စစ်ကောင်စီက အာဆီယံဆုံးဖြတ်ချက်တွေ ပယ်ချ၊ အာဆီယံနဲ့ ကုလတို့ရဲ့ ကြိုးပမ်းမှုတွေက မြန်မာ့အရေးမှာ အဆုံးအဖြတ်ဖြစ်လာနိုင်မလား
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၂ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၂
စစ်ကောင်စီက အာဆီယံ ဆုံးဖြတ်ချက်တွေ ပယ်ချ၊ အာဆီယံနဲ့ ကုလတို့ရဲ့ ကြိုးပမ်းမှုတွေက မြန်မာ့အရေးမှာ အဆုံးအဖြတ်ဖြစ်လာနိုင်မလား
နိုဝင်ဘာ ၁၁ ရက်နေ့မှာ အာဆီယံနိုင်ငံတွေရဲ့ အစည်းအဝေးအပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်လိုက်တဲ့ အာဆီယံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက နေ့မကူးဘဲ တုံ့ပြန်ချက်ပေးခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ အာဆီယံမှာ ဆုံးဖြတ်နိုင်ခြေရှိတာတွေအတွက် ကြိုတင်ပြင်ဆင်ထားပုံရပြီး အာဆီယံက ဆုံးဖြတ်ချက်ဖြစ်တဲ့ သဘောတူညီမူ ၅ ချက်ကို အချိန်အကန့်အသတ်နဲ့ ဖော်ဆောင်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ပယ်ချကြောင်း၊ လက်မခံကြောင်း နာရီအနည်းငယ်အကြာမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ချက် ထုတ်ခဲ့တာဖြစ်ပါတယ်။
ယခု အာဆီယံအစည်းအဝေးဟာ မြန်မာ့အရေးကိစ္စတခုတည်းတင်မကပဲ ဒေသန္တရဆိုင်ရာ မဟာဗျူဟာ တရုတ်နဲ့ အမေရိကန် တို့ရဲ့ ထိုင်ဝမ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ဆက်ဆံရေး ဆိုးရွားလာချိန် ဥရောပ ယူကရိန်း-ရုရှားစစ်ပွဲတွေနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေရဲ့ ထောက်ခံမှုရရေး စတဲ့ ရည်ရွယ်ချက်တွေလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက ပယ်ချလိုက်ပြီဖြစ်လို့ ပူးပေါင်းဆောင်ရွက်မှု များများစားစား ရှိနိုင်ဖွယ်မရှိတော့ဘူးလို့ ခန့်မှန်းရမှာ ဖြစ်ပါတယ်။ လက်ရှိ ၂၀၂၂ ခုနှစ်မကုန်သေးခင်တော့ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ နောက်ထပ် ကြိုးစားကောင်း ကြိုးစားနိုင်ခြေရှိပေမယ့် လာမယ့်နှစ်မှာ အင်ဒိုနီးရှားနိုင်ငံက အလှည့်ကျချိန်မှာတော့ စစ်ကောင်စီနဲ့ ဆက်ဆံရေးက သိပ်ပြီးနီးစပ်စရာမရှိတာမို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေက မြန်မာ့အရေးကို ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်စရာမမြင်ဘူးလို့ ဆိုနိုင်ပါတယ်။
ပြည်တွင်းက အခြေအနေကို အပြောင်းအလဲ ဖြစ်နိုင်စေတာတွေက စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ PDF တို့ရဲ့ တိုက်ပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင် နဲ့ PDF တွေကို လက်နက် သို့မဟုတ် ငွေအင်အား အကူအညီပေးကြမလားဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်တွေမှာ လက်ရှိရှိရင်းစွဲ အနေအထားကနေ အာဆီယံ သို့မဟုတ် အခြားနိုင်ငံတွေက ခြေလှမ်းပြောင်းလဲခဲ့ရင် ပြည်တွင်းက လက်နက်ကိုင်တိုက်ပွဲရဲ့ ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း ပြည်တွင်းစစ်က ပိုပြီးအရှိန်နဲ့ တောက်လောင်လာမှာ ဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေကိုလည်း ဒုက္ခသည်တွေ ပိုပြီး ရောက်ရှိနိုင်ခြေရှိပါတယ်။
တဖက်မှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တိုက်ပွဲကို တိုက်ရိုက်ကူညီတဲ့ နိုင်ငံက ဘယ်နိုင်ငံလဲဆိုတဲ့အပေါ် မူတည်ပြီး တန်ပြန်ချိန်ခွင်လျှာညှိမှုတွေ ရှိနိုင်ပါတယ်။ အဆိုပါဖြစ်နိုင်ခြေကတော့ ခုချိန်ထိ နည်းပါးနေဆဲဖြစ်ပြီး ဘာအရိပ်လက္ခဏာမှ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက အဲဒီ လက်နက်အင်အားထောက်ပံ့မှုနဲ့ ဝင်စွက်ဖက်နိုင်ခြေကို အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယတို့က သတိကြီးစွာနဲ့ စောင့်ကြည့်နေကြမှာ ဖြစ်ပြီး အင်အားကြီးနိုင်ငံတွေ စစ်ရေးအရ ကူညီမှု ထောက်ပံ့မှုမပါဝင်အောင် သတိကြီးစွာနဲ့ ထိန်းထားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့တော့ PDF လှုပ်ရှားမှုတွေကို ပြည်ပနိုင်ငံတချို့က ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲမှုတွေ ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေခဲ့ပြီး သက်သေအထောက်အထားတော့ မပြသနိုင်ပါဘူး။ ပြည်ပနိုင်ငံတချို့က ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အချက်အလက်မမှန်မှန်းသိလျက်နဲ့ စွပ်စွဲတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် အဲလိုမဟုတ်ခဲ့ရင် PDF လက်နက်ကိုင် တိုက်ခိုက်မှုတွေကို လူထုက ထောက်ပံ့ကူညီမှု ရနေတယ်ဆိုတဲ့ အချက်ကို ဝန်ခံသလို ဖြစ်စေမှာကြောင့် ပြည်ပ ပယောဂနဲ့ လက်နက်ကိုင်တိုက်ခိုက်နေတာဆိုတဲ့ ဇာတ်လမ်းမျိုးကို စစ်ကောင်စီက တမင်တကာ စွပ်စွဲတာ ဖြစ်နိုင်ပါတယ်။
အာဆီယံ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း မြန်မာ့အရေးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီမှုအားနည်းခဲ့တဲ့အကြောင်း ဝန်ခံပြောဆိုခဲ့တယ်လို့ သတင်းတွေမှာဆိုပါတယ်။ ကုလသမဂ္ဂအပါအဝင် အားနည်းခဲ့တဲ့အကြောင်း ဝန်ခံပြောကြားခဲ့တာပါ။ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီနဲ့ နိုင်ငံရေးအရ ထိထိရောက်ရောက်ကူညီမှုကို ဆိုလိုတာလို့ အဓိပ္ပာယ်ကောက်ယူ နိုင်ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးတနှစ်အကြာမှာ ဖြစ်ပွားလာတဲ့ ယူကရိန်း-ရုရှား စစ်ပွဲမှာ တက်ကြွစွာ ကူညီထောက်ပံ့ကြပေမယ့် အဲဒီမတိုင်ခင်ကတည်းက လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဒုက္ခသည်ဆိုင်ရာ အခက်အခဲတွေရင်ဆိုင်နေခဲ့ရတဲ့ မြန်မာ့အရေးမှာ အကူအညီပမာဏအားဖြင့် ထိထိရောက်ရောက် မရရှိခဲ့တာကို ရည်ညွှန်းတာ ၊ နိုင်ငံရေးအရ ကြားဝင်ညှိနှိုင်း ဖိအားပေးမှုတွေ ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့တာကို ရည်ညွှန်းတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အခု အာဆီယံနှစ်လည် အစည်းအဝေးနဲ့ ဆက်စပ်ပြီး အမေရိကန်၊ ဂျပန်၊ ကုလ၊ တရုတ်နိုင်ငံတို့ပါ တက်ရောက်တဲ့ ဖနွမ်ပင် အစည်းအဝေးတွေကနေပြီး မြန်မာ့အရေး အတွက် ကြီးမားတဲ့ အလှည့်အပြောင်း မူဝါဒချမှတ်လိုက်တဲ့ လက္ခဏာမတွေ့ရဘဲ အရင်ရှိပြီးသား မူဝါဒ ရပ်တည်ချက်တွေကိုသာ အနည်းငယ် ပြင်ဆင်ကာ အတည်ပြုလိုက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar