Breaking News

မျှော်လင့်ချက်၊ ရည်မှန်းချက်တွေ ပျောက်ဆုံးသွားတဲ့ နိုင်ငံထဲက ပြည်သူများ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၃ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၂

 

မျှော်လင့်ချက်၊ ရည်မှန်းချက်တွေ ပျောက်ဆုံးသွားတဲ့ နိုင်ငံထဲက ပြည်သူများ

ဆိုရှယ်မီဒီယာများတွင် အမျိုးမျိုးသော အမြင်၊ အယူအဆ၊ ချဥ်းကပ်မှု အကဲဖြတ်မှု သုံးသပ်မှုများဖြင့် ပြည်တွင်းမှာနေထိုင်သူ လူများစုရဲ့ အပြုအမူများ ၊ ပွဲလမ်းသဘင်များတွင်ပါဝင် ဆင်နွှဲမှုများကို ရေးသားလျက်ရှိကြသည်။ စစ်အုပ်စုဘက်ကလည်း မြန်မာနိုင်ငံတွင်း အခြေအနေ အေးချမ်းနေပြီဖြစ်ကြောင်း၊ မြို့အသီးသီးက လူထုအနေဖြင့် ဘာသာရေးဆိုင်ရာ နေ့ကြီးရက်ကြီးများတွင် သော်လည်းကောင်း အားလပ်ရက်များတွင်သော်လည်းကောင်း ဘုရားစေတီ ၊ ပန်းခြံ၊ အပန်းဖြေရာနေရာများသို့ အများအပြားသွားရောက်နေကြပြီး နိုင်ငံရေး လှုပ်ရှားမှုများကို စိတ်မဝင်စားတော့ သည့်အသွင်မျိုး ဝါဒဖြန့်လိုကြသည်။ မြန်မာနိုင်ငံရဲ့ ဒေသအများအပြားက ကျေးရွာတွေ မီးလောင် ဖျက်ဆီးခံနေရချိန်၊ နေအိမ်မှ အဝတ်တထည် ကိုယ်တခုဖြင့် ကွင်းထဲ တောထဲ တောင်ထဲ ထွက်ပြေး တိမ်းရှောင်နေကြရစဥ်မှာ မြို့ပေါ်က သူတွေကတော့ ဘုရား၊ စေတီ၊ ကမ်းခြေလို နေရာမျိုးသွားရောက် ပျော်ပါးနေကြသည့် သဖွယ် ရှုမြင်ကြကာ အပြစ်တင်သူတွေလည်း ရှိကြသည်။ 

အမှန်တကယ်တော့ မြို့ပေါ်က လူထုတွေ အနေဖြင့် ကျေးလက်တွေက ဖြစ်ကြောင်းရယ်ကုန်စင်ကို ဘယ်သူမျှ မသိကြသည့် သဘောတော့မဟုတ်ပါ။ ကျေးလက်က နယ်မြို့တွေက ရန်ကုန်မှာ ဆွေမျိုး အဆက်အစပ် မိသားစု အဆက်အစပ်တွေဖြင့် လာရောက်တိမ်းရှောင်နေကြသူတွေလည်း အများအပြားရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ 

သို့ရာတွင် နေ့စဥ်ဘဝတွေ စားဝတ်နေရေးတွက် လှုပ်ရှားလုပ်ကိုင်နေကြရသည့် ဘဝတွေလည်း အများအပြားရှိကြသလို စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုတွေကို ခေတ္တ လွင့်ပြယ်ဖို့ရာ ဘုရားစေတီ၊ လူစည်ကားသည့်နေရာများတွင် သွားရောက်ကြသူတွေလည်း အများအပြားရှိကြသည်။ ဒါက သာမန်လူတန်းစားတွေ ဖြစ်သည်။ လူလတ်တန်းစားလို့ သတ်မှတ်ကြသည့် ငွေကြေး အတန်အသင့်ချောင်လည်ကြသူတွေကလည်း စားသောက်ဆိုင် ၊ ညနေစောင်းနှင့် ညဘက်များတွင် ဘီယာဆိုင် နိုက်ကလပ်များတွင် စားကြ သောက်ကြတာတွေလည်း ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ 

အုပ်ချုပ်ရေးရုံး၊ စစ်သားနှင့် လုံထိန်းရဲကင်း စောင့်ရာနေရာများတွင် လုံခြုံရေး အရ သံဆူးကြိုးများ အတားအဆီးများ ကာရံကာ ယာဥ်အသွားအလာ နှေးအောင် လုပ်ထားသည့် နေရာအနီးမှာပင် ကေတီဗွီ၊ ဘီယာဆိုင်တွေ ကပ်လျှက်ရှိပြီး ညဘက်ဆို စည်ကားနေသည်ကလည်း ရန်ကုန်၏ မြင်ကွင်းပင်ဖြစ်ပါလိမ့်မည်။ 

လူထု အနေဖြင့် နွေဦးတော်လှန်ရေးသည် ဒီနေ့ သို့မဟုတ် မနက်ဖြန် အနိုင်အရှုံး အဆုံးအဖြတ် အဖြေထွက်တော့မည်ဟု ယုံကြည်သူ တဖြည်းဖြည်းလျော့နည်းလာပြီး တိုက်ပွဲက ရေရှည်တိုက်ရမည့် သဘောမျိုး နားလည်တွေးမိလာကြသည့် သဘောလည်း ဖြစ်သည်။ ဒီလိုအတွေး၊ ကောက်ယူချက်တွေကြောင့် နေ့တဓူဝ စားဝတ်နေရေး ၊ စိတ်ဖျော်ဖြေရေးကိစ္စများတွင် ပါဝင်လာကြသည့် သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ 

သို့သော် တဖက်မှာတော့ မိမိတဦးချင်း ဘဝ အနာဂတ်တည်ဆောက်ရေးအတွက် မျှော်လင့်ချက်များ စီမံကိန်းများ ချမှတ်ကာ လုပ်ဆောင်သူတွေ မရှိသလောက် နည်းပါးသွားတာတွေ့ရပါလိမ့်မည်။ မိမိမျက်စိရှေ့တွင် ဖမ်းဆီးခံရမှုကြောင့်သို့မဟုတ် ဆန္ဒပြမှု၊ စစ်ကောင်စီကို ဆန့်ကျင်မှုကြောင့် ဥပဒေမဲ့ အသတ်ခံရတာတွေ ၊ ကိုဗစ်ကပ်ဘေးကြောင့် တလတာအတွင်း အသက်ပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ကြရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရသူတွေ တပြည်လုံးဖြစ်သည်။

အနာဂတ် မျှော်မှန်းချက်တွေကို ပစ်ချကာ လက်နက်ကိုင် တိုက်ခိုက်ဖို့ တောခိုသွားကြတဲ့ လူငယ်တွေ အများပြားရှိခဲ့သည်။ အဆိုပါ လူငယ်တွေအတွင်းမှာလည်း အချို့မှာဖမ်းဆီးသတ်ဖြတ်ခံရခြင်း  သို့မဟုတ် လက်နက်ကိုင် တိုက်ပွဲမှာ သေဆုံးကြရတာတွေ ရင်ဆိုင်ဖြတ်သန်းကြရသည်။  နိုင်ငံရေး အကြောင်းသာ မကပဲ ဥပဒေ မစိုးမိုးမှုကြောင့် ရာဇဝတ်မှုတွေနေ့စဥ်လိုလို ဖြစ်ပွားနေပြီး ပစ္စည်းယူဖို့ သတ်ဖြတ်ခံရတာမျိုး အဖြစ်အပျက်တွေ က နေ့စဥ်လိုလို မိမိတို့ အသိုင်းအဝိုင်းမှာ ဖြစ်ပွားလျက်ရှိနေပါသည်။

 အနာဂတ် မျှော်လင့်ချက် ရည်မှန်းချက်တွေ ချထားခြင်းဟာ လက်တွေ့မကျသည့် သဖွယ်ဖြစ်လာကာ ပစ္စုပ္ပန်ကိုသာ ပျော်သလို နေထိုင် ဖြတ်သန်းမည့်သူများ၊ အချို့ကတော့ စိတ်ဓါတ်ကျဆင်းကာ ဘာမှမလုပ်ချင်တော့ပဲ အရှုံးပေး လျစ်လျူရှုလိုက်ကြသူတွေ မိမိတို့ ပတ်ဝန်းကျင်မှာ အများအပြားမြင်တွေ့လာကြရသည်။ 

မနက်မိုးလင်းသည်နှင့် သတင်းတွေက အသက်ဆုံးရှုံးမှု သတင်းတွေ ဖြစ်နေလေ့ရှိသည်။ ဒီလိုအခြေအနေကြားထဲ စစ်ကောင်စီက လူတွေဒုက္ခပိုပွေအောင် ကျူးကျော်ဟု တံဆိပ်ကပ်ကာ နေအိမ်ဖျက်ခိုင်း ဖယ်ခိုင်းတာတွေ၊  နေအိမ်ကို ဖျက်ဆီး မောင်းထုတ်ခံရခြင်းကြောင့် မိမိအသက်ကို အဆုံးစီရင်သူတွေလည်း ရှိနေကြသည်။ 

ယခုလို အခြေအနေတွေ အဖြစ်အပျက်တွေသည် လူတိုင်း၏ စိတ်ကို ဖိစီးစေ၊ စိတ်ဓာတ်ကျစေ သို့မဟုတ် မခံမရပ်နိုင်တဲ့ ဒေါသနဲ့  လက်စားချေမည့် လမ်းမျိုး ရွေးချယ်လာစေမည် ဖြစ်သည်။ ခြုံပြောရသော် အနာဂတ်ပျောက်ခြင်းသည် တဦးချင်း တယောက်ချင်း ဘဝတွေ အနာဂတ်ပျောက်ရုံသာမက တိုင်းပြည်အနေနဲ့လည်း အနာဂတ်ပျောက်နေသည့် သဘောမျိုး ရှုမြင်ရလာခြင်း ဖြစ်သည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar