Breaking News

မောင်တူး - ဒိုင်းမွန်းဆဲဗင်းတချပ်မျက်လှည့်အတတ်နဲ့ရွေးကောက်ပွဲလိမ်


ဒိုင်းမွန်းဆဲဗင်းတချပ်မျက်လှည့်အတတ်နဲ့ရွေးကောက်ပွဲလိမ် 
မောင်တူး
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၂
 
တခါလိမ်စ၊ ခံကြရ
လိမ်ကြသူများအပြစ်ပါ။
နှစ်ခါလိမ်မူ၊ ခံရသူများ
စဉ်းစားကြဖို့လိုမည်သာ။
သုံးလေးငါးခါ၊ အခါခါလိမ်
ခံရချိန်မူ၊ လိမ်သူအပြစ်မဟုတ်တော့။
လိမ်ပေါင်းများစွာ၊ ခံနေပါက
ခံကြသူများအပြစ်တည်း။။ 

#မျက်လှည့်ပွဲနဲ့ရွေးကောက်ပွဲ

ငယ်စဉ်ကာလကျောင်းသားဘဝကကျောင်းသွားရင်း မျက်လှည့်ပွဲခဏခဏကြည့်ဖူးတယ်။ မျက်လှည့်ဆရာကလိမ်နေမှန်းသိသိကြီးနဲ့ မျက်လှည့်ပွဲကိုကြည့်ကြသူတွေက ယုံခဲ့ကြဖူးတယ်။ (ဟုတ်နိုးနိုးပေါ့) မကြာခဏကြည့်မိတဲ့မျက်လှည့် မကြာခဏတိုင်းလည်း လိမ်နေမှန်းသိသိကြီးနဲ့ ယုံခဲ့ဖူးတာပါ။ ကိုယ်ကလူငယ်ကျောင်းသားအရွယ်မို့ယုံတာသာမဟုတ်ပါ။လူကြီးတွေမိန်းမကြီးတွေလည်း ယုံကြတာပါပဲ။ မျက်လှည့်တဝိုင်းကိုကြည့်သူလူလေးငါးဆယ်ကို မျက်လှည့်ဆရာက လိမ်သွားတာပါ။ ခဏခဏ။ သူ့ထက်ဆိုးတာက လူပေါင်းသန်း ၆၀ လောက်နဲ့ နိုင်ငံတကာကိုလိမ်တာမျိုးပါ။ လိမ်တာကလည်း ခဏခဏပေါ့။ မြန်မာပြည်မှာ ၁၉၉၀ မှာတခါ။၂၀၂၀မှာတခါ။ အခုလည်း၂၀၂၃ ရွေးကောက်ပွဲတဲ့ဗျား။ လိမ်ဦးမှာဆိုတာသိနေကြပြီးသားပေါ့။

#ဒိုင်းမွန်းဆဲဗင်းတချပ်မျက်လှည့်အတတ် အလိမ်ဇာတ်

လွန်ခဲ့သောနှစ်ပေါင်း ၄၀ လောက်ကပေါ့။ ကျနော်တို့မြို့မှာ မနက်ကျောင်းသွားချိန် ၉ နာရီလောက်ဆို ဈေးဘေးနားမှာ မျက်လှည့်ပြဆေးရောင်းတဲ့ဝိုင်း ရှိတတ်တယ်။ ဈေးသည်စုံလူစုံသွားလာနေတဲ့လမ်းဘေးမှာဆေးရောင်းရင်းမျက်လှည့်ပြတဲ့ဝိုင်းတွေ့တော့ ကျနော်ကြည့်မိတယ်။မျက်လှည့်ဆရာက ဟံသာလှတဲ့။ ယောပြန်ဆရာကြီးတဆူဖြစ်ပါတယ်ဆိုပြီး ကြေညာနေတာပေါ့။ ဆရာက အသက် ၅၀ လောက် တပည့်တယောက်က ထင်းရူးပုံးပေါ်ထိုင်ပြီး လင်းကွင်းကို တုံချန်တုံချန်အသံမြည်အောင် တီးနေတယ်။ လူ၂၀ ကျော်လောက်အုံလာတဲ့အခါကျတော့ မျက်လှည့်ဆရာက ထင်းရူးပုံးထဲကမြွေကြီးတွေကို ထုတ်တယ်။သူ့ကိုယ်မှာပတ်ပြီး ဆေးတွေလိုက်ရောင်းတာပေါ့။ ပရိတ်သတ်က ၅၀ လောက်ရှိလာတဲ့အခါ ဝိုင်းအလယ်ထင်းရူးပုံးပေါ်မှာ ပိတ်စအနီကိုခင်းပြီးဖဲထုပ်တထုပ် တင်ထားလိုက်တယ်။ သူ့တပည့်တွေက ဆေးတွေလိုက်ရောင်းနေတာပေါ့။ သူကဖဲထုပ်ကို ကုလားဖန်အကြိမ်ကြိမ်ထိုးနေရင်းက ( ညီအကို ဘကြီးဒေါ်ကြီး ဦးကြီးများခင်ဗျား) ဆိုပြီး ပိတ်စနီပေါ်မှာဖဲချပ်တွေကို မှောက်လျက် ဖြန့်ချပစ်လိုက်တယ်။ ပြီးတော့မှ ဘာပြကွက်များပြမည်လဲဆိုပြီး စိတ်ဝင်တစားကြည့်နေတဲ့ကျနော့်ကို သူကလှမ်းခေါ်တယ်။ 
"ကဲ ညီလေးရေ မှောက်ထားတဲ့ထဲကဖဲတချပ်ကိုယူပြီး ကြည့်လိုက်စမ်းပါ" တဲ့။

ဖြန့်ထားတဲ့ထဲက အလယ်လောက်ကဖဲတချပ်ယူတယ်။ ကြည့်လိုက်တော့ "ဒိုင်းမွန်းဆဲဗင်း" ဖြစ်နေတယ်။ သူက "ညီလေးရေအားလုံးမြင်အောင်ပြလိုက်ပါဦး" တဲ့။ ပတ်ဝန်းကျင်မြင်အောင် ဒိုင်းမွန်းဆဲဗင်းဖဲချပ်ကိုလိုက်ပြလိုက်တယ်။ ပြီးတော့ " လူကြီးမင်းလေးရေ ဖဲချပ်ကိုဖဲထုပ်ထဲကိုပြန်ထည့်လိုက်ပါဦး" ဆိုတော့ ကြုံသလိုပြန်ထည့်လိုက်တာပေါ့။

မျက်လှည့်ဆရာကဖဲထုပ်ကိုပြန်ယူ၊ ကုလားဖန်အကြိမ်ကြိမ်ထိုးပြီး ပိတ်စနီပေါ်ပြန်ချထားလိုက်တယ်။ ဆေးပြန်ရောင်းနေတယ်။ ကျနော်အပါ အဝင် ပရိတ်သတ်က ဒိုင်းမွန်းဆဲဗင်းဖဲချပ်နဲ့ ဘယ်လိုပြကွက်မျိုး ထူးဆန်းတာကို ဖဲထုပ်ထဲကထုတ်ပြလုပ်ပြဦးမလဲ စဉ်းစားနေကြရပြီပေါ့။ ဆေးတွေရောင်းလို့တော်တော်ကုန်ပြီ။ မြွေတွေလည်း သိမ်းနေပါတယ်။ အလုပ်အားလုံးပြီးကာမှ နောက်ဆုံးပြကွက်ပေါ့။ ဖဲထုပ်ကိုယူတယ်။ အမျိုးမျိုးချိုးလိုက်ထပ်လိုက် ကုလားဖန်အကြိမ်ပေါင်းများစွာထိုးနေတယ်။ တော်တော်ကြာတော့မှ ...

"ကဲ ညီကိုတို့စောင့်မျှော်နေတဲ့ပြကွက်လေးပြရအောင်" လို့ခပ်ကျယ်ကျယ်အော်ပြောလိုက်ပြီးတော့ ကုလားဖန် ၂ ကြိမ် ၃ ကြိမ်ထပ်ထိုးလိုက်တယ်။ နောက်ဖဲထုပ်ကို ပိတ်နီစပေါ်မှောက်ဖြန့်လိုက်တာပေါ့။ ပြီးတော့ "ညီငယ်လေးခုဏကပြလိုက်တဲ့ဖဲကဒိုင်းမွန်းဆဲဗင်းလား" လို့ဆိုပြီး ဝိုင်းပတ်လည်ကို ဝေ့ဝိုက်လှည့်ကြည့်လိုက်ရင်းက ဖြန့်ထားတဲ့ဖဲအပုံဘေးအစပ်လောက်က ဖဲတချပ်ကိုဆတ်ခနဲယူလိုက်တယ်။ 
"ညီအကိုတို့ဒီဖဲချပ်လား" ဆိုပြီး ဝိုင်းပတ်လည်ကိုမြင်သာအောင်ဖြည်းဖြည်းချင်းလှည့်ပြီး ထောင်ပြတယ်။ ဒိုင်းမွန်းဆဲဗင်းဖဲချပ်ဖြစ်ပါတယ်။တကယ်တော်တဲ့မျက်လှည့်ဆရာဆိုပြီး သူ့ရဲ့အံ့ဩဘွယ်ပြကွက်ကိုအထင်ကြီးသွားမိတယ်။

ကျနော်တို့ဖဲကစားခဲ့ကြတယ်။ ဖဲတထုပ်မှာ ၅၂ ချပ်ရှိတာပါ။ ဖဲတထုပ်မှာအပွင့် ၄ မျိုး။ ဒိုင်းမွန်းအနီရောင်၊ ဟတ်အနီနောင်၊ စပိတ်အနက်နဲ့ ညှင်းအနက်ပေါ့။ အပွင့်တမျိုးစီမှာ ၁ ကနေ၁၀ အထိနဲ့ ကုလားသုံးကောင်လို့ခေါ်တဲ့ "ဂျက်ကင်းကွင်း” စုစုပေါင်း ၁၃ ချပ်စီ ရှိကြတယ်။ လေးပွင့် (သို့မဟုတ်) လေးမျိုးမှာ ၁၃ ချပ်၄ ခါဆိုတော့ ၅၂ ချပ်တိတိပါ။ ဖဲတထုပ်လုံးမှာမှဒိုင်းမွန်းဆဲဗင်းတချပ်ထဲရယ်ပါ။ ၅၂ ချပ်မှာ တချပ်ထဲပါတဲ့ဖဲကိုအကြိမ်ကြိမ်ကုလားဖန်ထိုး၊ အခါခါချိုးအခါခါထပ်လုပ်ပြီး လိုချင်ရာဖဲတချပ်ကို ချက်ချင်းဆွဲထုတ်ပြနိုင်တာ ပါရမီရှင်မှလုပ်နိုင်မှာလေ။ မျက်လှည့်ဆရာကြီးကိုအရမ်းလေးစားသွားတယ်။

ဒီပညာကိုလိုချင်တာနဲ့လူရှင်းအောင်စောင့်တယ်။ သူ့ကိုသွားချော့ပြီး ပညာကိုမျှပေးဖို့ သွားတောင်းမိတယ်။ "လွယ်လွယ်လေးပါ မသိချင်ပါနဲ့မခက်ပါဘူး" ဆိုပြီး သူကငြင်းတယ်။ အကြိမ်ကြိမ်တောင်းပန်တယ်။အကြိမ်ကြိမ်ငြင်းတယ်။ နောက်ဆုံးမရမနေတောင်းတော့မှ လက်ဖက်ရည် တိုက်ခိုင်းလို့ဆိုင်ခေါ်သွားပြီး တိုက်လိုက် ကျွေးလိုက်ရသေးရဲ့။ ပြီးမှ ခုနက မျက်လှည့်ပြတဲ့ဖဲထုပ်ကို ကျနော့်ကိုပေးတယ်။ ဖဲတွေကိုပက်လက်လှန်ပြီးကြည့်။ ပညာကိုသိရမယ်တဲ့။ ဟုတ်ပ။ ဖဲထုပ်ကိုကြည့်လိုက်တော့မှ ၅၂ ချပ်စလုံးဟာ ဒိုင်းမွန်းဆဲဗင်းတွေချည်း ဖြစ်နေတယ်ဗျာ။

ဒါကြောင့် ဘယ်ဖဲချပ်ကိုဆွဲယူယူ ဒိုင်းမွန်းဆဲဗင်းပဲဖြစ်တာပေါ့။ ကောင်းလိုက်တဲ့လှည့်ကွက်။ လှည့်စားချက်။ လိမ်လည်ချက်။ မျက်လှည့်ကြည်သူလူ ၅၀ လောက်အတွက်ကတော့ ဒီလှည့်စားချက်ဟာ ဖျော်ဖြေရေးတခုသဘောပေါ့။ ဒီပြကွက်လှည့်စားချက်ကို မှတ်မှတ်ရရတော့ရှိကြမှာလည်း မဟုတ်ပါဘူး။ မေ့မေ့ ပျောက်ပျောက်ပါပဲ။ အခုလည်း ၂၀၂၃ ရွေးကောက်ပွဲအတုအယောင်ကြောင့်သာ ဒါလေးကိုပြန်သတိရမိလာတာပါ။ နောက်တခုကတော့ မျက်လှည့်ဝိုင်းက လူ ၅၀ လောက်ကိုလိမ်တာသာမဟုတ်ပဲ လူပေါင်းသန်း ၆၀ တတိုင်းတပြည်လုံးနဲ့ တကမ္ဘာလုံးကိုလိမ်ခဲ့တဲ့ သမိုင်းတွင်ကျန်ရစ်ခဲ့တဲ့အကြောင်းပါ။

#၁၉၉၀ရွေးကောက်ပွဲလိမ်လည်မှု

၈၈၈၈ အရေးတော်ပုံကြီးကိုပစ်ခတ်သတ်ဖမ်းနှိမ်နင်းပြီး ၁၉၈၈ စက်တင် ဘာ ၁၈ စစ်အာဏာသိမ်းတယ်။ နဝတနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ဖွဲ့တယ်။ ၁၉၈၈ စက်တင်ဘာ ၂၃ နဝတဥက္ကဋ္ဌကာကွယ် ရေးဦးစီးချုပ် ဗိုလ်စောမောင်က ပထမဆုံးမိန့်ခွန်းပြောတယ်။

" " " " " ရဟန်းရှင်လူပြည်သူအပေါင်းတို့ခင်ဗျား။ နိုင်ငံတော်အတွင်းလက်ရှိဖြစ်ပွားနေတဲ့အခြေအနေများနဲ့ပတ်သက်ပြီး တပ်မတော်အပေါ်မှာရဟန်းရှင်လူ ပြည်သူတရပ်လုံးအနေနဲ့ အထင်အမြင်လွဲမှားမှုများ မဖြစ်စေဖို့ တပ်မတော်၏ရည်ရွယ်ချက်ကို သိရှိလာနိုင်ဖို့ ရှင်းလင်းတင်ပြလိုပါတယ်။ နိုင်ငံတော်တဝန်းလုံးဖြစ်ပေါ်ခဲ့တဲ့အရေးအခင်းဟာ စစ်မှန်သောဒီမိုကရေစီရရှိရေးရည်ရွယ်ချက်နဲ့ အေးချမ်းစွာဆန္ဒပြအခွင့်အရေးတောင်းဆိုသည့် နိုင်ငံရေးလှုပ်ရှားမှုများကစတင်ခဲ့သော်လည်း နောက်ပိုင်းမှာမသမာသူများ၊ အကြမ်းဖက်သမားများရောနှောပါဝင်လာပြီး နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ စိုးရိမ်ဖွယ်ရာအခြေ အနေများရောက်တဲ့အထိ ဆူပူလှုပ်ရှားမှု၊ခြိမ်းချောက်မှု၊ ရက်စက်မှုစတဲ့မင်းမဲ့စရိုက်ပြုလုပ်မှုများအထိ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုဆိုးရွားစွာလှုပ်ရှားလာ၍ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး တဖက်မှာလည်း နိုင်ငံရေးနည်းအရဖြေရှင်းမနိုင်တော့တဲ့အခြေအနေတွေဖြစ်ပေါ်လာလို့ တိုင်းပြည်အတွက်ကြီးမားတဲ့အန္တရာယ်ကျရောက်တော့မဲ့ဆဲဆဲမှာ တပ်မတော်အနေနဲ့အခက် အခဲအကျပ်အတည်းများနဲ့ရင်ဆိုင်ရမှာကိုသိလျက်နဲ့ မလွှဲမရှောင်သာတော့လို့ နိုင်ငံတော်အာဏာကိုရယူခဲ့ခြင်းသာ ဖြစ်ပါတယ်။ အခုလိုဆောင်ရွက်ရတဲ့အတွက်လည်း စိတ်မချမ်းမြေ့မှုများစွာခံစားရပါတယ်။ " " " " " "

စာရေးသူကျနော့်အမြင်ပြောရရင် သားကောင်ကိုမြိုချနေရပြီး နာကျင်နေလို့ကျတဲ့ "မိကျောင်းမျက်ရည်ကျသလို " မလွဲမရှောင်သာအနာခံပြီးအာ ဏာလေးသိမ်းခဲ့ရတဲ့ သနားစရာစစ်ဦးစီးချုပ်ပေါ့။ ပြီးတော့ လိမ်လည်ကျင်းပခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲကိုလည်း သူဘယ်လိုကတိပေးခဲ့ပါသလဲ။ ၁၉၈၉ ခုမတ် ၂၇ ရက် ၄၄ နှစ် မြောက်တော်လှန်ရေးနေ့စစ်ရေးပြပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်စောမောင်မိန့်ခွန်းကိုသာ ဖတ်ကြည့်ကြပါ။

" " " အဖက်ဖက်ကအခြေအနေတွေပေးလာတာနဲ့ စစ်မှန်တရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီးကို သောင်းကျန်းမှုနဲ့ ဆက်စပ်ပြီး ငြိမ်ဝပ်ပိပြားခြင်းမရှိသေးတဲ့နယ်မြေတချို့ကလွဲရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးရင်လိုအပ်တာတွေဆောင်ရွက်ပြီးတဲ့နောက် ပြည်သူ့ဆန္ဒနဲ့ရွေးချယ်လိုက်တဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီရွေးချယ်တင် မြှောက်လိုက်တဲ့ အစိုးရသစ်ဖြစ်ပေါ်လာမှ ာဖြစ်ပါတယ်။
အဲ့ဒီအစိုးရသစ်အနေနဲ့ နိုင်ငံတော်ကိုဆက်လက်ဦးဆောင်သွားရာမှာပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံးဖော်ဆောင် သွားလိမ့်မယ်လို့ မျှော်မှန်းထားတယ်။ တို့တပ်မတော်သားတွေအဖို့တော့စစ်တန်းလျားကိုပြန်သွားပြီး တို့ရဲ့မူလအဓိကတာဝန်ကြီးဖြစ်တဲ့ အခုပြောကြားရာမှာပါဝင်တဲ့ တာဝန်ကြီးတွေကို ဦးလည်မသုန်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာပဲဖြစ်တယ်။ " " "

၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကအပြတ်အသတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဒိုင်းမွန်းဆဲဗင်းဖဲချပ်မျက်လှည့်လိုပါပဲ ။လိမ်တာပါပဲ။ NLD အမတ်တွေကိုဖမ်းထောင်ချနှိပ်စက်သတ်ပြီး အစိုးရဖွဲ့ခွင့်မပေးခဲ့ပါ။ စစ်တပ်ဟာစစ်တန်း လျားကိုမပြန်တော့ပါ။ နှစ် ၃၀ ကျော်ကြာပါပြီ။ အခု ၂၀၂၃ ရွေးကောက်ပွဲထပ်လုပ်ဦးမယ်တဲ့။ မဲနိုင်သူတွေကိုအာဏာလွှဲမယ်တဲ့။ ဗိုလ်စောမောင်ကတိပေးခဲ့သလိုမျိုး မင်းအောင်လှိုင်ကကတိပေးနေပြန်ပါပြီ။ " ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြသော်လည်း ယုံရခက်ခဲမို့ကြောက်လှပြီပေါ့ နောင်များတခါ " ဆိုတဲ့သီချင်းသံကိုသာ ကြားနေမိပါတယ်။

#အရင်အကြွေးမဆပ်သေးကနောက်ကြွေးချရေးမလွယ်ပြီ

၂၀၂၀ နိုဝင်ဘာ၈ရွေးကောက်ပွဲဟာ ၂ နှစ်ပြည့်သွားခဲ့ပြီ။ အပြတ်အသတ်မဲနိုင် NLD ပါတီကိုဖျက်ဆီးပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့တယ်။ ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် စသူတွေကိုဖမ်း၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုဖမ်းသတ်၊ ထောင်ချထားတယ်။ ပြီးမှ၂၀၂၃ ရွေးကောက်ပွဲကို ထပ်လုပ်ဦးမယ်တဲ့။ ဒိုင်းမွန်းဆဲ့ဗင်းဖဲချပ်နီကလေးနဲ့ မျက်လှည့်ဝိုင်းကကြည့်သူ လူလေးငါးဆယ်ကို မျက် လှည့်ဆရာက လိမ်သွားသလိုပါပဲ။ အခုဟာက လူပေါင်းသန် း၆၀ လောက်နဲ့နိုင်ငံတကာကို လိမ်တာပါ။ လိမ်တာကလဲ ခဏခဏနော်။ ကျနော်တို့မြန်မာပြည်မှာ ၁၉၉၀ ခုနှစ်မှာတခါ။၂၀၂၀နိုဝင်ဘာမှာတခါ။ အခုလည်း ၂၀၂၃ ရွေးကောက်ပွဲတဲ့ဗျာ။ မျက်လှည့်ဆရာကြီးဒိုင်းမွန်းဆဲဗင်းဖဲချပ်နဲ့လိမ်သလို ရွေးကောက်ပွဲလိမ် လည်မှုကြီး ထပ်မံတိုးမြှင့် ကျူးလွန်ဦးမှာကိုတော့ ပြည်သူတွေကနိုင်ငံတကာကသိနေနှင့်ကြပြီးသားပါခင်ဗျာ။။

မောင်တူး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar