့်ခဲ့သည့် သာဓကတွေ နဝတ၊ နအဖ ခေတ်မှာ ရှိခဲ့ပြီး နိုင်ငံရေးလုပ်သည့် လူငယ်တွေ အကျဥ်းထောင်ထဲ ၁၀နှစ် နှစ် ၂၀ အထိ အချိန်ကုန်ဆုံးဖြတ်သန်းကာ စစ်အာဏာရှင်စနစ်ကို ပြောင်းလဲဖို့ လူထုထောက်ခံသည့် ဒီမိုကရေစီ စနစ် တည်ထောင်ဖို့ အကျဥ်းစံဘဝဖြင့် နိုင်ငံရေး အံတုမှု ရပ်တည်ချက် ခိုင်မာမှုကို ပြသခဲ့ကြသည်။ ဖမ်းဆီးခံရသူတိုင်း ခိုင်မာသည်ဟုတော့ မဆိုလိုပါ။ အရှုံးပေးလိုက်ကြသူအချို့ ၊ စစ်အုပ်စုနှင့် ပေါင်းသွားသူ အနည်းငယ် ရှိခဲ့ကြသည်ကို သမိုင်းအဖြစ်အပျက်တွေမှာ တွေ့ကြရပြီးဖြစ်သည်။ 

ဒီနေ့ ၂၀၂၂ ခု နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် စောစော သတင်းက နိုင်ငံရေးသမား တချို့ တက်ကြွလှုပ်ရှားသူတချို့  သတင်းသမားတချို့ နှင့် အန်အယ်ဒီပါတီ၏ ခေါင်းဆောင် တချို့ အရင်အစိုးရအဖွဲ့ဝင် တချို့ ကို လွှတ်ပေးမည်ဆိုသည့် သတင်းဖြင့် အိပ်ယာမှ နိုးထလာခဲ့ရသည်။ 

နယ်ထောင်တခုထဲတွင် အကျဥ်းကျနေသည့် ကျနော်တို့ အလုပ်နယ်ပယ်မှ တဦးက အကျဥ်းထောင်တွင်းမှ ဖုန်းလှမ်းဆက်ပြီး ဘယ်သူတွေ ပါနိုင်သလဲ၊ ဘယ်သူတွေပါတယ်ကြားသလဲဆိုသည့် သတင်းကို လှမ်းမေးသည့် ဖုန်းဝင်လာ၍ နံနက် ၇နာရီမထိုးမီကတည်းက နိုးလာခဲ့သည်။ ညက သတင်းကြားထားပြီးနောက် နံနက်စောစောကတည်းက ရန်ကုန် အင်းစိန်ထောင်ရှေ့၊ အခြားနယ်အသီးသီးက ထောင်ရှေ့ဗူးဝအနီးမှာ မိသားစုဝင်တွေ မျှော်လင့်ကြီးစွာဖြင့် သွားစောင့်နေခဲ့ကြသည်။ မိမိတို့ မိသားစုဝင်ထဲက အကျဥ်းကျနေသူတွေ ပြန်အလာကို မျှော်လင့်နေခဲ့သည့် ဇနီးမယား၊ ခင်ပွန်း၊ မိခင် ၊ အဖေ စသဖြင့် အားတင်းကြိတ်မှိတ် ထားရသည့် စိတ်တွေကို မိမိတို့ချစ်ခင်သူ လွတ်လာမလား မျှော်လင့်ချက်အပြည့်နဲ့ သွားစောင့်နေကြသည်ကို သတင်းတွေ ဓါတ်ပုံတွေကြည့်ပြီး ခံစားရသည်။ 

အကျဥ်းကျနေသူတွေက နေ့ရက်တရက် တရက်ခြင်း ကုန်ဆုံးဖို့ အကျဥ်းထောင်တွင်း စာဖတ်ခြင်း၊ စကားပြောခြင်း၊ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကုန်ဆုံးကြသလို ပြင်ပမှမိသားစုတွေက အထဲက သူတွေအတွက် အစားအသောက် ဆေးဝါးပုံမှန်ပို့ပေးဖို့ စိတ်ခွန်အားပေးဖို့ ပြင်ပမှာ ကြုံတွေ့ကြရသည့် အခက်အခဲတွေကို ဖြေရှင်းရင်း ပြန်လွတ်လာမည့်နေ့ကို ကြိတ်မှိတ်အားတင်းကာ ကျော်ဖြတ်နေကြရသည့် သဘောလည်း ဖြစ်သည်။ မိမိ၏ မိသားစုဝင်လွတ်သည့်အထဲပါလာလျင်တော့ တင်းထားသည့် စိတ်ခွန်အားတွေ ခေတ္တဖြေလျော့ပြီး အနားရသည့် သဘောလည်းဖြစ်သည်။ 

အကျဥ်းထောင်တွေသည် ခေတ်အဆက်ဆက် နိုင်ငံရေး ဖိနှိပ်မှုသမိုင်းတွေကို ထင်ဟပ်သည့် သမိုင်းစာမျက်နှာများ ဟုဆိုလျင် မှားမည်မထင်၊ အတိုက်အခံဘဝ လွတ်မြောက်ရေးကြိုးပမ်းမှုကာလက အတူကြိုးပမ်းခဲ့သည့် ရဲဘော်တွေ အချင်းချင်း တခေတ်မှာ တချို့က အာဏာပိုင်၊ ရပ်တည်ချက် ဘက်ချင်းမတူကြတော့၍ အရင်ရဲဘော် ရဲဘက်ကို ဖမ်းဆီးထောင်ချခဲ့ကြသည့် သာဓကတွေလည်း မြန်မာ့သမိုင်းမှာ ရှိခဲ့ပြီးဖြစ်သည်။ ဖဆပလ ခေတ်၊ မဆလခေတ်တွေမှာရှိခဲ့ပြီး ဖြစ်သည်။ 

ဒီနေ့ စစ်အုပ်စုက လွှတ်ပေးသည့် အထဲတွင် နိုင်ငံရေးအရ လူသိများသူ၊ အန်အယ်လ်ဒီပါတီ၏ ခေါင်းဆောင်တချို့နှင့် အန်အယ်လ်ဒီကိုဝန်းရံထောက်ခံခဲ့ကြသူ၊ စစ်တပ်ကို ဆန့်ကျင်ဟောပြောခဲ့သူ ထင်ရှားသူ စာရေးဆရာ၊ ဘာသာရေးခေါင်းဆောင်တချို့ ပါဝင်ခဲ့သည်။ အရေအတွက်အားဖြင့် များပြားသည်ဟု မဆိုနိုင်၊ နယ်ပယ် မတူသည့် သူများပါဝင်အောင် ရွေးချယ်ထားသည်ကို တွေ့နိုင်သည်။ အဆိုပါ အချက်မှလွဲလျင် လွတ်မြောက်လာသည့် ကျန်သူတွေကို ကြည့်လျင် ပုဒ်မ ၅၀၅-က ဖြင့်ပြစ်ဒဏ်ချမှတ်ခံထားရသူများထဲမှ ထောင်ဒဏ် ၆ လအောက် ကျန်ရှိသူများကိုသာ ရွေးချယ်သည်ဟု အကျဥ်းထောင်ထဲမှ လာသည့်သတင်းများက ဆိုထားသည်။ 

ပြီးခဲ့သည့် သီတင်းပတ်တွေတုန်းကတည်းက အန်အယ်လ်ဒီအစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီး တချို့ကိုလွှတ်ပေးခဲ့သလို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်တဦးကိုလည်း အသနားခံစာတင်ပြီးနောက် လွှတ်ပေးခဲ့သည်။ ယခု အမျိုးသားနေ့တွင်တော့ ၂၀၁၆-၂၀၂၀ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် က ရွေးချယ်တာဝန်ပေးခံရသူ နိုင်ငံတကာ ဆက်ဆံရေး နှင့် ငြိမ်းချမ်းရေး ကိစ္စရပ်၊ ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေး၊ သည်ဟေ့ဂ် နိုင်ငံတကာတရားရုံးကိစ္စများတွင် လိုက်ပါဆောင်ရွက်ရသူ ဦးကျော်တင့်ဆွေပါ ပါဝင်သည်။ ဦးကျော်တင့်ဆွေမှာ နိုင်ငံခြားရေးဌာနက အရာရှိကြီး သံတမန် တဦးဖြစ်ခဲ့ပြီး ဦးသန်းရွှေစစ်အစိုးရလက်ထက်မှာလည်း တာဝန်ကျေကျေ ဆောင်ရွက်ခဲ့သည့် အရာရှိကြီးတဦးဖြစ်ကာ အခုလို လွှတ်ပေးသည့်အထဲပါဝင်သည်မှာတော့ မဆန်းဟု ယူဆစရာရှိသည်။ 

အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ဒေါက်တာမျိုးညွန့် လည်း လွှတ်ပေးသည့်အထဲတွင် ပါဝင်သည်။ ဒေါက်တာမျိုးညွန့်မှာ နိုင်ငံရေးအရ ပေါ်လစီအရ ပါတီတွင် ဦးဆောင်သူမဟုတ်ဟု ယူဆစရာရှိသည်။ အန်အယ်လ်ဒီပါတီထဲက သဘောထား ပြင်းထန်သူ ရပ်တည်ချက်ပြင်းထန်သူများ မပါဝင်ပေ၊ ပြီးခဲ့သည့် စစ်အာဏာမသိမ်းမီ၊ ရွေးကောက်ပွဲမတိုင်မီ စစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူများ မပါဝင်သည်ကို တွေ့ရမည်ဖြစ်သည်။ 

ခြုံကြည့်လျင် ဒီနေ့ လွှတ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ လာမည့်နှစ် ရွေးကောက်ပွဲအတွက် ပြည်တွင်းရော ပြည်ပကပါ ကြည့်ကောင်းအောင် ကြိုးပမ်းမှု တခုသာ ဖြစ်သည်ကို တွေ့နိုင်သည်။ ကြည့်ကောင်းသည် မကြည့်ကောင်းသည်ကတော့ တပိုင်းဖြစ်ပြီး ၄င်းတို့၏ ရည်ရွယ်ချက်က ရွေးကောက်ပွဲမတိုင်မီ ခင်းကျင်းသည့် နိုင်ငံရေး အခင်းအကျင်း တခုသာဖြစ်သည်ကို တွေ့ရသည်။ 

လက်နက်ကိုင် လမ်းကြောင်းကို ရွေးချယ်ထားသည့် NUG, CRPH အနေဖြင့် ရွေးကောက်ပွဲ ဖြစ်ခြင်း မဖြစ်ခြင်းကို ထည့်သွင်းစဥ်းစားစရာ မလိုသည့်အနေအထားဖြစ်ပြီး လက်နက်ကိုင် လမ်းကြောင်းဖြင့် စစ်ကောင်စီ ပြုတ်ကျရေး စစ်အာဏာရှင် စနစ်ဖြုတ်ချရေးကိုသာ အာရုံစိုက်စရာ ရှိသည်ဟု ထင်မြင်ပါသည်။ ယခင် ရွေးကောက်ပွဲများဖြစ်သည့် ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ခုနှစ်တွေတုန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ပြည်မနှင့် ပြည်နယ်များတွင် လုပ်သည့် ရွေးကောက်ပွဲများကို ထားခဲ့သည့် သဘောထားမျိုးနှင့် အလားတူမည်ဖြစ်သည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar