ဖနွမ်ပင် အစည်းအဝေးက မြန်မာ့အရေးအပေါ် သက်ရောက်မှု ၊ ပိုမိုကျယ်ပြန့်လာတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုဖြစ်ပွားတဲ့ ဒေသတွေ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၃ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၂
ဖနွမ်ပင် အစည်းအဝေးက မြန်မာ့အရေးအပေါ် သက်ရောက်မှု ၊ ပိုမိုကျယ်ပြန့်လာတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုဖြစ်ပွားတဲ့ ဒေသတွေ
အာဆီယံ နှစ်လည်အစည်းအဝေးက စစ်ကောင်စီ၊ အတိုက်အခံ မြန်မာ့နိုင်ငံရေးအင်အားစုတွေ၊ ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်ကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံးက စောင့်ကြည့် နားစွင့်နေကြတာ ဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေသာမကပဲ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ကုလသမဂ္ဂက ခေါင်းဆောင်တွေပါ လာရောက်ပြီး သီးခြားစီအစည်းအဝေးတွေ လုပ်ကြတဲ့ အခွင့်အလမ်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပေါ်လစီ အပြောင်းအလဲ၊ အာဆီယံက ဘာတွေ ပေါ်လစီပြောင်းလဲမလဲ၊ အနောက်အုပ်စုရဲ့ ဦးဆောင်နိုင်ငံဖြစ်တဲ့ အမေရိကန်က ဘဏ္ဍာရေးနဲ့ စစ်လက်နက်လိုမျိုး ကူညီနိုင်ခြေတို့ကို မျှော်လင့်ကြတာလည်း ဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေထဲ အတိုင်းအတာတခုထိ သြဇာရှိတဲ့ အင်ဒိုနီးရှားလိုနိုင်ငံမျိုးကတော့ အာဆီယံဒေသကို စစ်အေးတိုက်ပွဲရဲ့ စစ်မြေပြင် အဖြစ်မခံနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။
မြန်မာ့အရေးမှာ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ရက်စက်တဲ့ သတ်ဖြတ်မှု ကျေးရွာတွေကနေအိမ်တွေ ကို မီးရှို့ဖျက်ဆီးမှု လူနေဒေသတခုလုံးကို ရိက္ခာဆေးဝါး ပိတ်ဆို့မှုတွေကို ရှုတ်ချပြောဆိုကြပေမယ့် နိုင်ငံတကာက လက်တွေ့ ဝင်ရောက်တားဆီးတာမျိုး အတိုက်အခံတွေကို လက်နက်ရောင်းချပေးတာ ကူညီပေးတာမျိုးတော့ ဖြစ်လာနိုင်ခြေ အလားအလာ တစုံတရာမတွေ့ရသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
အခု တကြိမ် အာဆီယံအစည်းအဝေး၊ အာဆီယံ အပေါင်း နိုင်ငံကြီးတချို့တို့ပါဝင်တဲ့ အစည်းအဝေးတွေ တွေ့ဆုံမှုတွေကနေ ဆွေးနွေးဆုံးဖြတ်လိုက်ကြတာကတော့ ယခင် အာဆီယံမူ ၅ ချက်ကို ထပ်မံအတည်ပြုတာ၊ အချိန်ကာလ သတ်မှတ်ချက်နဲ့ လုပ်ဆောင်ဖို့ တိုက်တွန်းမယ် ၊ အကဲဖြတ်တဲ့ စံနှုန်းတွေ သတ်မှတ်မယ်ဆိုတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့တော့ ဒီအာဆီယံ ညီလာခံ ဆုံးဖြတ်ချက်ကို လက်မခံ ပယ်ချတဲ့အကြောင်း ယခင်ရက်ကတည်းက တုံ့ပြန်ခဲ့ပြီးဖြစ်လို့ အာဆီယံ ဆုံးဖြတ်ချက်က ထိရောက်မှုရှိနိုင်ပါ့မလားဆိုတာ မေးစရာရှိပါတယ်။ တရုတ်နိုင်ငံ အိန္ဒိယနိုင်ငံတွေနဲ့ အိမ်နီးချင်း ဖြစ်တဲ့ မြန်မာနိုင်ငံအရေးဟာ အခြားသော အနောက်နိုင်ငံကြီးတွေက လက်နက်ထောက်ပံ့တာမျိုး လူကိုယ်တိုင် ဝင်ရောက်စွက်ဖက်တာမျိုး မဖြစ်နိုင်ဘူးဆိုတာကို စစ်ကောင်စီကလည်း သိရှိထားပြီး ဖြစ်ပါလိမ့်မယ်။ စစ်ကောင်စီက တဖက်မှာ ရုရှားနဲ့ နီးကပ်အောင် တမင်တကာ ကြိုးစားနေတဲ့အချက်ကတော့ အနောက်နိုင်ငံတွေက သတိကြီးစွာထားပြီးစောင့်ကြည့်ကြမှာ ဖြစ်ပေမယ့် ရုရှားက ပြည်တွင်းစစ်မှာ အသုံးပြုမယ့် လက်နက်ရောင်းချတာအထိတော့ အနောက်နိုင်ငံတွေအနေနဲ့ အချက်ပေးခေါင်းလောင်း မမြည်လောက်သေးတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။
ဒီအခြေအနေတွေကို ကြည့်ရင် မြန်မာ့အရေးမှာ အတိုက်အခံတွေကို လက်နက်တွေ ကူညီပေးတာ ရောင်းချပေးတာမျိုးကို နိုင်ငံတကာက လုပ်ဆောင်နိုင်ခြေ အလားအအလာ မရှိသေးဘဲ လက်ရှိအတိုင်း ပိုနေမြဲကျားနေမြဲ သွားမယ့် သဘောလို့ ကောက်ချက်ချရပါမယ်။
ဒီလို နိုင်ငံတကာက လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကူညီပေးတာမျိုး မရှိပေမယ့် ပြည်တွင်းမှာတော့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရဲ့ တိုက်ခိုက်မှုတွေက ပိုကျယ်ပြန့်လာနေတာ တွေ့ရပါတယ်။ မိုးရာသီကုန်ဆုံးပြီးနောက် ခြောက်သွေ့ရာသီမှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် တွေမှာ တိုက်ပွဲဖြစ်ပွားတာတွေပိုမို များပြားလာမယ့် အလားအလာတွေ့နေရပါတယ်။ ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်ဒေသ၊ ဖာပွန်၊ သထုံ၊ ဘီးလင်း ၊ ကျိုက်ထို ၊ ညောင်လေးပင် စတဲ့ဒေသတွေမှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းယူတာတွေ ဆက်တိုက်ဆိုသလို ကြားသိနေရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာလည်း အေအေ နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေသလို ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း ဆက်စပ်ရာဒေသတွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေက ပြောက်ကျားစစ်ပွဲ အသွင်တွေသာ ဖြစ်ပြီး နေရာယူစစ်တွေတော့ မဟုတ်သေးပါဘူး။ တချို့သော နေရာယူစစ်အသွင်ဆောင်တဲ့ မြို့တချို့ကို တိုက်ခိုက်နေရာယူဖို့ ကြိုးစားမှုတွေ ရှိပေမယ့် အောင်မြင်မှုမရတဲ့ အနေအထားလည်း တွေ့ရတာ ဖြစ်ပါတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုက နမူနာ ဖြစ်ရပ်တခုဖြစ်ပါတယ်။ နိုင်ငံတကာ စစ်ရေးအကဲခတ်သူတချို့ကတော့ ဒီလို နေရာယူစစ်ဆင်နွှဲဖို့ ဆုံးဖြတ်တာဟာ မှားယွင်းတဲ့ သေနင်္ဂဗျူဟာ ဆုံးဖြတ်ချက် ဖြစ်နိုင်တယ်လို့ ထောက်ပြပြီး မိမိအင်အားကို မိမိဖြုန်းတီးသလို ဖြစ်နိုင်ကြောင်း စုစည်းမှု နောက်ခံထောက်ပံ့နိုင်တဲ့ ယန္တရားလိုမျိုး လေကြောင်းကာကွယ်မှု စနစ်မျိုးမရှိသေးဘဲ နေရာယူစစ် ဆင်နွှဲတာဟာ မှားယွင်းတဲ့ ဗျူဟာဖြစ်တယ်လို့ ခုရက်ပိုင်းတွင်း ဖော်ပြတဲ့ ဆောင်းပါးတပုဒ်မှာ ရေးသားထားတာလည်း ဖြစ်ပါတယ်။
NUG အနေနဲ့ အဆုံးအဖြတ် အောင်ပွဲကို လပိုင်းအတွင်း လာမယ့် တနှစ်အတွင်း ရလိုဇောနဲ့ အင်အားတွေသုံးပြီး မြို့တွေကို တိုက်ခိုက်တာ အထိုင်နေရာတွေကို သိမ်းယူဖို့ တိုက်ခိုက်တာဟာ စိတ်ဆန္ဒစောလွန်းနေပြီး ဖြည့်ဆည်းရမယ့် အင်အားတွေ စုစည်းမှုတွေ လေ့ကျင့်မှုတွေ အမိန့်ပေးစနစ်နဲ့ ပူးပေါင်းလှုပ်ရှားနိုင်တဲ့ အနေအထားတွေ၊ စစ်လက်နက်ယန္တရားတွေ မပြည့်စုံခင် မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်စေနိုင်တဲ့ ဗျူဟာမျိုး ရှောင်ရှားသင့်တယ်လို့လည်း ဝေဖန်သုံးသပ်ထားတာ တွေ့ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar