ကိုသန်းလွင် - ဘရာဇီးနိုင်ငံ ရွေးကောက်ပွဲ
ကိုသန်းလွင် - ဘရာဇီးနိုင်ငံ ရွေးကောက်ပွဲ
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၂
( ၁ )
ဘရာဇီးတွင် မဲပေးသူများက ဘော်လ်ဆိုနာရို (Jair Bolsonaro)သက်တမ်း တစ်ခုတည်းသာ သမ္မတ ဖြစ်ခဲ့သူကို ငြင်းပယ်ပြီး လက်ဝဲယိမ်းသူ သမ္မတဟောင်း ဒါဆေးလ်ဗား (Luiz lnacio Lula da silva) ကို ရွေးချယ်တင်မြှောက်လိုက်ကြသောအခါ ပြည်သူတို့သည် လက်ယာအစွန်းရောက်ဝါဒကို လက်မခံဘဲ သူ၏ခွဲခြား ဆက်ဆံတတ်သော လေးနှစ်တာကာလကို အဆုံးသတ်လိုက်ခြင်းဖြစ်ပါသည်။
ဘော်လ်ဆိုနာရို၏ လေးနှစ်တာ မငြိမ်သက်သောကာလအတွင်း သူသည် အလွန်သြဇာအာဏာ ရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါသည်။ တနင်္ဂနွေနေ့က ကျင်းပသော ရွေးကောက်ပွဲတွင် ဒါဆေးလ်ဗားက အောင်လိုက်ခြင်းမှာ သူ့အတွက်တော့ နိုင်ငံရေးတွင် ပြန်လည်ရှင်သန်ခြင်းဖြစ်သည်။ သူသည် ထောင်တွင်း အကျဉ်းခံဘ၀မှ သမ္မတဖြစ်လာသူ ဖြစ်ပါသည်။ ဘရာဇီး၏ ၃၄ နှစ်တာ ဒီမိုကရေစီ လွှမ်းမိုးသောကာလအတွင်း လက်ရှိ သမ္မတ ရှုံးနိမ့်ရခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပါသည်။
( ၂ )
ဘော်လ်ဆိုနာရို၊ ၆၇ နှစ်သည် ဘရာဇီး၏ မိုးရာသီအမြဲစိမ်းသစ်တောကြီးကို ဖျက်ဆီးသူအဖြစ်ကမ္ဘာ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး ပင်ဒဲမစ် ဖြစ်ချိန်တွင် ဘရာဇီးလူမျိုး ၇ သိန်းကျော်ကို သေစေခဲ့ပါသည်။ လူအများ သေရခြင်းမှာ အမေရိကန် ပြီးလျှင် အများဆုံးဖြစ်ပါသည်။ ကိုဗစ် ရောဂါဖြစ်ပွားမှုကို ပိုမိုဆိုးရွားအောင်လုပ်သူအဖြစ် ကျော်ကြားခဲ့ပါသည် သူသည် လက်ဝဲယိမ်းသူများကို တိုက်ခိုက်ပြီး မီဒီယာနှင့် ဘရာဇီး၏ ဒီမိုကရေစီဆိုင်ရာ အဆောက်အအုံကြီးကို ဖျက်သိမ်းလိုသူဖြစ်ပါသည်။
ဘရာဇီး၏ ရွေးကောက်ပွဲစနစ်ကို သေးသိမ်အောင်လုပ်ခြင်းကြောင့် ပြည်တွင် းပြည်ပ စိုးရိမ်ခဲ့ကြရပြီး ထိုကိစ္စကြောင့် တနင်္ဂနွေနေ့က မဲရွေးပွဲကို တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြပါသည်။ ဘရာဇီးသည် ကမ္ဘာ၏ အကြီးဆုံး ဒီမိုကရေစီနိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။
မည်သည့်အထောက်အထားမှမပါဘဲ မဲရေစက်တွင် အပြစ်များရှိသည်ဟု ဝေဖန်ခဲ့ပြီး ထိုချိုယွင်းချက်များကြောင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဟု သမ္မတဟောင်း ဒေါ်နယ်ထရန့်ကဲ့သို့ ပြောကြားခဲ့ပြန်ပါသည်။ သူ့ကို ထောက်ခံသူများကလည်း သူ မဲရှုံးလျှင် လမ်းပေါ်ထွက်၍ ဆန္ဒပြမည်ဟု ကြိုတင် ဆန္ဒပြုခဲ့ကြပါ သည်။ သို့သော် မဲရွေးပွဲ ပြီးဆုံး၍ နာရီ အနည်းငယ်ကြာသောအခါ ဘော်လ်ဆိုနာရို၏အခြေအနေ မကောင်းကြောင်းကို သူ့ကို ထောက်ခံသူများ တွေ့ကြပါသည်။ အားလုံးငြိမ်သက်နေခဲ့ကြသည်တော့ မဟုတ်ပါ။ ဘရာဇီး ၏ဗဟို၊ လယ်ယာစိုက်ပျိုးသော နေရာတွင်ရှိနေကြသော ထရပ်ကားမောင်းသူများက ပြဿနာကို စခဲ့ကြသည်။ အဓိက စီးပွားရေးအချက်အချာကျသော ဟိုက်ဝေးလမ်းမကြီးကို ပိတ်ဆို့ရန် ကြိုးစားခဲ့ကြသည်။
ဒါဆေးလ်ဗားက မဲ အနည်းငယ်သာ အနိုင်ရရှိခဲ့သည်။ သူသည် ပထမဆုံး သမ္မတရွေးပွဲတွင် ပါဝင် ခဲ့သည်မှစ တင်၍ ၃၄ နှစ်တာကာလပတ်လုံး တတိုင်းပြည်လုံး နှစ်ခြမ်းကွဲခဲ့ကြသည်ကို မှတ်မိနေမှာ သေချာပါသည်။ မဲ ၉၉ ဒသမ ၉၀ ရာခိုင်နှုန်း မျှ ရေတွက်ပြီးချိန်တွင် ၅၁ ဒသမ ၉ ရာခိုင်နှုန်း ရပြီး ဘော်လ်ဆိုနာရိုက ၄၉ ဒသမ ၁ ရာခိုင်နှုန်း ရရှိပါသည်။
“ကျွန်တော်ဟာ ကျွန်တော့်ကိုမဲပေးသူတွေတွင်သာမက ဘရာဇီးပြည်သူ ၃၁၅ သန်းကို အုပ်ချုပ် မှာပါ။” ဟု တနင်္ဂနွေနေ့က အောင်ပွဲခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယခုနှစ်တွင် လက်ထပ်ခဲ့သော သူ့ဇနီးအသစ်က ကိုင်ထားသော စာရွက်မှ စာကိုဖတ်၍ ပြောရာတွင် ဘရာဇိးသည် နှစ်နိုင်ငံ မဟုတ်၊ ဘရာဇီးလူမျိုး၊ ဘရာဇီး နိုင်ငံဟူ၍ တမျိုးတည်းသာရှိကြောင်း ပြောကြားခဲ့သည်။
ဒီဆေးလ်ဗား အသက် ၇၇ နှစ်ရှိပြီး သတ္တု ကိုင်တွယ်သူ လုပ်သား၊ ယူနီယံခေါင်းဆောင်အဖြစ် မှ သမ္မတ ဖြစ်လာသူ၊ ငါးတန်းအထိသာပညာသင်ခဲ့ဘူးသူဖြစ်သည်။ ပထမအကြိမ်သမ္မတအဖြစ်ရာထူးမှ နှုတ် ထွက်ရချိန်တွင် သူ၏ထောက်ခံသူ (Approval rating) မှာ ၈ဝ ရာခိုင်နှုန်း ရှိခဲ့ပါသည်။ သူ သမ္မတ လုပ်ခဲ့စဉ်က ခြစားခဲ့သည့် ပြစ်မှုများပေါ်ပေါက်လာပြီး အကျဉ်းထောင်တွင် ရက်ပေါင်း ၅၈၀ မျှနေခဲ့ရသည်။
လွန်ခဲ့သော နှစ်ကမှ သူ့ကို ထောင်ဒဏ်အပြစ်ပေးခဲ့သည့် တရားသူကြီးသည် ဘက်လိုက်သည်ဟု တိုင်းပြည်၏အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ခဲ့သည်။ သမ္မတအဖြစ် အရွေးချယ်ခံခွင့်ကိုလည်း ခွင့်ပြုခဲ့သည်။ ဘရာဇီးလူမျိုးတဝက်ခန့်က သူ့ကို အပြစ်ရှိသည်ဟု ယနေ့တိုင် ယုံကြည်နေကြဆဲဖြစ်သည်။ သို့သော် ဘော်လ်ဆိုနာရို၏ လက်ယာစွန်းရောက် ပေါ်လစီများကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သူသည် ပြဿနာများ၏ အဖြေ မဟုတ်သေးသော်လည်း တိုင်းပြည်တွင် ရွေးချယ်စရာမရှိ၍ သမ္မတအဖြစ် အရွေးခံခဲ့ရခြင်း ဖြစ်သည်။
သူ့ကို ရွေးချယ်လိုက်ခြင်းက ဘရာဇီးနိုင်ငံကို လက်ဝဲဘက်သို့ တွန်းပို့သလို ဖြစ်နေသည်။ ဘရာဇီး တွင် လက်ဝဲယိမ်း ခေါင်းဆောင်ကို ရွေးချယ်တင်မြှောက်ခဲ့သည့်နည်းတူ လက်တင်အမေရိက နိုင်ငံများတွင် အကြီးဆုံး ၆ နိုင်ငံမှာ ၂၀၁၈ မှစ၍ လက်ဝဲယိမ်းခေါင်းဆောင်များကိုတင်မြှောက်ခဲ့ကြပါသည်။ လက်ဝဲယိမ်း ခေါင်းဆောင်အဖြစ်ဖြင့် ဆင်းရဲသူများ၏ ချန်ပီယံအဖြစ် ရပ်တည်ခဲ့ခြင်းမှာ သူ့ကိုအတိုက်အခံပြုသူတို့ကို ဖိတ်ခေါ်သလို ဖြစ်နေခဲ့ပါသည်။ ဘရာဇီးသည် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ ဆင်းရဲမွဲတေမှုများ၊ ယိုင်နဲ့နေသော စီးပွားရေးနှင့် နှစ်ခြမ်းကွဲနေသော နိုင်ငံဖြစ်သည်။
သူ၏ ရွေးကောက်ခံရသော ဆောင်ပုဒ်မှာ ဘော်လ်ဆိုနာရို၏ ၄ နှစ်တာ အုပ်ချုပ်မှုအောက်တွင်အလုပ် လုပ်သော ဆင်းရဲ သားပြည်သူများကို ကယ်တင်ရ န်ဖြစ်ပါသည်။ သူ၏မိန့်ခွန်းတွင် သူသည်ဆင်းရဲသားများအတွက် တိုက်ပွဲဝင်ပြီး လူတန်းစားခွဲခြားမှုကို တိုက်ဖျက်ပစ်မည်ဟု ဆိုသည်။ ဘရာဇီးနိုင်ငံသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးတို့ကို ရရှိမည်ဟုဆိုသော်လည်း သူ လုပ်ဆောင်ရမည့် လုပ်ငန်းများကို ပြောပြရာတွင် ဝိုးတဝါးသာ ဖော်ပြနိုင်သည်။ သူ၏မိန့်ခွန်းမှာ ဆင်းရဲသားများအတွက် ဝန်ဆာင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာရေး၊ လူမှုရေးထောက်ပံ့ငွေ၊ အနည်းဆုံးလစာ၊ လူအများ အစားသုံးနိုင်သော ကြွေးရုံ၊ ဆင်းရဲသားများအတွက်အိမ်ခန်းများ၊ ချမ်းသာသောသူများအတွက် အကောက်ခွန်ကို တိုးမြှင့်ကောက်ရန် ကိစ္စ စသော ခေါင်းစဉ်များ၌သာ တဝဲ၀ဲလည်နေသည်။
တိုင်းပြည်ကောင်းအောင် အဘယ်မျှ ပြုပြင်မည်ကို မပြောနိုင်ပါ။ ဘော်လ်ဆိုနာရို၏ လက်ဝဲယိမ်းပါတီက အထက်နှင့်အောက် လွှတ်တော်နှစ်ရပ်လုံးကို စိုးမိုးထားပြီး တိုင်းပြည်၏စီးပွားရေးမှာ ပထမအကြိမ်သမ္မတ လုပ်စဉ်ကထက် ပိုမိုဆိုးရွားနေသည်။ ၂၀၁၄ သူ့ကို ဆက်ခံသူ၏လက်ထက်တွင်စခဲ့သော (Recession) မှာ ယခုအချိန်အထိ နာလန်ထူပြီဟု မပြောနိုင်သေးပါ။
အမေဇုံသစ်တောကြီးအတွက်မှု ဒါဆီးလဗား၏ အောင်ပွဲမှာ ကောင်းသောသတင်း ဖြစ်ပါလိမ့်မည်။ ရာသီဥတု ဖောက်ပြန်ခြင်းကို တိုက်ဖျက်ရေးမှာ အရေးကြီး လှပါသည်။ ဘော်လ်ဆိုနာရို၏ အစိုးရလက်ထက်တွင် သစ်တောထွက်ပစ္စည်းစက်ရုံများကို အားပေးခဲ့ပြီး သစ်တောဖြုန်းတီးမှုကို ကာကွယ်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းများမှာ ရန်ပုံငွေဖြတ်တောက်ခြင်း လုပ်အားအင်အားကိုလျှော့ချခြင်းများ ပြုလုပ်ခဲ့သည်။
မစ္စတာ ဒါဆေးဗား သည်သစ်တောကို ကာကွယ်သော မှတ်တမ်းများရှိခဲ့ပါသည်။ သူသည် မဲဆွယ် စဉ်ကာလကတရားမဝင်မိုင်းတူးဖော်ခြင်း၊ သစ်တောခုတ်ခြင်းများကို ကာကွယ်ပေးရန် ကတိပြုခဲ့သည်။ ယခု သစ်တောများ ရှင်းလင်းပြီး ကွက်လပ်နေရာများကို လယ်သမား များ အသုံးပြုနိုင်ရေးကို အလေးထားဆောင် ရွက်ရမည် ဖြစ်သည်။
တနင်္ဂနွေနေ့က မဲပေးပွဲ မဲပေးသောလူများ စီးလာသည့်ကားကို မသွားနိုင်စေရန် တားမြစ်မှုများ ရှိခဲ့ သည်။ သို့ရာတွင် မဲရွေးပွဲ ဥက္ကဋ္ဌက ထိုသူများသည် အချိန်မီ မဲရုံကိုရောက်သွားကြသည်ဟု ဆိုပါသည်။
( ၃ )
မဲဆွယ်ပွဲတစ်ခုတွင် ဘောလ်ဆိုနာရိုမှ ရွေးကောက်ပွဲတွင် အဖြေ ၃ ခုထွက်ရန်ရှိကြောင်း၊ ၎င်းမှာ သူ နိုင်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော် သူသည် အသတ်ခံရ၍ဖြစ်စေ၊ အဖမ်းခံရ၍ဖြစ်စေ အဆုံးသတ်သွားနိုင်ကြောင်း၊ သူ့ကို ဖမ်းမည့်သူများကို “ဖမ်းနိုင်ရင်ဖမ်း” ဟု စိန်ခေါ်ခဲ့သည်။
တနင်္ဂနွေနေ့တွင်ရွေးကောက်ပွဲကော်မရှင်က မဲရုံ ၁၀၁ ရုံသို့မဲပေးရာတွင် သန့်ရှင်းမှုရှိမရှိကိုစစ်ဆေး ခဲ့ရာ အားလုံးတွင်သန့်ရှင်းမှုရှိကြောင်းထောက်ခံခဲ့ကြသည်။ မဲရေစက်များကို ၁၉၉၆ ခုနှစ်မှစတင် အသုံးပြုခဲ့ ကြရာ စွတ်စွဲသကဲ့သို့ ချို့ယွင်းချက်မရှိကြောင်းပြောဆိုခဲ့သည်။
မစ္စတာ ဘောလ်ဆိုနာရို မှာအမြင့်ဆုံးတရားရုံးနှင့်ကွန်ဂရက်တို့တွင်တရားရင်ဆိုင်ရန် ရှိနေပါသည်။ သူသည်တိုင်းပြည်၏ရွေးကောက်ပွဲစနစ်ကို ဝေဖန်ခဲ့သည်။ သူ၏ ပင်ဒဲမစ် ကာလအတွင်း ကိုင်တွယ်မှု၊ မမှန် ကန်သောသတင်းဖြန့်ချီမှုတွင် ပါဝင်ပါတ်သက်နေမှုတို့ ဖြစ်သည်။ သူသည်သမ္မတဖြစ်နေစဉ်ကာလအတွင်း ဆောင်ရွက်မှုများမှာ သမ္မတဖြစ်နေသဖြင့်ကင်းလွတ်ခွင့်များရှိနေသဖြင့် သူ့ကိုဘာမျှမလုပ်နိုင်ခဲ့။ ကိစ္စရပ်များစွာတို့နှင့် ပတ်သက်သောစာရွက်စာတမ်းများမှာအစိုးရ၏ မြင်သာမှုဥပဒေအရ (Government Transpar- rancy Law) ပြည်သူတို့က မသိရဘဲ ဖြစ်နေသည်။ ဒါဆေးလ်ဗား က မူ ထိုစာရွက်စာတမ်းများကို လူအများ လေ့လာခွင့်ရစေရမည်ဟု ပြောပါသည်။
ကိုသန်းလွင်
Ref: Brazilians Vote out the far right leader By Jack Nicas N.Y. Times November 1, 2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar