Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၈ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

Saler: Volcker put public cause first in inflation battle as Fed chair


အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၈ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၂


ငွေဖောင်းပွမှု နဂါးကြီးကို သုတ်သင်ခြင်း 

အမေရိကန်ပြည်ထောင်စုနှင့် နယ်သာလန်နိုင်ငံတို့၏ ချဉ်းကပ်မှုများက စီးပွားတန့်-ငွေကြေးဖောင်းပွမှုကို ဆန့်ကျင်တုံ့ပြန်ရန် နမူနာများအဖြစ် ဖော်ပြနိုင်သည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့်မူ ဖရိဒ်မင်း၏ အကြံပြုချက်များက FED ဥက္ကဋ္ဌ ပေါ်လ် ဗော်လ်ကာ (Paul Volcker) အတွက် အချည်းနှီး မဖြစ်စေပါ။ 

ပေါ်လ် ဗော်လ်ကာကို  အမေရိကန်ပြည်ထောင်စု သမ္မတ ဂျင်မီကာကာက ခန့်အပ်ခဲ့ပြီး ‘ငွေကြေးဖောင်းပွမှု နဂါးကြီးကို သုတ်သင်ရန်’ တာဝန်ပေးခဲ့သည်ဟု သူကိုယ်တိုင် စကားဖြင့် ဆိုခဲ့သည်။ 

အမေရိကန် ပြည်ထောင်စု ကွန်ဂရက်က ၁၉၇၇ ခုနှစ်တွင် FED ဗဟိုဘဏ်၏ ဒွိတာဝန်ပေးမှု (FED’s dual mandate) ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ တည်ငြိမ်သည့် ဈေးနှုန်းကို မြှင့်တင် ဆောင်ရွက်ရန် နှင့် အပြည့်အဝ အလုပ် အကိုင်ရရှိမှုအတွက် တာဝန်များ ဖြစ်သည်။ ဗော်လ်ကာ၏ လက်ထက်တွင် အမေရိကန်ဗဟိုဘဏ် (FED) ၏ ဦးတည်ချက်မှာ အလုပ်အကိုင် အပြည့်အဝ ရရှိရေး ဖြစ်၍၊ ဒုတိယ ဦးတည် ချက်မှာ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းထားရန် ဖြစ်သည်။ ဗော်လ်ကာက ငွေကြေးထောက်ပံ့မှု (money supply) ကို ၁၉၈၀-၈၂ ခုနှစ်များတွင် နှေးစေခဲ့သည်။ 

ကနဦးတွင် အမေရိကန် စီးပွားရေးမှာ စီးပွားပျက်ကပ်သို့ ဦးတည်သွားသည်။ သို့သော် ၁၉၈၃ ခုနှစ် ရောက်သည့်အခါ ငွေကြေးဖောင်းပွမှု ကျဆင်းလာသည်။ စီးပွားဖွံ့ဖြိုးမှု ပြန်တည်နိုင်ပြီး၊ ၁၉၈၇ ခုနှစ်တွင် အလုပ်လက်မဲ့ဖြစ်မှု ၆.၂% သို့ ကျဆင်းသွားသည်။ ဗော်လ်ကာ၏ FED အတွက် နောက်ဆက်ခံသူ အလန် ဂရင်းစပန်း (Alan Greenspan) က ဤကာလကို သူ၏ အမှတ်စရာများစာအုပ်တွင် ပြန်ရေး၍ ဖော်ပြခဲ့သည်။ 

“သူ၏ မူဝါဒနောက်ဆက်တွဲ ကိစ္စများမှာ ဗော်လ်ကာ မျှော်လင့်ထားသည်ထက် ပို၍ ပြင်းထန်သည်။ ၁၉၈၀ ပြည့်နှစ် ဧပြီလတွင် အမေရိကန်ပြည်ထောင်စု မိန်းစထရိ၌ အတိုးနှုန်းမှာ ၂၀ ရာခိုင်နှုန်းအထက် မြင့်တက်သွားသည်။ ကားများ မရောင်းရတော့၊ အိမ်များ မဆောက်နိုင်တော့၊ လူသန်းနှင့်ချီ၍ အလုပ်ပြုတ်ကြသည်။ အလုပ်လက်မဲ့ဖြစ်မှုက ၁၉၈၀ ခုနှစ်များ နှစ်လယ်ပိုင်းတွင် ၉ ရာခိုင်နှုန်းခန့်သို့ တက်လာသည်။ ၁၉၈၂ ခုနှစ်တွင် နှောင်းပိုင်းတွင် ၁၁ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့သည်။ … သို့သော် ထိုနှစ်၏ နှစ်လယ်တွင် ၁၅ ရာခိုင်နှုန်းအထိ အထွတ်အထိပ်သို့ တက်ခဲ့ပြီးနောက် ငွေကြေးဖောင်းပွမှုက တဖြည်းဖြည်းချင်း ပြန်ကျဆင်းလာသည်။ ရေရှည်အတိုးနှုန်းကလည်း တလက်မချင်း ပြန်၍ ကျဆင်းလာသည်။ သို့တိုင်အောင် အပြည့်အဝ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်သည်အထိ ၃-နှစ်မျှ အချိန်ယူခဲ့ရသေးသည်” ဟု ဂရင်းစပန်းက ရေးသားခဲ့သည်။ 

ဒတ်ချ်နိုင်ငံက စိန်ခေါ်မှု နှစ်ခု တပြိုင်တည်း ကြုံတွေ့ရသည်။ စီးပွားတန့် ငွေကြေးဖောင်းပွမှု (stagflation) နှင့် ဒတ်ချ်ရောဂါ (Dutch disease) ဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် ကနဦးအနေဖြင့် တိုင်းပြည်စီးပွားရေးက ရေနံဈေးကြောင့် သက်ရောက်မှု ရှိခဲ့သည်။ နယ်သာလန်က သူ၏ အစ္စရေးလ်ကို ထောက်ခံသည့် ရပ်တည်ချက် အကြောင်းကြောင့် ရေနံရောင်းနိုင်ငံများ (OPEC) ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင် သပိတ်မှောက်ခဲ့သည်။ တချိန်တည်းတွင် ဒတ်ချ်၏သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှု ဈေးနှုန်းမှာ ရေနံဈေးနှင့် ဆက်စပ်၍ အလွန် မြင့်မားနေသည်။ ငွေကြေးဖောင်းပွမှု တက်လာသည်၊ အလားတူ ဈေးနှုန်းများနှင့် လုပ်ခများ မြင့်တက်လာခဲ့သည်။ နယ်သာလန်နိုင်ငံအနေဖြင့် လုပ်ခ-ဈေးနှုန်း ကြောင်လိမ်လှေကား သံသရာတွင်ပိတ်မိ၍ နေတော့သည်။ 

၁၉၇၈ ခုနှစ်တွင် ဒတ်ချ် ညွန့်ပေါင်းအစိုးရက စီးပွားတန့် ငွေကြေးဖောင်းပွမှု ပြဿနာကို ကိုင်တွယ်ထိန်းချုပ်ရေး မူဝါဒတရပ် ချမှတ် ဆောင်ရွက်ရတော့သည်။ လမ်းပြမြေပုံ ၈၁ (Bestek 81) ဟု ခေါ်သည်။ ယင်း၏ဦးတည်ချက်မှာ အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ရန် ဖြစ်သည်။ အများပြည်သူ အကျိုးခံစားခွင့် ကုန်ကျစရိတ်များ မိုးထိုးမြင့်တက်နေရာ အစိုးရအသုံး စရိတ်ကို ထိန်းချုပ်၍ မဖြစ်နိုင်အောင် ဖြစ်နေရသည်။ ဤအသုံးစရိတ်များကို များသောအားဖြင့် ဒတ်ချ်၏ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချ၍ ရသောငွေမှ ပြန်၍ ရန်ပုံငွေ ထောက်ပံ့ပေးနေသည်။ 

သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရငွေကြောင့် ဒတ်ချ် ၏ ဂီလ်ဒါငွေ (Dutch guilder) ဈေးမြင့်နေစေသည်။ သို့ဖြစ်ရာ ဒတ်ချ်၏ ပြည်ပတင်ပို့မှုများ ဈေးကြီးနေပြီး၊ ပြည်တွင်း တင်သွင်းမှုများက ပြည်တွင်ထုတ်ကုန် လုပ်ငန်းများထက်စာလျှင် ဈေးချို ဈေးပေါနေသည်။ ရလဒ်အနေဖြင့် ဒတ်ချ်၏ လူသုံးကုန် ထုတ်လုပ်ရေးကဏ္ဍ ကျဆင်းလာစေပြီး၊ နောက်ဆက်တြွအနေဖြင့် လူများ အလုပ်ပြုတ်ကြသည်။ ဤသို့ ဆက်စပ်ဖြစ်နေသည့် တုံ့ပြန်မှုသဘောကို “ဒတ်ချ်ရောဂါ” (Dutch disease) ဟု ခေါ်ဆိုကြသည်။

လမ်းပြမြေပုံ ၈၁ (Bestek 81) အနေဖြင့် လူအများ ကန့်ကွက်ဆန္ဒပြမှုနှင့် ကြုံတွေ့ရသည်။ ၁၉၈၁ ခုနှစ်တွင် ညွန့်ပေါင်းအစိုးရ နုတ်ထွက်ပေးရသည်။ တိုင်းပြည်စီးပွားရေး ပျက်ကိန်းကြုံရသည်။ ငွေကြေးဖောင်းပွမှု မြင့်မားနေပြီး၊ အလုပ်လက်မဲ့ဖြစ်မှု နှုန်းမှာလည်း ၄ ဒသမ ၈ ရာခိုင်နှုန်း (၁၉၈၀) မှ (၁၉၈၃) ခုနှစ်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း သို့ တက်လာသည်။ အသစ်သော ညွန့်ပေါင်းအစိုးရတရပ် တက်လာပြီး ဤပြဿနာများကို ဖြေရှင်းရရေး ကြိုးပမ်းရတော့သည်။ 

ညွန်ပေါင်းအစိုးရသစ်က အလုပ်ရှင်များထံမှရော၊ အလုပ်သမားသမဂ္ဂများထံမှပါ ထောက်ခံပံ့ပိုးမှု ရသည်။ ဝါစနာ သဘောတူ ညီချက် (Wassenaar Agreement) ကို ၁၉၈၂ ခုနှစ်တွင် အလုပ်ရှင်အဖွဲ့အစည်းများနှင့် အလုပ်သမားသမဂ္ဂများအကြား သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယင်းတွင် လုပ်အားခ ကုန်ကျစရိတ် သက်သာစေရေးအတွက် လုပ်ခလစာများကို အမြင့်ဆုံးသတ်မှတ်ထားရေး (a cap on wages) နှင့် အပြန်အလှန်အားဖြင့် အပတ်စဉ် အလုပ်ချိန်နာရီများ လျှော့ချပေးရေး နှင့် အချိန်ပိုင်းအလုပ်များ ချဲ့ထွင်ပေးရေးတို့ ပါဝင်သည်။ ဤသို့ဖြင့် အလုပ်ဖြစ်ခဲ့သည်။ 

စီးပွားရေးက ပြန်၍ ဖွံ့ဖြိုးလာပြီး အလုပ်လက်မဲ့ဖြစ်ရမှုနှုန်းက ၁၉၈၃ ခုနှစ်တွင် အမြင့်ဆုံး ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိခဲ့ရာမှ ၁၉၈၆ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့သည်။

Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan


Join Us @ MoeMaKa Telegram
t.me@moemaka

#MoeMaKaMedia

#WhatsHappeningInMyanmar