Breaking News

မင်းငြိမ်းအေး - လူသတ်သမား

လူသတ်သမား
မင်းငြိမ်းအေး
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၂

ဘုရားကျောင်းခေါင်မိုးနဲ့
ကျမ်းစာကြားက
ခိုတွေ ။

ရွှေသင်္ကန်း၊ ထုံးသင်္ကန်းနဲ့
ခေါင်းလောင်းသံထဲ
ပိန်းပိတ်အောင်မိထားတဲ့
စက်ဝိုင်းခြမ်း ။

ဒီကျောက်တုံးကို
ဦးခေါင်းနဲ့ထိမှဆိုတဲ့
ကားရဲ့အသံကို
နားမရှိတဲ့လမ်းနဲ့
အရပ်မျက်နှာဆီဦးတိုက်ခဲ့ ။

ဖန်တီးသူနဲ့ပေါင်းစည်းဖို့
ဂင်္ဂါမြစ်ကြောမှာ
ရေချိုးသန့်စင်ခဲ့တာလည်း
အကြိမ်ကြိမ် ။

ဒီအသက်ကို၊ နှမျောတော့လည်း
ဒီစာတွေပဲ
ဖတ်မှတ်ရဦးမှာပေါ့ ။

အသက်ဘယ်လိုထွက်လဲသိဖို့
' စမ်းသတ်' ချက်လိုတယ်
အသေခံဗုံးခွဲသူရဲ့အတွေးနဲ့
ကိုယ့်နားထင်ကိုတေ့ထားတဲ့အမြင်ကို
ဆက်စပ်လို့မရနိုင်ဘူး ။

အသက်နှစ်ထပ်နဲ့ဆောက်ထားတဲ့
ဘေးမကင်းတဲ့အရပ်ဆီ
ဦးတည်ချက်ထားပြီး
လှုပ်ရှားဆောင်ရွက်နေပါတယ် ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar