Breaking News

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်က ဘာအဓိပ္ပာယ်ဆောင်သလဲ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၈ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၂


စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်က ဘာအဓိပ္ပာယ်ဆောင်သလဲ 

စစ်ကောင်စီက တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့မှာ အကျဥ်းသား ၆ ထောင်နီးပါး လွှတ်ပေးမယ်လို့ ကြေညာပြီး လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ သူ ၇၀၀ ကျော်ပါဝင်တယ်လို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။ ကျန် ၅၀၀၀ ကျော်ကတော့ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ ဖြစ်ပါတယ်။ ဒီ ၇၀၀ ကျော်ရဲ့ စာရင်းကိုတော့ ထုတ်ပြန်တာမျိုးမရှိဘဲ အကျဥ်းထောင်အလိုက် လွတ်လာတဲ့သူတွေ ကောက်ယူကြည့်ရာမှာ ၁၀၀ ထက်မကျော်တာ တွေ့ရပါတယ်။ 

စစ်ကောင်စီက လွှတ်တဲ့ သတ်မှတ်ချက်တွေကို အကြမ်းဖျဥ်း သရုပ်ခွဲကြည့်မယ်ဆိုရင် နိုင်ငံရေးနဲ့ သက်ဆိုင်ပြီး ဖမ်းဆီးထောင်ချထားသူ နိုင်ငံခြားသားအရေအတွက် အနည်းငယ် ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တချို့၊ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်ထဲက ပေါ်လစီချမှတ်သူ၊ ဆုံးဖြတ်သူတွေလို အဓိက မကျတဲ့သူတချို့၊ သတင်းသမားထဲက ပြစ်ဒဏ်လက်ကျန် နည်းသူတချို့၊ အနုပညာရှင်ထဲက ၅၀၅-ကနဲ့ ဝရန်းထုတ်ထားသူတချို့ နဲ့ ဆန္ဒပြမှုတွေမှာ ပါဝင်သူ၊ ဆိုရှယ်မီဒီယာတွေမှာ စစ်ကောင်စီဆန့်ကျင်ရေး ရေးသားမှုကြောင့် ၅၀၅-က နဲ့ ဖမ်းဆီးပြစ်ဒဏ်ချခံရသူ တချို့တို့ပါဝင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီလို အလွှာစုံက သူတွေကို ပြစ်ဒဏ်လက်ကျန်နည်းတဲ့အချက်၊ စစ်တပ်အပေါ် ပြင်းထန်တဲ့ သဘောထား မရှိဘူးလို့ ယူဆသူတွေနဲ့ အန်အယ်လ်ဒီလက်ထက်က အစိုးရအဖွဲ့ထဲ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းထဲ တာဝန်ယူ လုပ်ဆောင်ခဲ့ပေမယ့် အခုအချိန်မှာ အန်အယ်လ်ဒီအပေါ် ခိုင်ခိုင်မာမာ ထောက်ခံမှုမျိုး မပြတော့တဲ့သူတွေ ဆိုတာမျိုးတွေကို လွှတ်ပေးပြီး နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် သဘောထားပျော့ပျောင်းတဲ့သူတွေ အလွှာတခု ဖြစ်လာအောင် ရည်ရွယ်လုပ်ဆောင်တဲ့သဘောလို့ ခန့်မှန်းရပါတယ်။ ဒါက ပြည်တွင်းက နိုင်ငံရေး အခင်းအကျင်းအတွက် ရည်မှန်းချက် ဖြစ်ပါတယ်။ နိုင်ငံခြားသား ၄ ဦးကိုလွှတ်ပေးတာကတော့ နိုင်ငံတကာအနေနဲ့ ဖိအားပေးမှု အတိုင်းအတာတခုထိ လျော့ပါးလာအောင် ရည်ရွယ်တာဖြစ်ပြီး မြန်မာနိုင်ငံသား နိုင်ငံရေးနဲ့ ဆက်နွယ်သူ လွှတ်ပေးခြင်းကလည်း  နိုင်ငံတကာက ဖိအားပေးမှုကို အနည်းအကျဥ်း လျော့ကျစေနိုင်မယ်လို့ ရည်မှန်းချက်ထားတာ ဖြစ်နိုင်ပါတယ်။ 

ယခင်နှစ်ကလည်းသိသာထင်ရှားတဲ့ လွတ်ငြိမ်းခွင့် ၂ ကြိမ် ရှိခဲ့ရာမှာ ဇွန်လ နဲ့ အောက်တိုဘာလတို့မှာ ဖြစ်ပြီးအဲဒီနောက်မှာ ၁ နှစ်အကြာမှသာ အခုလို သိသာတဲ့ လွတ်ငြိမ်းခွင့် ပေးတာဖြစ်ပါတယ်။ ယမန်နှစ်က လွတ်ငြိမ်းခွင့်ပေးစဥ်က အခြေအနေက PDF လက်နက်ကိုင် လှုပ်ရှားမှု အရှိန်စယူချိန်ကာလ ဖြစ်ပြီး လက်နက်ကိုင် လမ်းစဥ်ဘက်ကို မပါဝင်တဲ့ ဆန္ဒပြသူ၊ အကြမ်းမဖက်တဲ့ နိုင်ငံရေး လမ်းကြောင်းစွဲကိုင်သူတွေထဲက ခေါင်းဆောင် မဟုတ်တဲ့သူတွေကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ 

အဲဒီနောက် PDF လှုပ်ရှားမှုတွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ အခုချိန်ထိတိုင်းရင်းသားဒေသတွေ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနဲ့ မကွေးလို ဒေသတွေမှာ ဖြစ်ပါတယ်။ မြို့တွေပေါ်က မြို့ပြပြောက်ကျားလှုပ်ရှားမှုအနေနဲ့တော့ မနှစ်ကနဲ့ နှိုင်းယှဥ်ရင်အရေအတွက် နည်းပါးလာတာ တွေ့ရမှာဖြစ်ပါတယ်။ 

အခု လွှတ်ပေးတဲ့အခါမှာလည်း အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မနဲ့ စွဲဆို ပြစ်ဒဏ်ချခံရသူ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း စတဲ့ လက်နက်ကိုင် လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့သူတွေ လုံးဝမပါရှိတာတွေ့ရမှာပါ။ 

ဒီအချက်ကို သတိပြုဆန်းစစ်ကြည့်ရင် လက်နက်ကိုင်လမ်းစဥ်ကို မရွေးချယ်တဲ့ နိုင်ငံရေး အကျဥ်းသားတွေထဲက ပြစ်ဒဏ်နည်းသူနဲ့ ထင်ရှားသူတချို့ကို လွှတ်ပေးပြီး ပြင်ပက နိုင်ငံရေးအခင်းအကျင်းကို အကြမ်းမဖက် နိုင်ငံရေးလမ်းကြောင်းမျိုး၊ ရွေးကောက်ပွဲ ဝင်တဲ့ နိုင်ငံရေးပါတီ အနေနဲ့ လှုပ်ရှားမှုမျိုးကို လမ်းကြောင်း ပေးတာလို့ ယူဆနိုင်ပါတယ်။ ဒါက စစ်ကောင်စီဘက်က ရည်ရွယ်ထားတဲ့ မဟာဗျူဟာ လို့ကောက်ချက်ချနိုင်ပါတယ်။ ဒီဗျူဟာက ဘယ်လောက်ထိ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာတော့ မကြာခင် လပိုင်းတွေမှာ ပေါ်ထွန်းလာမယ့် အခြေအနေတွေကို စောင့်ကြည့်ရမယ့် သဘောလို့မြင်ပါတယ်။ 

လက်နက်အားကိုးနဲ့ စစ်တပ်ကို အသုံးချပြီးနိုင်ငံရေးအရ ဆန့်ကျင်သူတွေကို ဖမ်းဆီး၊ အချို့က စစ်ဆေးမေးမြန်းစဥ်မှာတင် အသက်ဆုံးရှုံးမှုတွေ အများအပြားရှိခဲ့တဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာ အဖြစ်အပျက်တွေအရ မြန်မာ့နိုင်ငံရေးခရီးလမ်းက အကြမ်းမဖက် လမ်းစဥ်က ရေပန်းမစားတော့ပဲ လက်နက်ကိုင် လမ်းစဥ်ဘက်ကို အများစုက မဲတင်းပေးခဲ့ကြပြီး ပြည်တွင်းစစ်မီး ပိုမိုကျယ်ပြန့်စွာ တောက်လောင်ခဲ့ပြီ ဖြစ်ပါတယ်။ 

ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့က စစ်မီးက အရှိန်နဲ့ တောက်လောင်နေတုန်း အချို့နေရာက တကျော့ပြန် တောက်လောင်နေတုန်း ဖြစ်တာမို့ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ နိုင်ငံရေး အဖြေရမှာလားဆိုတာ စောင့်ကြည့်ရဦးမယ့် အနေအထားဖြစ်တယ်လို့သာ ဆိုချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar