အာဏာရှင်စစ်တပ်အတွက် ရုရှားက တိုက်လေယာဥ် ၆ စင်း၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဘယ်ရှုထောင့်က ချဥ်းကပ်မလဲ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၄ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၅ ၊ ၂၀၂၂
အာဏာရှင်စစ်တပ်အတွက် ရုရှားက တိုက်လေယာဥ် ၆ စင်း၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဘယ်ရှုထောင့်က ချဥ်းကပ်မလဲ
အာဏာရှင်စစ်တပ်အတွက် ၂၀၁၈ ခုနှစ်ကတည်းက မှာယူထားတယ်ဆိုတဲ့ ရုရှားလုပ် တိုက်လေယာဥ် ၆ စင်းထဲက တချို့ဟာ မြန်မာနိုင်ငံကို မကြာခင်က ရောက်ရှိလာပြီလို့ စောင့်ကြည့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Myanmar Witness က ထုတ်ပြန်လိုက်ပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ရုရှားထံက မှာယူထားတဲ့ တိုက်လေယာဥ် ဖြစ်ပြီး Sukhoi 30 အမျိုးအစား တိုက်လေယာဥ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ တစီးကို အမေရိကန်ဒေါ်လာ ၃၅ သန်းဝန်းကျင် တန်ဖိုးရှိတဲ့တိုက်လေယာဥ်တွေ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ အခုတိုက်လေယာဥ်တွေကို ပြည်ပ အန္တရာယ်ကာကွယ်ရေး ဆိုတာထက် ပြည်တွင်းစစ်ဖြစ်ပွားတဲ့အခါမှာ တွင်တွင်ကျယ်ကျယ် သုံးလာနေပြီး တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတို့မှာ အသုံးပြုနေတာ ဖြစ်ပါတယ်။ စစ်ရေးပစ်မှတ်တွေတင်မကပဲ ကျေးရွာတွေ တချို့ဖြစ်ရပ်တွေမှာ ဘာသာရေးအဆောက်အဦတွေ စာသင်ကျောင်းတွေလိုမျိုးကိုပါ လေယာဥ်နဲ့ ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေက နေ့စဥ် အဖြစ်အပျက်တွေလို ဖြစ်လာနေတာ ဖြစ်ပါတယ်။
အခုရောက်ရှိလာတဲ့ တိုက်လေယာဥ်တွေဟာ နိုင်ငံကာကွယ်ရေးအတွက် အချုပ်အခြာအာဏာကာကွယ်ဖို့ထက် ပြည်တွင်းနိုင်ငံရေး သဘောထားကွဲလွဲမှု လက်နက်ကိုင် တိုက်ခိုက်မှုမှာ မြေပြင်က တိုက်ခိုက်နိုင်အား လျော့ကျလာတာ ထိခိုက်သေဆုံးမှု များလာတာကို အသာစီးရယူဖို့အတွက် စစ်ရဟတ်ယာဥ် တိုက်လေယာဥ်တွေကို သုံးလာတဲ့ သဘောဖြစ်ပါတယ်။
အရင့်အရင် ပြည်တွင်းစစ်တိုက်ပွဲတွေမှာလည်း လေကြောင်းကနေ ကူပစ်တာတွေ တိုက်ခိုက်တာတွေ ရှိခဲ့တာဖြစ်ပေမယ့် အခုအချိန်ကာလလောက် လေကြောင်းတိုက်ခိုက်မှုကို နေ့စဥ် လုပ်ဆောင်ခဲ့တာမျိုး မဟုတ်ပါဘူး။
မူဝါဒဆိုင်ရာ လော်ဘီအဖွဲ့အစည်းတချို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က မြန်မာနိုင်ငံစစ်ကောင်စီတပ်ကို လေယာဥ်ဆီ မရောင်းချဖို့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေကြပါတယ်။ သို့ပေမဲ့ အရပ်ဘက် လေကြောင်းလိုင်းတွေလည်း ပြေးဆွဲနေတဲ့ မြန်မာနိုင်ငံကို လေယာဥ်ဆီတွေ လုံးဝပိတ်ဆို့ဖို့က ခက်ခဲနိုင်ပြီး အရပ်ဘက်လေယာဥ်တွေအတွက် လေယာဥ်ဆီ ဝယ်ယူမှုတွေနေသော်လည်းကောင်း ရုရှားကနေ လောင်စာဆီ စတင်တင်သွင်းနေပြီဖြစ်တဲ့ လမ်းကြောင်းကနေသော်လည်းကောင်း စစ်ကောင်စီအနေနဲ့ ရယူနိုင်တဲ့အနေအထား ရှိနေတာမို့ ပိတ်ဆို့မှု အောင်မြင်ဖို့ကတော့ အခက်အခဲတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။
ရုရှားရဲ့ စစ်ပစ္စည်းရောင်းချပေးခြင်းဟာ စစ်ကောင်စီအဖို့ ပြည်တွင်းစစ်မှာ လက်နက်ဝယ်ယူဖို့ အခက်အခဲတွေ မရှိဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေကို စစ်ဆင်တိုက်ခိုက်ဖို့ အခြေအနေပေးတာလို့ ဆိုရမှာပါ။ သို့ပေမဲ့ သေဆုံးမှုတွေ ထိခိုက်မှုတွေ များလာတာနဲ့ အမျှ မြေပြင်ကနေ ချီတက်ပြီး ရှင်းလင်းတာ တိုက်ခိုက်တာတွေကို လျှော့ချပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာ ရဟတ်ယာဥ်နဲ့ လာရောက်ပြီး ရဟတ်ယာဥ်နဲ့ပဲ ပြန်လည်ဆုတ်ခွာတာမျိုးတွေကို စစ်ကိုင်းတိုင်းက ဒေသတွေမှာ တွေ့နေရပြီ ဖြစ်ပါတယ်။
အရင့်အရင်တုန်းက မရှိခဲ့ဖူးတဲ့အစဥ်အလာမျိုးနဲ့ တိုက်ခိုက်လာတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း အကူအညီကို ပိုပြီးယူလာရတာ ဖြစ်ပါတယ်။
လေကြောင်းက တိုက်ခိုက်မှုတွေက အချို့သော ဖြစ်ရပ်တွေမှာ အရပ်သား သေဆုံးမှုများစေသလို အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ၊ ကျောင်းသားတွေ အများအပြား သေဆုံးမှုတွေကျယ်ပြန့်စွာ ဖြစ်ပွားစေတာလည်း ဖြစ်ပါတယ်။ စစ်ပွဲတွေက ပိုမိုရက်စက်လာတဲ့ အသွင်ဆောင်ပြီး ပြည်တွင်းစစ်မှာ အဆိုးရွားဆုံးသာဓကတွေနဲ့ ဒဏ်ရာတွေကို ကျန်ရစ်စေမှာ ဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်သတင်းတပုဒ်ကတော့ ကုသမဂ္ဂမှာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးကျော်မိုးထွန်းက IIMM လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ရရှိထားတဲ့အချက်အလက်တွေကို လုံခြုံရေးကောင်စီမှာ တင်ပြဖို့ တောင်းဆိုတဲ့သတင်း၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် သံအမတ်ကြီးဟောင်း စကော့မာရှယ်က မြန်မာ့အရေးကို နိုင်ငံတကာက ခုထက်ပို အရေးတယူ ဆောင်ရွက်ကြဖို့ တိုက်တွန်းတဲ့ သတင်းတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂက ဘယ်လောက်ထိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ အဖြေရှာ ဆောင်ရွက်နိုင်မလဲဆိုတာ ဖြေရခက်ခဲတဲ့ မေးခွန်းတရပ် ဖြစ်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်နီးပါး ကြာလာတဲ့အချိန်အထိ ကုလသမဂ္ဂ အနေနဲ့ လူသားချင်းစာနာမှု အကူအညီဆိုင်ရာအဖွဲ့အစည်း တခုထက်သာလွန်ပြီး ဆောင်ရွက်နိုင်ခြင်း တာဝန်ပေးအပ်ထားခြင်း မရှိသေးတာ တွေ့ရမှာပါ။ နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာရေးမှာ အာဆီယံရဲ့ အခန်းကဏ္ဍက ကုလသမဂ္ဂထက်ပိုပြီး အရေးပါတဲ့သဘော ရှိနေပြီး အာဆီယံအနေနဲ့လည်း သဘောတူညီမှု မူ ၅ ချက်ကို အကောင်အထည်ဖော်အောင် ထိရောက်တဲ့ တွန်းအားမပေးနိုင်တဲ့အခြေအနေမျိုးမှာ ကုလသမဂ္ဂဟာ စစ်ကောင်စီကို သိက္ခာချရုံသာ တတ်နိုင်ပြီး လူသားချင်းစာနာမှု အကူအညီတွေတောင် အရေးတကြီးလိုအပ်နေတဲ့ ဒေသတွေမှာ ပေးဝေခွင့်မရှိတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။
ဒီအခြေအနေအခင်းအကျင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြန်လည်သုံးသပ်ပြီး နိုင်ငံတကာ သံတမန်ရေး မဟာဗျူဟာအသစ်ကို ချမှတ်ဖို့ လိုအပ်ကောင်းလိုအပ်မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက မြန်မာ့အရေး ဝင်ဖြေရှင်းပေးနိုင်မယ်ဆိုတဲ့ အယူအဆကို စွန့်လွှတ်ဖို့ သင့်ပြီလို့လည်း ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar