မင်းမဲ့စရိုက်နဲ့ အကာအကွယ်မဲ့ပြည်သူတွေအတွက် ဘာလုပ်ပေးကြမှာလဲ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၃ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၂
မင်းမဲ့စရိုက်နဲ့ အကာအကွယ်မဲ့ပြည်သူတွေအတွက် ဘာလုပ်ပေးကြမှာလဲ
နိုဝင်ဘာလ သတင်းတပုဒ်က ဒီလိုရေးထားပါတယ်။
“ … နိုဝင်ဘာလအတွင်း ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ရက်ပေါင်း ၆၀၀ ပြည့်အတွက် ဂုဏ်ပြုစကားပြောကြားရာမှာ ယာယီ သမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်းပြောကြားလိုက်ပါတယ်။ ...
"နေ့စဥ်ရက်ဆက်ရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးသတ်ဖြတ်နေတဲ့ သန္ဓေယုတ် မြန်မာစစ်တပ်ကို နိုင်ငံရေးအရ သပ်လျှိုပေါက်ပေးလို့မရပါဘူး။ စစ်ရေးအရလည်း ထွက်ပေါက်မရှိအောင်လုပ်ထားရပါလိမ့်မယ်။ စစ်အာဏာရှင် ယန္တရားနဲ့ စစ်အာဏာရှင် အုပ်စုကို အမြစ်ဖြတ် ရှင်းလင်း သုတ်သင်ခြင်းဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ဘုံရန်မှန်းချက်ဖြစ်ပါတယ်"လို့ဆိုပါတယ်။ …”
နွေဦးတော်လှန်ရေးတစ်နှစ်တာကာလအတွင်း ပြည်သူ့ခုခံတွန်းလှန်စစ်မှာ အကြမ်းဖက်စစ်တပ်က တပ်ဖွဲ့ဝင် နှစ်သောင်းကျော်သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ စကစဟာ ၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပရန် စီစဥ်လျက်ရှိပါတယ်။
ကျေးလက်နယ်ဒေသတွေမှာ စစ်တပ်နဲ့ ပျူစောထီးတွေ ဦးဆောင်ပြီး ဒေသခံတွေကို မီးရှို့ လူသတ် ပစ္စည်းလု၊ ဓားပြတိုက်၊ ခိုးဆိုးနေကြတာ နေ့စဉ် ဖြစ်နေပြီ။ ဒါက နယ်ဒေသက မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘ၀ ဖြစ်နေပြီလို့ ပြဆိုလိုက်တာ ဖြစ်ပါတယ်။
မနေ့က နွေဦးခရိုနီကယ်မှာ ရေးခဲ့သလို - “ … ဒီတိုက်ပွဲ သတင်း ဖမ်းဆီးသတ်ဖြတ်မှု အိမ်မီးရှို့မှု သတင်းတင်ပဲလား ဆိုရင် မဟုတ်သေးပါဘူး။ အခုလပိုင်းမှာ ရာဇဝတ်မှုသတင်းတွေကလည်း နေ့စဥ်ပါနေကျ သတင်းတွေလို ဖြစ်လာနေပါပြီ။ နေအိမ်မှာ လုယက်ပြီး သတ်ဖြတ်သွားတဲ့ သတင်း၊ အသက်အရွယ်ကြီးသူ ၊ နေအိမ်မှာ လူတဦး နှစ်ဦးသာ နေတဲ့အိမ်၊ လူအသွားအလာနည်းတဲ့ လမ်းတွေမှာ လုယက်တာ၊ ရွှေဆိုင် ဓားပြတိုက်တာ၊ ပစ္စည်းယူဖို့ရာ လူသတ်တာ စတဲ့ သတင်းတွေကလည်း နေ့စဥ် သတင်းတွေ ဖြစ်လာနေပါပြီ။ ကျေးလက်တွေ နယ်မြို့တွေမှာချည်း ဓားပြတိုက်ခံရတာ မဟုတ်ပါဘူး။ ရန်ကုန်မြို့လို မန္တလေးမြို့လို မြို့ကြီးတွေမှာလည်း ဓားပြတိုက်မှုက နေ့စဥ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ …”
မြို့ပြတွေမှာ နေ့စဉ် ခိုဆိုးလုယက် ရာဇဝတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါပြီ။ ပြည်သူလူထုဟာ ကျီးလန့်စာစား ထိတ်လန့်တုန်လှုပ်စွာ အသက်မွေးဝမ်းကျောင်းပြုနေရပါတယ်။ ညဘက်သန်းခေါင်မှာ ရာဇဝတ်မှုကျူးလွန်ရုံတင်မက နေ့ခင်းကြောင်တောင်မှာလည်း လုယက်မှုတွေ လူသတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
သည်တော့ မြန်မာပြည်ဟာ မင်းမဲ့စရိုက်တိုင်းပြည်လို့ ဆိုနေရပြီ ဖြစ်ပါတယ်။ ရဲနဲ့ စစ်တပ်ကလည်း ပြည်သူတရပ်လုံးကို ရန်သူလို သဘောထားပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးမယ့်အစား လုယက် နှောက်ယှက် ဖျက်ဆီး တိုက်ခိုက်သူ ကိုယ်တိုင်ဖြစ်နေပါတယ်။ ရဲနဲ့ စစ်တပ်ကို အကူအညီတောင်းရတာဟာ လူဆိုးလေးတွေ ရန်က ကာကွယ်ပေးဖို့ လူဆိုးကြီးတွေဆီမှာ ဆက်ကြေးပေးပြီး အသနားခံနေရတာမျိုး ဖြစ်ပါတယ်။
တလောက ရန်ကုန်မြို့မှာ မူးယစ်ဆေးဝါးကိုယ်တိုင် ရောင်းဝယ်ပြီး ရပ်ကွက်ထဲက ဆေးရောင်းသူတွေကို မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတဲ့ ရဲအမှုထမ်းအငယ်တွေဂိုဏ်းကို သည်းမခံနိုင်တဲ့အဆုံး ရဲအမှုထမ်းကြီးတွေနဲ့ ပါဝါကြီးသူတွေက လိုက်လံဖမ်းဆီး နှိမ်နှင်းကြရတယ်လို့ ဆိုပါတယ်။ ပါဝါကြီးသူ အရာရှိကြီးတွေ ဂိုဏ်းနဲ့ အဝေမတည့်ကြရာက အချင်းချင်း ရှင်းကြရပုံပါပဲ။ ရပ်ကွက်ထဲက လုပ်ငန်းရှင်တွေ စစ်ဘေး မင်းဘေးက ခိုလှုံနေသူတွေကလည်း ရဲနဲ့ ထွေအုပ်တို့ရဲ့ ဆက်ကြေးတောင်း ငွေညှစ်တာကို ခေါင်းငုံ့ခံပြီး နေကြပေမယ့် လူဆိုး လူမိုက်များက ဝင်ရောက် လုယက်သတ်ဖြတ်လာရင်တော့ သူတို့လည်း ဘာမှ အကာအကွယ်မပေးနိုင်ပါ။ သူတို့ အကာအကွယ်ပေးတယ်ဆိုတာက သူတို့စစ်တပ် ဖမ်းဆီးနှိပ်စက်မှုက သက်သာရာရအောင် မမြင်ချင်ယောင်ဆောင်နေအောင် လာဘ်စားပြီး ကျားသနားမှ နွားချမ်းသာ အကွက်မျိုး စားပေါက်ထွင်နေတာဖြစ်ပါတယ်။ အခြားနယ်က ကျားဆိုး ဝင်ဆွဲရင်တော့ သူတို့က လက်ပိုက်ကြည့်နေကြတာပါပဲ။
သည်လိုမျိုးအခြေအနေနဲ့ နစ်မွန်းနေတဲ့ မြန်မာပြည်မှာ NUG ပြည်ထဲရေးဝန်ကြီးဌာနကတော့ သူတို့ထူထောင်ထားတဲ့ ပအဖတွေ၊ ပကဖတွေ၊ ထွေအုပ်၊ ရဲ၊ မီးသတ်တွေ တိုးချဲ့ဖွဲ့စည်းနေကြောင်း သတင်းတွေ တခုပြီး တခု ထုတ်ပြန်နေတာ ဖတ်ကြရပါတယ်။ သူတို့၏ ပြည်သူ့ခုံရုံးတွေမှာ ပြည်သူ့တိုင်ကြားစာတွေ လက်ခံပြီး စုံစမ်းနေပြီလို့လည်း ဆိုပါတယ်။
NUG သတင်းထုတ်ပြန်တဲ့အတိုင်း ပြန်ဖော်ပြရရင် - “ … ပအဖအဖွဲ့များအနေနဲ့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းကာ စစ်ကောင်စီ အမြစ်ပြတ်သည့်အထိ ပါဝင်သွားကြရန် ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးက နိုဝင်ဘာလ ၂ ရက် မှာပြုလုပ်တဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုမှာ ပြောကြားခဲ့ပါတယ်။ …
"စစ်ကောင်စီဟာ နေရာအနှံ့မှာ အစွမ်းကုန် ဖျက်ဆီး၊ သတ်ဖြတ်၊ နှိပ်စက်မှုများကို ကျူးလွန်နေသကဲ့သို့တော်လှန်ရေး အင်အားချိနဲ့ရန် နည်းလမ်းမျိုးစုံသုံး၍ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ပအဖ အဖွဲ့ဝင်များအနေဖြင့် စည်းရုံးသင့်သည်များကို စည်းရုံးသွားရန်နှင့် ပါဝင်လာမှုမရှိပါက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ တော်လှန်ရေး၌ ပြည်သူလူထု ပါဝင်မှုသည် အင်မတန်မှ အရေးကြီးပြီး ပအဖအဖွဲ့များအနေနဲ့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းကာ စစ်ကောင်စီ အမြစ်ပြတ်သည့်အထိ ပါဝင်သွားကြရန်ဖြစ်တယ်"လို့ ဆိုပါတယ်။ …”
မင်းမဲ့စရိုက်တွေ လွှမ်းမိုးနေလို့ တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးလောက်အလိုမှာ တိုင်းပြည်ကို ကယ်တင်ခဲ့ရပါတယ်လို့ အသံကောင်းဟစ် အာဏာသိမ်းခဲ့လေ့ရှိတာ မြန်မာ့တပ်မတော် စစ်အုပ်စု ဖြစ်ပါတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းပြီးတာနဲ့ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေး တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူတွေကို ဖမ်းဆီး ထောင်ချ နှိမ်နင်းမှုတွေ လုပ်လေ့ရှိတာ သမိုင်းအစဉ်အလာ ဖြစ်ပါတယ်။ အခု သည်တခါ နွေဦးတော်လှန်ရေးမှာ တိုင်းပြည်က ချောက်ထဲ ကျနေပြီး မင်းမဲ့စရိုက်တွေလည်း လွှမ်းမိုးနေပါပြီ။ စစ်တပ်ဟာ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို လုံး၀ဆောင်ရွက်နိုင်စွမ်းမရှိတာလည်း ထင်ရှားနေပါတယ်။ ပြည်သူတွေက အကာအကွယ်မဲ့နေကြတာလည်း တနေ့တခြား ဆိုးဝါးလာနေပါတယ်။
သည်လိုအချိန်မျိုးမှာ နိုင်ငံရေးအကျပ်အတည်း ပြည်သူ့အကျပ်အတည်းကို သက်သာစေဖို့ အနည်းနဲ့ အများ အသက်ဘေး ဒုက္ခတွေကနေ အကာအကွယ်ရနိုင်စေဖို့ တော်လှန်ရေးအစိုးရနဲ့ တော်လှန်သော အုပ်ချုပ်ရေး ကာကွယ်ရေးအဖွဲ့တွေက နည်းလမ်းမျိုးစုံ ကြံဆပြီး ပြည်သူကို စောင့်ရှောက်မှုတွေ ပေးကြဖို့ လက်ကမ်းကြဖို့ လိုနေပြီ ဖြစ်ကြောင်း သံချောင်းခေါက်လိုက်ချင်ပါတယ်။
NUG အစိုးရက နွေဦးရိပ်မြုံတွေ နွေဦးရိပ်သာတွေ နွေဦးအိမ်ရာ မြို့ပြစီမံကိန်းတွေ အနာဂတ်ကို လက်ညှိုးထိုးပြီး တည်ဆောက် ရောင်းချလျက် ရှိပါတယ်။ တော်လှန်ရေးကြီး အောင်မြင်တဲ့အခါ နားခိုရမယ့် အေးရိပ်သာတွေလို ဆိုကြပါတယ်။ ယခု လက်ရှိ ပစ္စုပ္ပန်မှာလည်းပဲ စစ်ဘေးသင့် မင်းမဲ့စရိုက်သင့် မျက်မှောက်က ပြည်သူတွေအတွက် နားခိုစရာ အကာအကွယ်ယူစရာ ခွန်အားဖြည့်ဆည်းရာ နေရာဒေသ အခြေအနေ အာဟာရ ဆေးဝါး အမိုးအကာ အရိပ်အာဝါတွေလည်း အရေးတကြီး လိုအပ်နေတယ် မဟုတ်ပါလား။