Breaking News

လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၃ )

လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၃ )

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၂

ပါတီကို ဘက်ပေါင်းစုံမှ တည်ဆောက်ရေး

ကွန်ဂရက်ကို တင်တဲ့ ရှီကျင့်ပင်ရဲ့ နိုင်ငံရေးအစီရင်ခံစာ နိဂုံးပိုင်းမှာ ပါတဲ့အခန်းကတော့— ပြည့်ဝတင်းကျပ်စွာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်စီမံအုပ်ချုပ်မှုကို ကျင့်သုံးလုပ်ဆောင်ခြင်းဖြင့်ခေတ်သစ်ကာလ- ပါတီတည်ဆောက်ရေး-မဟာစီမံကိန်းသစ်ကို ရှေ့တိုးတင်ရေး... တဲ့။

ဒီအခန်းမှာ— ရှေ့ခရီးဖြစ်တဲ့တရုတ်နိုင်ငံကြီးကို ဘက်ပေါင်းစုံက ခေတ်မီဆိုရှယ်လစ်နိုင်ငံအဖြစ် တည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးမှာ အဓိက၀င်ရိုးအဖြစ် ပါဝင်ရမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ အခန်းကို အတော်အလေးပေးထားတာ တွေ့ရပါတယ်။ ပါတီကို ဘက်စုံက ဘယ်လိုတည်ဆောက်ရမယ် ဆိုတဲ့ လမ်းညွှန်ချက်တွေလည်း ပါပါတယ်။

'တို့များပါတီဟာ အစိုးရအဖြစ် အုပ်ချုပ်ခွင့်ရထားတဲ့ ကမ္ဘာပေါ်က အကြီးဆုံး မာ့က်စ် ပါတီကြီး ဖြစ်တဲ့အတွက် အမြဲသတိကြီးစွာထားပြီး အဆက်မပြတ် ရှုပ်ရှုပ်ထွေးထွေး ပေါ်ပေါက်နေတဲ့နိုင်ငံတကာအခင်းအကျင်းများနဲ့ ပြည်တွင်းက စိန်ခေါ်မှုအမျိုးမျိုးကို ထိရောက် စွာ တုံ့ပြန်နိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားရမယ်။ ဒါမှသာ ပြည်သူများရဲ့ ထောက်ခံမှုကိုရပြီး ကြာရှည်ကြာများ အုပ်ချုပ်ခွင့်ရတဲ့ ပါတီ အနေအထားကို ခိုင်မာစေနိုင်မှာ ဖြစ်တယ်။ ဒါကြောင့်ပါတီအနေနဲ့ မိမိတို့ရရှိထားတဲ့အောင်ပွဲတွေအပေါ် ဘယ်တော့မှ မယစ်မူးပါနဲ့' လို့လည်း သတိပေးထားတာ တွေ့ရပါတယ်။

တကယ်တော့ တရုတ်ကွန်မြူနစ်ပါတီဟာ အာဏာရရှိခဲ့တဲ့ (၁၉၄၉) မှ စလို့ အနှစ် ၇၀ ကျော် ခရီးအတွင်း တရုတ်ပြည်ကြီးနဲ့ တရုတ်လူမျိူးတွေကို မတ်တပ်ရပ်စေနိုင်ခဲ့ပြီး ဖွံ့ဖြိုးချမ်းသာ တိုးတက် လာစေကာ၊ အင်အားတောင့်တင်းခိုင်မာစေခဲ့ပါပြီ။ သူတို့ရဲ့ ပထမရာပြည့်ရည်မှန်းချက်ဖြစ်တဲ့ ပါတီထူထောင်ခြင်း အနှစ် (၁၀၀) ပြည့် (၂၀၂၁) ခုနှစ်မှာ တရုတ်ပြည်ကြီးကို အတော်အသင့်ချမ်းသာတဲ့နိုင်ငံဖြစ်လာရေး ဆိုတာဟာ အကောင်အထည်ပေါ်ခဲ့ပါပြီ။

ဒီခရီးတလျှောက်မှာ အဓိကတွန်းအားအဖြစ် ပါဝင်ခဲ့တဲ့ ပါတီရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိခဲ့သလဲ။ ဒီလိုမျိုးပါတီကို ဘယ်လို တည်ဆောက်ခဲ့သလဲ။ ကြည့်ရအောင်ပါ။

ပီကင်း ဗဟိုပါတီကျောင်းက ပါမောက္ခ တိုက်ရန်ကျွင်းက မေးမြန်းခန်းတခုမှာ ဒီလိုပြောပြထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ စတင်ဖွဲ့စည်းစဉ်ကာလကစလို့ ပါတီတွင်း ပညာပေးရေးကို တစိုက်မတ်မတ် မရပ်မနား လုပ်ဆောင်ခဲ့တာပါ။ ပါတီဝင်များရဲ့ လေ့လာရေး ဦးတည်ချက် ဖြစ်တဲ့ 'ပြည်သူလူထုအကျိုးပြုရေး' ဆိုတဲ့ တာဝန်ကိုလည်း ဘယ်တုန်းကမှ အပြောင်းအလဲ မလုပ်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ သူတို့ပါတီဟာ ဘက်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်ခဲ့တာ ဖြစ်ပုံရပါတယ်။

ပါတီကို စတင်ထူထောင်စဉ်က မာ့က်စ်ဝါဒကျွမ်းကျင်သူများ မွေးမြူရေးဟာ အခရာဖြစ်လို့ ၁၉၃၃ ခုနှစ်ကစလို့ (ပါတီရဲ့ ပထမဆုံးအခြေခံဒေသ) ကျန်းရှီးအရပ်မှာ မာ့က်စ်ကွန်မြူနစ်သင်တန်းကျောင်း စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ အလွန်အခြေခံကျတဲ့ မာ့က်စ်ဝါဒသဘောတရားများနဲ့ ပါတီရဲ့ လမ်းစဉ်များသာ အဓိကထား လေ့လာကြရတာပါ။

၁၉၃၆ ခုနှစ် ခရီးရှည်ချီတက်ပွဲအဆုံး တပ်နီတော်က စန်းရှီး အရပ်(ယင်အန်း)ကို ရောက်လာတော့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ပါတီကျောင်း ဆိုတာ ဖွင့်လှစ်ပြီး ပါတီကေဒါတွေကို ပညာပေးတာ၊ ပါတီရဲ့သဘောတရားရေးရာ တီထွင်မှုများကို မြှင့်တင်ပြီး ပါတီကို ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခဲ့ပါတယ်။

ဒီလိုနဲ့ ပါတီကျောင်းတွေကို တစတစ တိုးချဲ့ဖွင့်လှစ်လာရာမှာ အခုအခါ ဗဟိုစည်းရုံးရေးဌာနက တိုက်ရိုက်ကိုင်ထားတဲ့ ဗဟိုအဆင့်ကျောင်း ၄ ကျောင်းနဲ့ နိုင်ငံအနှံ့ အဆင့်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ပါတီကျောင်းပေါင်း ၃၀၀၀ လောက် ရှိနေပါပြီ တဲ့။

ဗဟိုအစိုးရအဆက်ဆက်ကလည်း အဲဒီပါတီကျောင်းတွေရဲ့ ပညာပေးရေး လေ့လာရေးသင်တန်းတွေ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့၊ ခေတ်ကာလနဲ့ ကိုက်ညီဖို့ အလွန်အရေးထားပြီး လုပ်ငန်းလမ်းညွှန်တွေ၊ စည်းကမ်းသတ်မှတ်ချက်တွေ သတ်မှတ်ပေးပြီး ဒီလုပ်ငန်းကို ပါတီတည်ဆောက်ရေးအတွက် အရေးကြီးတဲ့လုပ်ငန်းတရပ် ဖြစ်လာရေးအတွက် ဦးတည်လုပ်ဆောင်တာတွေ တွေ့ရပါတယ်။

 ဥပမာ- ပီကင်းကဗဟိုပါတီကျောင်း ဆိုပါတော့။

အဆင့်မြင့်ပါတီကေဒါများ နောက်တဆင့် ရာထူးတက်ရေးအတွက် မဖြစ်မနေ တက်ရပါတယ်။ အဲဒီမှာ စနစ်တကျ သိပွံနည်းကျ သုတေသနပြုလုပ်ထားတဲ့ ပါတီသမိုင်းနဲ့ သဘောတရားများ (ဥပမာ- ခရီးရှည်ချီတက်ပွဲအတွင်း ဖြစ်တည်လာတဲ့ မော်စီတုံးရဲ့ စစ်ရေးအမြင်များ-)ကို လေ့လာရပြီး ကာလရှည်(၂ လ မှ ၆ လ)သင်တန်းများ ဖြစ်ပါတယ်။ 

ဒါ့အပြင် တကမ္ဘာလုံးက ထွက်ပေါ်လာနေတဲ့ သဘောတရားအသစ်တွေ (ဥပမာ-cyper securityဆိုတာမျိုး)ကိုလည်း လေ့လာကြရပါတယ်။ အပြန်အလှန် ဆွေးနွေးငြင်းခုံပွဲတွေလည်း ရှိပါတယ်။

ဒါ့အပြင် ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်များအဖြစ် လျာထားခံရသူများကိုလည်း ဒီဗဟိုကျောင်းရဲ့ကျောင်းအုပ်ကြီးများအဖြစ် ခန့်ထားဖူးပါတယ်။ 

ဥပမာ (၂၀၀၈-၂၀၁၈ သမ္မတ)ဟူကျင့်ထောင်၊ အခုလက်ရှိ သမ္မတ ရှီကျင့်ပင်တို့ အဲဒီကျောင်းမှာ ကျောင်းအုပ်များ လုပ်ဖူးပါတယ်။ သူတို့က သင်တန်းတွေမှာ ၀င်ပို့ချပေးရတာတွေ၊ ဆွေးနွေးပွဲတွေမှာ ဦးဆောင်ရတာတွေ လုပ်ရပါတယ်။ ဒီနည်းနဲ့ သူတို့တတွေရဲ့ မာ့က်စ်ဝါဒသဘောတရားကိုတိုးတက်စေရုံမက အနယ်နယ်အရပ်ရပ်က လာသင်တန်းတက်ကြတဲ့ ကေဒါများနဲ့လည်း ပုဂွိုလ်ရေးအရ ရင်းနှီးသွားကြပါတယ်။ တယောက်အကြောင်း တယောက်သိသွားတော့ ရှေ့လုပ်ငန်းများအတွက် အဆင်ချောသွားကြပါတယ်။

ရှီကျင့်ပင် ကျောင်းအုပ်လုပ်စဉ် ပို့ချခဲ့တဲ့--- မော်စီတုံး အတွေးအခေါ်ကို ဆုပ်ကိုင်ပြီး တံခါးဖွင့်ပေါ်လစီနဲ့ ပြုပြင်ပြောင်းလဲရေးများကို တဆင့်တိုး ဆောင်ရွက်ရေး--ဆိုတဲ့ ဟောပြောချက်ဟာ သူတို့ပါတီတွင်းမှာ အတော်ဂယက်ရိုက်ခဲ့ဖူးပါတယ်။ အဲဒီကာလက ပါတီတွင်းပြဿနာတွေ ရှုပ်ထွေးလာလို့ တံခါးဖွင့်ပေါ်လစီ ဆက်လုပ်မလုပ် အငြင်းပွားနေချိန်ပါ။ သမားရိုးကျသမားများနဲ့ ပြုပြင်ပြောင်းလဲရေးသမားများအကြား ပါတီတွင်း အတွေးအခေါ်တိုက်ပွဲတွေ ပြင်းထန်ပုံရပါတယ်။နောက်ဆုံးမှာ အပြန်အလှန် ငြင်းခုံဆွေးနွေး ထိန်းညှိကြရင်း ပါတီတွင်း စည်းလုံးညီညွတ်ရေးကိုအခြေခံတဲ့ အပေးအယူများနဲ့ ပြုပြင်ပြောင်းလဲရေးသမားများက အနိုင်ရသွားဟန်ရှိပါတယ်။ (ရှီရဲ့ဟောပြောချက်မှာ အဲဒီအပေးအယူတွေကို တစေ့တစောင်း တွေ့နိုင်ပါတယ်။)

ဒီလိုနည်းနဲ့ ပါတီကျောင်းများဟာ ပါတီဝင်များအကြား အတွေးအခေါ် ဖလှယ်နိုင်၊ အမြင်များ ထိန်းညှိနိုင်တဲ့ နေရာများဖြစ်လာပြီး ပါတီကို ပိုမိုခိုင်ခံ့အားကောင်းစေနိုင်တဲ့ နေရာများ ဖြစ်လာပါတယ်။ဒါဟာ ဗဟိုကျောင်းများအတွက်သာမက အဆင့်အသီးသီး (ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်)က ပါတီကျောင်းများမှာလည်း အလားတူပါပဲ။

ဒီလိုနည်းနဲ့ ပါတီကျောင်းများဟာ ပါတီတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ် ပါဝင်ခဲ့ပြီး ရှေ့ခရီးလမ်းမှာလည်း ဆက်လက်ပါဝင်နေဦးမှာပါ။

နောက်ဆောင်းပါးများမှာတော့ အဲဒီပါတီကျောင်းများရဲ့ အကျိုးသက်ရောက်မှုများကို ရေးပါဦးမယ်။

လှကျော်ဇော

၁၃-၁၁-၂၀၂၂။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar