Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၃ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း


အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၃ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၂


စီးပွားပျက်ကပ်ကြီးကို မည်သို့ တုံ့ပြန်ခဲ့သနည်း။ 

US အာဏာပိုင်များက ကိန်းစ်ဝါဒီ ချည်းကပ်မှုကို အသုံးချခဲ့ကြပါသည်။ ဘဏ္ဍာရေး ဘတ်ဂျက်အပိုင်းတွင်ရော၊ ငွေကြေး အပိုင်းတွင်ပါ လှုံ့ဆော်မှုများ ပြုခဲ့ကြသည်။ သမ္မတဘုရှ် အုပ်ချုပ်ရေးက အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ လှုံ့ဆော်မှုအစုကို ဆောင်ရွက်ခဲ့ပြီး ယင်းတွင် အခွန်ဖြတ်တောက် လျှော့ပေါ့မှုအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံနှင့်  ဒေါ်လာ ၅၀ ဘီလီယံ အပိုဆောင်းသုံးစွဲမှုတို့ ပါဝင်သည်။ 

ဖက်ဒရယ်အစိုးရ၏ အိမ်ချေးငွေ ကော်ပိုရေးရှင်းများအတွက် ထောက်ပံ့ငွေ (Freddie Mac သို့) နှင့် ဖက်ဒရယ်အစိုးရ အမျိုးသား အိမ်ချေးငွေ အသင်း (Fannie Mae သို့) ထောက်ပံ့ခဲ့သည်။ အိမ်ချေးငွေ ကုမ္ပဏီများသို့ အစိုးရက ပံ့ပိုးသည့် ကြီးမားသော အကူအညီဖြစ်ပြီး အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့၍ ရပ်တည်နိုင်ရန် ကူညီ (bailed out) ခဲ့သည်။ ထိုကော်ပိုရေးရှင်းကြီးများ ပျက်စီးရခြင်းကို လက်ခံနိုင်ဖွယ် မရှိပါ။ အထူးသဖြင့် တရုတ်ကဲ့သို့သော နိုင်ငံခြားနိုင်ငံများအဖို့လည်း ဤကော်ပိုရေးရှင်းများ၏ ဘွန်းစာချုပ်အများအပြားကို ဝယ်ယူထားကြသည်။ 

နောက်ပိုင်းတွင် ဤနိုင်ငံများက အမေရိကန်ပြည်ထောင်စုအဖို့ ချေးငွေအပေါ်  ပြန်ဆပ်မည်ဟု တာဝန်ခံနိုင်စွမ်း (creditworthiness) အပေါ်  သံသယ ရှိလာကြသည်။ 

ရင်းနှီးမြှုပ်နှံမှု ဘဏ်တခုဖြစ်သော ဘဲယားစတန်းစ် (Bear Stearns) ကို ဂျေပီ မော်ဂင်ချေ့စ် (JP Morgan Chase) က မီးလောင်ပြီး အကြွင်းအကျန်များလို ဈေးတကယ့်ချိုချိုဖြင့် ဝယ်ယူသိမ်းပိုက်လိုက်သည်။ 

[Footnote: ဝယ်ယူသိမ်းပိုက်ခံရသော ဘဏ်များတွင် ဘဲယားစတန်းစ် (Bear Stearns) တခုမျှသာ မဟုတ်ပါ။ ဥပမာအားဖြင့်- မာရဲလ် လင့်ချ် (Merrill Lynch) ကို အမေရိကန်ဘဏ် (Bank of America) က ဝယ်ယူခဲ့သည်။ ဝါခိုဗီးယားဘဏ် (Wachovia) ကို ဝဲလ်ဖာဂိုဘဏ် (Wells Fargo Bank) က ဝယ်ယူခဲ့သည်။] 

ဤအဖြစ်က လီမင်း ဘရားသားစ် (Lehman Brothers) မပြိုလဲမီ ၆ လ အကြာတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း လီမင်း ဘရားသားစ်က ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြိုလဲသည်။ 

လီမင်းက ကုန်သွယ်ရေးဘဏ်တခု မဟုတ်ပါ။ သို့ဖြစ်ရာ ယင်း တွင် ငွေအပ်နှံထားသူများ မရှိပါ။ ငွေကြေးဈေးကွက်၏ အပြန်အလှန်ရန်ပုံငွေ ရောင်းဝယ်မှုများ (mutual funds) က လီမင်းဘဏ်၏ ရေတိုစာချုပ်များကို ဝယ်ယူကိုင်စွဲထားကြသည်။ လီမင်းဘဏ် ပြိုလဲသည့်အခါ အပြန်အလှန်ရန်ပုံငွေ ရောင်းဝယ်မှုများ (mutual funds) အစုရှယ်ယာရှင်များက သွေးလန့်ကုန်ကြသည်။ ဤရန်ပုံငွေများကို အမြန်ထုတ်၍ ရောင်းချကြသည်။ 

သို့ဖြစ်ရာ မိဘဘဏ်များသဖွယ်ဖြစ်သည့် ဧရာမ ရင်းနှီးမြှုပ်နှံမှုဘဏ်များမှလည်း အစုရှယ်ယာ ပိုင်ဆိုင်မှုများ ပြန်၍ ထုတ်ယူ ကြရန် ဖြစ်လာစေသည်။ နောက်ဆုံး အစုရှယ်ယာ ဈေးကွက် (securitization market) ပြိုလဲကျရတော့သည်။

ဖက်ဒရယ် အစိုးရ လီမင်းဘဏ်ကို မကယ်တင်ခဲ့ပါ။ ဤသို့ မဆောင်ရွက်ခဲ့ခြင်းမှာ လီမင်းဘဏ် (Lehman) က ကုန်သွယ်ရေးဘဏ်တခု မဟုတ်သောကြောင့် FED ဗဟိုဘဏ်၏ ငွေချေးယူနိုင်သော နေရာများကို ရယူချေးငှားခွင့် ရှိနေသောကြောင့် ဖြစ်သည်။ ဘယ်ရီ အိုင်ချင်ဂရင်း (Barry Eichengreen) က သို့အတွက်ကြောင့် ဤသို့ နိဂုံးချုပ် မှတ်ချက်ပေးသည်။ 

“အမေရိကန် ငွေတိုက်ဌာန (US Treasury) မှ ဝန်ကြီးဟင်နရီ ပေါ်လ်ဆင် (Secretary Henry Paulson) ၏ အရာရှိများက လီမင်း ဘရားသားစ်ဘဏ်ကဲ့သို့သော ငွေမလည်ပတ်နိုင်သည့် ဘဏ်တခုကို ငွေချေးပေးရန် အခွင့် အာဏာမရှိဟု အကြောက်အကန် ငြင်းဆိုနိုင်ပါသည်။ အလားတူပင် ငြင်သာစွာ ပိတ်သိမ်းပစ်နိုင်သော လုပ်ငန်းစဉ် ရှိနေသည်။” 

ထိန်းချုပ်မှုမရှိသော ကုမ္ပဏီပိတ်သိမ်း ဒေဝါလီခံခြင်းကသာ နောက်ဆုံးနည်းလမ်းတခု အဖြစ် ကျန်တော့သည်။ သို့သော် လီမင်း ဘရားသားစ်၏ ပြဿနာများသည် ကြိုတင်မျှော်လင့်မထားသည့် အံ့ဩဖွယ်ကိစ္စ မဟုတ်ခဲ့လျှင် ကျန်နည်းနာများ ရှိ နိုင်ပါသေးသည်။ 

ယင်းမတိုင်ခင် ၆-လ အကြိုကာလက ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးတခု ဖြစ်သော ဘဲယားစတန်းစ် (Bear Stearns) ကယ်တင်ခဲ့စဉ်ကတည်းက စည်းမျဉ်းကြပ်မတ်သူများက စောင့်ကြည့်နေခဲ့ကြသည်။ ငွေတိုက်ဌာန (Treasury) နှင့် ဗဟိုဘဏ် (FED) တို့က ဘဏ်တခုမဟုတ်သည့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းတခု၏ ဒေဝါလီခံရတော့မည့် ငွေကြေးမလည်ပတ်နိုင်သည့် ပြဿနာကို ကယ်တင်ထောက်ပံ့ရန် ပျက်ကွက်ခဲ့ခြင်းသည်၊ ယခု အကျပ်အတည်း၏ တခုတည်းသော အရေးပါသည့် မူဝါဒအရ ကျရှုံးမှု ဖြစ်စေခဲ့သည်။  

အာမခံကုမ္ပဏီတခု ဖြစ်သည့် အမေရိကန် နိုင်ငံတကာ အုပ်စု American International Group (AIG) ကို အမေရိကန်ပြည်ထောင်စု အစိုးရက ပံ့ပိုးပေးခဲ့သည်။ (AIG) ကုမ္ပဏီအနေဖြင့် အမေရိကန် ဒေါ်လာ ၁၅၀ ဘီလီယံမျှ ကယ်ဆယ်ရေး အထောက်အပံ့ ရရှိခဲ့သည်။ (AIG) ၏ စုစုပေါင်း ငွေ ကြေးပြဿနာမှာ ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများသို့ ကြွေးမြီအာမခံ ပေးမှု ကိစ္စများအတွက် ဒေါ်လာအား ဖြင့် ၄၀၀ ဘီလီယံနီးပါးမျှ ရှိနေခဲ့သည်။ ယင်းကြွေးမြီအာမခံပေးမှု ကိစ္စအများစုမှာ အိမ်ရာ ချေးငွေစာချုပ်များ (subprime mortgage bonds) အတွက် ကြွေးမြီ မဆပ်ဘဲနေတော့မည့်ကိစ္စများကို လဲလှယ် အကာအကွယ်ပေးရန် ဖြစ်တော့သည်။ 

ဂိုးလ်မင်း ဆက်ခ် (Goldman Sachs) နှင့် မော်ဂန် စတန်လေ (Morgan Stanley) ဘဏ်များတွင်လည်း ပြဿနာရှိနေ ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ သူတို့၏ အစုရှယ်ယာ စတော့များ ဈေးထိုးကျ၍ ဖောက်သည်များက သူတို့ ၏ အပ်နှံထားငွေများ ပြန်၍ ထုတ်ယူကြသည်။ ထို့နောက် (FED) ဗဟိုဘဏ်၏ ဥက္ကဋ္ဌ ဘာနန်ကေး (Bernanke) နှင့် ငွေတိုက် ဌာန ဝန်ကြီး ဟင်နရီ ပေါလ်ဆန် (Henry Paulson) တို့က ကွန်ဂရက်အောက်လွှတ်တော်ထံသို့ အကြီးအကျယ် ကယ်ဆယ် ရေး အကူအညီပေးရမည်၊ ဒေါ်လာ ဘီလီယံ ၇၀၀ မျှအထိ ရှိနိုင်သည်ကို အတည်ပြုပေးပါရန် တောင်းဆိုခဲ့သည်။ ဤထောက် ပံ့ငွေများက ယင်းဘဏ်များကို အရင်းအနှီးပြန်၍ ဖြည့်ဆည်းပေးရန် ဖြစ်ပြီး၊ ဦးစားပေးအစုရှယ်ယာများကို ပြန်၍ ဝယ်ယူနိုင် ရေးအတွက် ဖြစ်သည်။ ပြဿနာတက်နေသည့် ပိုင်ဆိုင်မှုများ ကယ်ဆယ်ရေး အစီအစဉ် Troubled Asset Relief Program (TARP) ကို တည်ထောင်ခဲ့ကြသည်။ အစိုးရက ယာယီငွေပေါ်လွယ်မှု အာမခံချက် အစီအစဉ် Temporary Liquidity Guarantee Program တခုကိုလည်း ငွေကြေးစနစ် ပြန်လည်ထူမနိုင်ရေးအတွက် စတင်တည်ထောင်ခဲ့သေးသည်။ 

ဥပဒေများကိုလည်း အတည်ပြုပေးခဲ့သည်။ 

ထင်ရှားသည့် ဥပဒေတခုမှာ ဒေါ့-ဖရင့်ခ် ၂၀၁၀ ခုနှစ် ဥပဒေ (Dodd–Frank Act of 2010) ဖြစ်သည်။ 

ဤဥပဒေကို အပြည့်အစုံအားဖြင့် ဒေါ့-ဖရင့်ခ် ဝေါစထရိ ပြုပြင်ပြောင်းလဲရေးနှင့် စားသုံးသူ ကာကွယ်မှုပေးရေး ဥပဒေ (Dodd–Rank Wall Street Reform and Consumer Protection Act) ဟု ခေါ်ပြီး ယင်းတွင် ငွေကြေးဆိုင်ရာ အဖွဲ့ အစည်းများက ဈေးကစားမှုဆန်သည့် ရောင်းဝယ်မှုများကို ကန့်သတ်ခြင်းမှသည်၊ အရင်းအနှီး မြှင့်တင်ပေးခြင်း နှင့် ငွေပေါ်လွယ်မှု လိုအပ်ချက်များ စသည်တို့အထိ၊ စနစ်တခုလုံး တည်ငြိမ်စေမှုအတွက် စည်းမျဉ်းထိန်းသိမ်းသည့် အဖွဲ့အစည်း တခု ဖွဲ့စည်းခြင်း၊ စားသုံးသူ ကာကွယ်မှုပေးရေး ဗျူရိုတခု တည်ထောင်ခြင်းတို့အထိ ပါဝင်သည်။ 

သို့သော်လည်း ယင်း ဥပဒေက မစွမ်းဆောင်နိုင်ခဲ့သည့်ကိစ္စမှာ ဘဏ်များ၏ အရွယ်အစားကို မကန့်သတ်နိုင်ခြင်း ဖြစ်သည်။ ထိုဘဏ်များက “ကျရှုံးရသည်အထိ အလွန်အမင်းဆက်၍ကြီးထွား” နိုင်ကြလေသည်။ 



Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar