Breaking News

မီးစင်ကြည့် က နေရတဲ့ ပြည်သူတွေလား အဖွဲ့အစည်းတွေလား



မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၅ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၆ ၊ ၂၀၂၂


မီးစင်ကြည့် က နေရတဲ့ ပြည်သူတွေလား အဖွဲ့အစည်းတွေလား

နေ့စဥ်နဲ့အမျှ ဖော်ပြနေကြတဲ့ သတင်းတွေထဲမှာ  ကျေးရွာတွေမီးရှို့ ခံနေကြရတာတွေ၊ အရပ်သားတွေ PDF ဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ၊ PDF တွေနဲ့ တိုက်ပွဲဖြစ်ပြီး သေဆုံးကြတဲ့ သတင်းတွေ၊ လက်နက်ကြီး ပစ်ခတ်ရာမှာ ရပ်ရွာ နေအိမ်တွေကို ကျပြီး ထိခိုက်ဒဏ်ရာရတာ သေဆုံးကြရတာတွေ၊ မြို့ပေါ်မှာ ပေါက်ကွဲမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေ နဲ့ လာဘ်စားမှု ခြစားမှုတွေ ကနေ့စဥ်သတင်းတွေထဲ ကြားနေကြရတဲ့ သတင်းတွေ ဖြစ်နေပါတယ်။ ငွေတန်ဖိုးကျဆင်းတာ၊ ကုန်စျေးနှုန်းတွေ မြင့်တက်တာ၊ အလုပ်အကိုင် ရှားပါးတာကြောင့် ပြည်ပကို တရားဝင်ရော တရားမဝင်ပါ ထွက်ခွာကြတာ ဖမ်းဆီးခံကြရတဲ့ သတင်းတွေလည်း နေ့စဥ်မဟုတ်တောင် မကြာခဏ ဖတ်ရှုနေရတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

ဒါတွေက ပုဂ္ဂလိကသတင်းဌာနတွေ ပြည်ပနိုင်ငံကြီးတချို့က တည်ထောင်ထားတဲ့ မြန်မာပိုင်းအစီအစဥ်တွေ သတင်းတွေမှာ ဖတ်ရှုရတဲ့ သတင်းတွေဖြစ်ပါတယ်။ 

နယ်မြို့တွေရဲ့ အခြေအနေ ကျေးလက်တွေရဲ့ ဥပဒေ စိုးမိုးမှု၊ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်တဲ့ စိုက်ပျိုးမှု ကုန်သွယ်မှုတွေက တည်ငြိမ်မှုမရှိတဲ့အခါ သူခိုးရန် ဓါးပြရန် ၊ စစ်ကောင်စီရန် နဲ့ တိုက်ပွဲရဲ့ စစ်မြေပြင်ဖြစ်လာတဲ့အခါ ပိုင်ဆိုင်တဲ့ နေအိမ်၊ ကျွဲနွားဆုံးရှုံးသွားတဲ့အခါ ဘဝက နှစ် ၃၀ လောက် နောက်ပြန်ဆုတ်သွားသလို ခံစားရမှာအမှန်ပဲ ဖြစ်ပါတယ်။ မိသားစုဝင်တွေ ဆုံးရှုံးသွားတဲ့အခါ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုမျိုး ခံစားရမှာ ဖြစ်ပြီး ချမ်းသာတဲ့ အခြေအနေမဟုတ်ပေမယ့် စားဝတ်နေရေးအတွက် ပိုင်ဆိုင်မှုဖြစ်တဲ့ ကျွဲနွား၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်း စိုက်ပျိုးလို့ရထားတဲ့ ရိက္ခာ၊ နီးနီးနားနား သွားလာဖို့ မရှိမဖြစ်တဲ့ ဆိုင်ကယ်တွေ ဖျက်ဆီးခံရတာ ယူဆောင်သွားတာမျိုးတွေက ဘဝကို သုည ဆက်တင်ရောက်အောင် လုပ်ခံရသလို ဖြစ်စေတာပါ။ 

ဒီလိုအခြေအနေမျိုးတွေ ဘဝတွေ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နေ့စဥ်လိုလို ဖြစ်ပွားနေပြီး တနေ့တနေ့ ကိန်းဂဏန်းတွေကိုသာ စောင့်ကြည့်ပြီးနေကြရသလို ခံစားမိစေပါတယ်။ သေဆုံးမှုတွေ ကိန်းဂဏန်းတွေရေတွက်နေရတာ၊ မီးရှို့ခံရတဲ့ အိမ်အရေအတွက်တွေ ရေတွက်နေရတာ၊ ဖမ်းဆီးခံရတဲ့ လူအရေအတွက်တွေ ရေတွက်နေကြရပြီး ဒီဖြစ်ရပ်တွေကို တားဆီးဖို့ ရပ်တန့်သွားအောင် လုပ်ဖို့မတတ်သာတဲ့ အခြေအနေမျိုး ဖြစ်နေပြီလို့ စိတ်ထဲ ခံစားမိစေပါတယ်။ ဘယ်သူတွေက တားဆီးနိုင်မလဲ ၊ ဒီအခြေအနေက ရှောင်လွှဲအောင် ဘယ်သူတွေက လုပ်ဆောင်နိုင်မလဲ ဆိုတာ အဖြေမရှိတဲ့ မေးခွန်းသဖွယ်ဖြစ်လာနေပါတယ်။ 

PDF တပ်ဖွဲ့တွေကို ဦးဆောင်သူတွေအနေနဲ့ ရပ်ရွာက သူတွေကို ဖမ်းဆီးသတ်ဖြတ်ခံရတာ နေအိမ်မီးရှို့ခံရတာတွေကို တားဆီးနိုင်တဲ့အနေအထားမျိုးမှာ မရှိပါဘူး။ PDF တွေအနေနဲ့ စစ်ကောင်စီတပ်ကို မောင်းထုတ်နိုင်တာ တားဆီးနိုင်တာမျိုး လက်နက်အင်အား ဗျူဟာအနေအထားမရှိသေးဘဲ အလစ်အငိုက်တိုက်ခိုက်ဖို့ ကားတန်းတွေကို လမ်းမှာ မိုင်းခွဲဖို့ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ဖို့ အနေအထားမျိုးသာ ရှိနေသေးတာကြောင့် ဒေသခံတွေကို စစ်ကောင်စီ ရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ခြင်း မရှိသေးတာ လက်ရှိအခြေအနေ လို့ ဆိုရမှာဖြစ်ပါတယ်။ 

စစ်ကောင်စီက ဒီရွာတွေက PDF တွေကို လက်ခံတာ၊ ထောက်ခံတာ ၊ လူအင်အား ပါဝင်တာတွေ ရှိနေတာကြောင့် ရွာမီးရှို့၊ အရပ်သား နဲ့ PDF သေခြာစွာမစိစစ်ပဲ သံသယရှိယုံနဲ့တင် သတ်ဖြတ်တာတွေ လုပ်ပြီး PDF လှုပ်ရှားမှုကို မြေလှန်စနစ် ဝိုင်းကြီးချုပ် အပြစ်ပေးတဲ့ စနစ်နဲ့ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုကို ချေမှုန်းဖို့ မဟာဗျူဟာ ချမှတ်ထားတဲ့ သဘောဖြစ်ပါတယ်။ 

NUG အနေနဲ့ ဒီဒေသတွေရဲ့ ခုခံစစ်ပွဲ မဟာဗျူဟာ နည်းဗျူဟာဆိုင်ရာမှာ ဦးဆောင်မှုပေးဖို့ အရေးတကြီး လိုအပ်ပြီလို့ ထင်မြင်ပါတယ်။ ခု ဖြစ်နေတဲ့အခြေအနေဟာ မဟာဗျူဟာ ချမှတ်ထားပြီးလုပ်ဆောင်တဲ့ အခြေအနေလား ၊ ဖြစ်ပေါ်နေတဲ့အခြေအနေအတိုင်း တုံ့ပြန်လုပ်ဆောင်နေတာလား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

 နိုင်ငံတကာ အကဲခတ်သူတွေ လေ့လာဆန်းစစ်မှုတွေမှာ မြန်မာ့နွေဦးတော်လှန်ရေး ရဲ့ လက်နက်ကိုင် ခုခံစစ်အပိုင်းမှာ စုစည်းတဲ့ ဦးဆောင်မှု တခုတည်းသော အမိန့်ပေးစနစ်တွေ မရှိတဲ့အချက်ကို အဓိက အားနည်းချက်အဖြစ် ထောက်ပြရေးသားနေကြတာ မကြာခဏတွေ့ရ ဖတ်ရှုရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ လေ့လာအကဲခတ်သူတွေ အနေနဲ့ မြန်မာ့နိုင်ငံရေးရဲ့ နောက်ခံအကြောင်းတွေ ပြဿနာဖြေရှင်းရေး ရဲ့ သော့ချက်ဆိုတာတွေကို နားလည်ချင်မှ နားလည်နိုင်မှာ ဖြစ်ပေမယ့် အခုလို စစ်ရေး လက်နက်ကိုင် တိုက်ပွဲတွေရဲ့ မဟာဗျူဟာ နည်းဗျူဟာ အားနည်းချက် အားသာချက်တွေကိုတော့ အကဲဖြတ် နိုင်တဲ့ အခြေအနေရှိတာကို ငြင်းလို့မရပါ။ ဒီအားနည်းချက်ကို ဘယ်လို ပြင်ဆင်မလဲ ဘယ်လို စည်းရုံးစုစည်းကြမလဲဆိုတာက နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင် တိုက်ပွဲရလဒ်ရဲ့ အဖြေဖြစ်နိုင်ပါတယ်။ တိုက်ပွဲက ကြာရှည်လာခဲ့ရင် လူထုအနေနဲ့ ဘယ်လောက်ထိ ဘဝတွေ ရင်းပြီး ထောက်ခံနိုင်မလဲ ပါဝင်နိုင်မလဲဆိုတာလည်း အရေးပါတဲ့ မေးခွန်းတခုဖြစ်နေပါသေးတယ်။ 

အလှူငွေတွေ ကောက်ခံရရှိမှုကလည်း အချိန်ကာလတခု အခြေအနေတခုမှာ အကန့်အသတ်ရှိနိုင်တာဖြစ်ပြီး အဲဒီအကန့်အသတ်မရောက်ခင်မှာ အခြေအနေတွေ ကိုယ့်ဘက်က အသာစီးရအောင် အရည်အသွေးအရ အပြောင်းအလဲဖြစ်အောင် တိုက်ပွဲကို အသာစီးရဖို့ အောင်မြင်ဖို့ တိုက်ပွဲမဟာဗျူဟာ ချမှတ်ဖို့ အရေးကြီးနေပြီဖြစ်ပါတယ်။ 

နောင် ၃ နှစ် နောင် ၅ နှစ်ဒီအခြေအနေအတိုင်း ဆက်သွားဖို့က ရန်သူဘက်ကလည်း အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိကောင်းရှိမှာဖြစ်သလိုပဲ ကိုယ့်ဘက်မှာလည်း စိမ်ခေါ်မှုတွေ အခက်အခဲတွေ ရှိနေမှာဖြစ်ပါတယ်။ အဲဒီလိုကာလမတိုင်ခင်မှာ အသာစီးရဖို့ အပြောင်းအလဲဖြစ်ဖို့ မိမိဘက်က မှန်ကန်တဲ့ မဟာဗျူဟာ နည်းဗျူဟာ ရှိဖို့ အဲလိုဗျူဟာတွေချမှတ်နိုင်ဖို့ ထက်မြက်တဲ့ ဦးဆောင်မှုရှိဖို့က အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုချင်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar