Breaking News

အိုမိုဒါ - ကောင်လေးရေ . . .

ကောင်လေးရေ . . .
အိုမိုဒါ 
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၂

ကောင်လေးရေ . . .
မျှော်လင့်ခြင်းတွေတပွေ့တပိုက်နဲ့
မင်းရဲ့အသွင်သဏ္ဍာန်ကလေးက
လန်းဆန်းတက်ကြွလွန်းလှတယ် . . .

အမှန်တရားကိုမြတ်နိုးသူ
မတရားမှုကိုစက်ဆုပ်သူ
ငြိမ်းချမ်းမှုကိုလိုလားသူ
အေးချမ်းစွာနေလိုသူ
လူတွေကြားထဲပျော်ရွှင်သူ
မင်းဟာ သူတော်ကောင်းလေးပါ . . .

ဘဝစေရာတာဝန်တွေကို
အရွယ်ပျိုနဲ့မမျှ
ထမ်းမသယ်ပိုးခဲ့သူလေး
တက္ကသိုလ်မြေရဲ့အဝေးမှာ
ငြိမ်းအေးပါစေကွယ် . . .

ပလ္လင်ရူးတွေ
ဘုရင်ရူးတွေနဲ့
သူ့ရဲ့ကျွန်ရူးတွေကို
မထီသလိုမျက်နှာထားနဲ့
ပြုံးပွဲဖွဲ့တွန်းလှန်သူတွေကြား
မင်းဟာရှေ့ဆုံးနားမှာ . . .

၂၁ ရာစုထဲ
ပထမဆုံးအကြိမ်မဲပေးခဲ့သူ
နုနုဖြူဖြူကောင်လေး
ခုတော့ဝေးခဲ့ကြရပြီ . . .

ပြည်သူတွေကိုထိတဲ့အခါ
ပြည်သူတွေကိုကာကွယ်ဖို့
ကောင်လေးတို့ထွက်ခွာ
ရရာလေးမြားလက်နက်နဲ့
ရန်သူရဲ့နှလုံးအိမ်အတွင်း
ထုတ်ချဉ်းခတ်စူးစေခဲ့သူ . . .

အေးချမ်းသာယာ
အနာဂတ်အိပ်မက်တွေနဲ့
ထုံလွှမ်းနေတဲ့မင်းအသွင်
ခုထိမြင်ယောင်နေဆဲပါ . . .

ခုတော့ကြေကွဲရပြီ . . .
ကြည်လင်တောက်ပလျက်
မင်းရဲ့မျက်နှာလေးပေါ်မှာ
သွေးစက်တွေဟာပြန့်ကျဲ
တစ်ကိုယ်လုံးလည်းရွှဲရွှဲစို
ငါတို့အားလုံးအံကြိတ်ငိုကြ . . .

နိုင်ငံတော်နဲ့
နိုင်ငံသားတွေအတွက်
မင်းအသက်ကိုပေးလှူ ခဲ့ပြီ . . .

နောက်ဆုံးစက္ကန့်အချိန်ကလေးမှာ
ပွင့်အာဟလာတဲ့
မင်းနှုတ်ကထွက်ခဲ့စကား
ကြက်သီးများတောင်ထပါရဲ့ . . .

" အစ်ကိုတို့နဲ့အတူ
ဝင်ကူတိုက်ပေးဖို့
ကျနော်တို့ဝိညာဉ်တွေ
အနားမှာဆက်ရှိနေမယ် "
            -         

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar