Breaking News

မောင်လူရေး - သာသနာကွယ်ပုံဆန်း

မောင်လူရေး - သာသနာကွယ်ပုံဆန်း

(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၂


ရှေးအခါ၌ ဤသို့လျှင် အောက်ပါအတိုင်း သာသနာကွယ်ပဖူးချေသည်လတည်း။

ရှေးသရောအခါ ပြည်မြန်မာဝယ် သာသနာပြု မြတ်ကောင်းမှုကို အလုအယက် သူ့ထက်ငါကဲ အလဲအကွဲပြုကြသော ဟူ၏။

အချိန်ကား ကိုဗစ်နဲ့ ကိုစစ် ပေါင်း၍ ထောင်းထောင်းညက်ကြေ မြန်မာပြည် ဖြစ်နေချိန်။ 

ပြည်သူ တင်မြှောက်သော အစိုးရကို ဖြုတ်ချ၍ ဆင်ညိုတစီးရှင်မင်း တက်ကာ တိုင်းပြည်တဝန်း တော်လှန်သူ လူငယ်လူရွယ်များကို ဖမ်းဆီး သတ်ဖြတ်၊ တော်လှန်ရာ ရပ်ရွာမြို့ပြတွေကို မီးတိုက် စိုက်ပျိုးမရ လုပ်ကိုင်မရ အပူလုံးကြွ ဒုက္ခမှန်သမျှ စုပြုံကျနေချိန်။

လက်နက်မကိုင်ဘဲ ကျန်နေသည့် လူငယ်လူရွယ်များ၊ အရွယ်မရောက်သေးသူများ ဆင်ညိုတစီးရှင်မင်း၏ ကျောင်းသို့ တက်လျှင် သစ္စာဖောက်၊ မတက်လျှင် ဥပဒေချိုးဖောက်ဘဝ ကျရောက်နေသည့်ကာလ။ လူငယ်အားလုံး ခေတ်ဆိုးခေတ်ပျက် ခေတ်ဖွတ်တက်နေခိုက်။ 

"ဒီစာသင်တိုက်ကိုသာ ကြွလှမ်းခဲ့ပါ ဆွမ်းကွမ်းပူစရာမလို" ဟူသော ကပ်ရှင်နှင့် လိုလေသေးမရှိ ကပ်လှူပူဇော် သာမဏေကျော်များ မွေးထုတ်ထားပုံများနှင့် ကြည်ညိုစရာ အားကျစရာ ကြော်ညာများ ဖေ့ဘွတ်ပွတ်လိုက်သည်နှင့် တရိပ်ရိပ်။ 

"အလင်္ကာရဖြစ်လိုပါသလား၊ ကျွန်ုပ်တို့ စာသင်တိုက်ကိုသာ ဟလိုလိုက်ပါ၊ ကပ္ပိယအပြည့်အစုံနဲ့ ဝိနည်းရှယ်လုံစေရမည်" ဆိုတာမျိုးလည်း အဝန်းညီညီဝတ်ရုံ အလှမ်းညီညီခြေအစုံ ပို၍ပို၍ ကြည်ညိုစရာဂုဏ် လူတကာ လက်အုပ်ချီနေသည့် ဓာတ်ပုံများနှင့် ကြော်ညာများလည်း ပင်လယ်လှိုင်းလို တလိပ်လိပ်။ 

"ပဋိပတ်မကင်းတဲ့ပရိယတ်၊ အလင်္ကာရလမ်းသာမက မဂ်လမ်းဖိုလ်လမ်းထုတ်ချင်းပေါက် ရောက်စေရမည်" ဟူသော တော်ကီတပေါက်နှင့် တကယ့်စပယ်ရှယ်ဟောကြီးတွေထဲ တရားထိုင်နေပုံ၊ ဘုရားဝတ်ပြုနေပုံ၊ အလွန်လှပသည့် မြက်ခင်းပြင်ကျယ်မှာ စာသင်နေကြပုံများနှင့် ကြော်ညာတွေကလည်း တဖိတ်ဖိတ်။ 

"ပဋိပွတ်ကင်းစင်နယ်မြေ၊ ပရိယတ် ပဋိပတ်ပန်းတွေသာ ဝေရမည်"

ဆိုသည့် ဖုန်း မပါရ၊ ကွန်ပျူတာ မပါရ၊ သပိတ် မပါရ၊ အိတ် မပါရ၊ လူပလိန်းသာ ကြွဖို့ စာသားများနှင့်အတူ ကိုရင်လေးတွေကို ကျကျနန ပြင်ဆင်ပေးနေသည့်ပုံများနှင့် ကြော်ညာများကလည်း တသိမ့်သိမ့်။ 

တိုက်ဆိတ်အေးချမ်းသည့်ပုံရိပ်များနှင့် "ဘုရားအလိုတော်ကျ ဝိဟာရ"တို့။ 

"ဟောဒီပရိယတ္တိတက္ကသိုလ်မှာ ဘိုလိုလေ့လာ ကမ္ဘာကြည့်ကြည့်ကြစို့" ဆိုပြီး ကွန်ပျူတာခန်းတွေ၊ စာကြည့်တိုက်ကြီးတွေ မွှေနှောက်နေပုံများနှင့် ကြော်ညာများကလည်း တဖိမ့်ဖိမ့်။ 

"ဒီပလိုမာ ဘီအေ အမ်အေ ပီအိပ်ဒီ လူလူ သီသီ ဘုန်းဘုန်း မဘုန်းဘုန်း ကတုံးတုံးတုံး မတုံးတုံး ဖိုးသူတော် ကပ္ပိယ အကုန်တက်လို့ရဘီ" ဆိုသည့် ရှယ်အဆောက်အဦပုံများ၊ ဘွဲ့နှင်းသဘင်ခန်းမများနှင့် တက္ကသိုလ်ကြော်ညာများလည်း တဖွားဖွား။ 

"ရက်တိုတိုနဲ့ မဂ်ဖိုလ်ရဖို့ ပါဠိသင်ကြစို့" 

"ရဟန်းတော်များ ဝိနည်းနဲ့အညီ နေထိုင် သာသနာပြုနိုင်ဖို့ ရှယ်ကပ္ပိယများ အလိုရှိ" 

"ကပ္ပိယသင်တန်းတက်၍ နိဗ္ဗာန်ကုတို့ ပို့ကြစို့"

စသည့် ဘာသာ သာသနာပြုဆိုင်ရာလုပ်ငန်းမျိုးစုံ ကြော်ညာများလည်း တခမ်းတနား။ 

"ဗုဒ္ဓဝေယျာဝစ္စ" "ဓမ္မဝေယျာဝစ္စ" "သံဃဝေယျာဝစ္စ" "ဝိနယဓရဝေယျာဝစ္စ" "ကျောင်းဝေယျာဝစ္စ "တိုက်ဝေယျာဝစ္စ" "ပေ့ဂ်ဝေယျာဝစ္စ" "ဖေ့ဘွတ်ဝေယျာဝစ္စ" "အကောင့်ဝေယျာဝစ္စ" စသည့်ကြော်ညာများကလည်း တဖွားဖွား တလွှားလွှား။ 

ဤသို့လျှင် အွန်လိုင်းတခုလုံး ဝိနည်းလုံစာသင်တိုက်၊ ကမ္ဘာလုံးခြုံတက္ကသိုလ်၊ စကြဝဠာလုံး ဖြန့်ကောလိပ်၊ တသံသရာလုံးဆန့်ဒီပလိုမာ ကြော်ညာတွေ ဖုံးလွှမ်းလာပြီးသကာလ ဘယ်ကျောင်းမှတက်လို့ အဆင်မပြေသည့် ခေတ်သရောကြီးခိုင်းနေသည့် တော်လှန်ရေးလက်ကျန်လူငယ်လူရွယ် လူမမယ်အားလုံး ကတုံးတုံးကြလေတော့သည်တမုံ့။ 

ဤထို၎င်း ယင်းဆင်ညိုတစီးရှင် သာသနာပြုဘရင်ခေတ်မှ အစပြု၍ ပြည်မြန်မာဝယ် သာသနာသည် ရောင်ဝါနေဆယ်စင်း ထွန်းလင်းသည့်ပမာ တောက်ပလာချေတော့ရာ တပြည်လုံး ရှင်သာမဏေဝတ်ပွဲ ခြိမ့်ခြိမ့်သဲကျင်းပကြတော့သည်။ နေ့ညမစဲ ရဟန်းခံပွဲ ဝှဲချီးကြတော့သည်။ ထိုနေ့မှစ၍ အမျိုးသမီးများ ချက်ကြပြုတ်ကြ မနားရတော့။ လူရွယ်လူကြီးများ ဗုဒ္ဓဝေယျာဝစ္စစသည့် အလုံးစုံသောဝေယျာဝစ္စများနှင့် မအားကြတော့။

သာသနာသည် အဘယ်မျှထွန်းကားလာသနည်းဟူမူ ဝါကျွတ်လျှင် မင်္ဂလာပွဲမရှိတော့ဘဲ ကထိန်ပွဲသာရှိပေတော့သည်။ တဖြည်းဖြည်းနှင့် ဗုဒ္ဓသမီးတော်များကြား သားဖွားလုပ်ငန်းတခုလုံး ရပ်တော့သွားတော့သည်အထိပင်။

တဖြည်းဖြည်းနှင့် အမျိုးသမီးများလည်း ဝေယျာဝစ္စသက်သက် အချက်အပြုတ် ဆွမ်းလောင်းဆွမ်းကပ်သက်သက်သာ လုပ်နေကြရတော့ရာ မဂ်ဖိုလ်နဲ့ဝေးမည့်အရေး တွေးကာကြောင့်ကြလာကြသည်။ ထိုအချိန်တွင် ခေတ်ဟောင်းက အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက အမျိုးသမီးများ ရဟန္တာဖြစ်ရေး ချက်ချင်းပေး၊ အမျိုးသမီး တိပိဋကသုံးပုံ ဆောင်ပြီး ပလ္လင်ပေါ်တွင် ထီးဖြူဆောင်းခွင့်ရရေး ချက်ချင်းပေး စသည့် လှုံ့ဆော်မှုများလည်းရှိလာကြရာ အလုံးအရင်းနှင့် သီလရှင်ဝတ်လာကြသည်။ ဖွဘုတ်ပေါ်တွင်လည်း  သီလရှင်ဘဝ လှနေမှုကြီးများ၊ ကျက်သရေကြီးနေမှုကြီးများ လိုင်းပေါ် တဖွားဖွား ပေါ်လာကြတော့ရာ ဘယ်အမျိုးသမီးမှ ဝေယျာဝစ္စဘဝဖြင့် မနေလိုကြတော့ပေ။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက ပုဂံခေတ်တုန်းက အမျိုးသမီးများက ရဟန်းတော်များကို စာဝါချခဲ့ပုံတွေ၊ အမျိုးသမီးများ ရွာထဲ ရပ်ထဲ ပါဠိလို ပြောကြတာတွေနှင့် အမျိုးသမီးပါဠိတခေတ် ပြန်ဆန်းသစ်ရေး ထပ်မံလှုံ့ဆော်ကြပြန်တော့ အကုန်နီးပါး ကတုံးတုံးသီလရှင်ဝတ်ကာ ကိုယ်တိုင်ပိဋကတ်စာပေ သင်ယူကြ၊ တရားကျင့်ကြံအားထုတ်ကြတော့သည်။ 

ထိုအချိန် တောထွက်ကောလိပ်များ ထပ်မံပေါ်ထွက်လာလေရာ ဝေယျာဝစ္စပြုသူပင် မရှိသလောက်ရှားလာသည့်အတွက် တခြားဘာသာများကိုပင် လစာပေးခေါ်ရသည့်အခြေဆိုက်လာသည်။

အပါယ်ကြောက်ကာ အလုအယက်ရဟန်းပြုကြ သီလရှင်ဝတ်ကြသဖြင့် ပြုစုစောင့်ရှောက်သူမရှိတော့သည့် ကလေးငယ်ကလေးများကို ဝိနည်းအပြစ်ရှိသည့်အတွက် ကျောင်းမှာ လက်မခံကြတော့ အခြားဘာသာများ၏ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာသို့ ပို့လိုက်ရတော့သည်။ ဝေယျာဝစ္စမျှ မလုပ်နိုင်တော့သည့် သက်ကြီးရွယ်အိုများလည်း ထိုနည်းတူပင် အခြားဘာသာခြားမှာဖွင့်ထားသည့် ဆည်းဆာရိပ်များသို့ မှေးမှိတ်ရန်ပို့လိုက်ကြရတော့သည်။ မဂ်ဖိုလ်နိဗ္ဗာန်ရရန်သေချာနေမှတော့ သာသနာ့ဝန်သာ ဝင်ထမ်းကြတော့သည်။ ဘုရားရှိခိုးတိုင်း တောင်းခဲ့တဲ့ဆု၊ ကုသိုလ်ပြုတိုင်း တောင်းခဲ့တဲ့ဆု လက်တကမ်းရောက်မှတော့ မလှမ်းဘယ်သူရှိမည်နည်း။

မိမိတို့ပိုင် အိုးအိမ်တိုက်တာ လယ်ယာလုပ်ငန်းများ ဆက်ခံလုပ်ကိုင်သူမရှိသလောက် ဖြစ်လာချေရာ ဗုဒ္ဓဘာသာဝင်တိုင်း ရသည့်ဈေးဖြင့်ရောင်းချပြီး မိမိတို့ အိုးအိမ်တိုက်တာ လယ်ယာကိုင်းကျွန်းဥယျဉ်ခြံမြေရောင်းရငွေမည်မျှဖြင့် အပ်စပ်သော ဘာပစ္စည်း ညာပစ္စည်းစသည်ဖြင့် အလုအယက်လှူဒါန်းကြကာ သာသနာအပြုကြီးပြုပစ်နေကြတော့သည်။ 

တဖြည်းဖြည်းနှင့် ကိလေသာကာမဂုဏ်တွေ စက်ဆုပ်ပြီး အိမ်ထောင်လည်း မပြုကြတော့ဘဲ သာသနာ့ဘောင်ဝင်သွားကြသည့်အလျောက် မျိုးဆက်သစ်လူမမယ်များ ပေါ်ထွက်မလာတော့ပေ။

သေဆုံးသွားကြသူများသည်လည်း ပရိယတ် ပဋိပတ်ကို ဝိနည်းလုံလုံနှင့် အစဉ်အမြဲကြိုးပမ်းအားထုတ်နေကြရာ ရဟန္တာများဖြစ်ကုန်သဖြင့် ဘဝဇာတ်သိမ်းသွားကြပေတော့သည်။ အနာဂါမ်ဖြစ်သူများကား ဆင်းရဲဒုက္ခတွင်းဆုံးကျ ဗမာပြည်ကိုထား၊ ဤလူ့ပြည်ကိုပင် ပြန်မလာတော့။ တချို့ လောကကြီးဆီ တကြိမ်သာ ပြန်လာတော့မည့် သကဒါဂါမ်ပုဂ္ဂိုလ်အဖြစ်နှင့် သေသွားကြပေမယ့် အဲဒီတကြိမ်ကလည်း မြန်မာပြည် ပြန်မလာရဲတာက များရသည့်အထဲ လာလျှင်လည်း အခြားဘာသာ ဗိုက်ထဲသာ ဝင်ရပေတော့မည်။ ဒီမှာ အာဝါဟ ဝိဟာရအမှု မရှိတော့ချေ။ သောတာပန်တချို့လည်း လူ့ပြည်ပြန်လို့ရသည့် ခုနစ်ကြိမ်လုံး မဟာယာနဗိုက်ထဲဖြစ်ဖြစ် ကျန်ထေရဝါဒနိုင်ငံက ဗုဒ္ဓဘာသာတွေဗိုက်ထဲဖြစ်ဖြစ် ပဋိသန္ဓေ ပြန်နေပါမှ အဆင်ပြေတော့မည်။ မြန်မာပြည်နဲ့က သေကွဲကွဲရပြီ။ 

ဤသို့ဤပုံဖြင့် မြန်မာပြည်မှ ဗုဒ္ဓဘာသာများ မျိုးဆက်အလိုက် နိဗ္ဗာန်စံဝင်သွားကြရာ တတိယမျိုးဆက်မှာ အကုန်နိဗ္ဗာန်ဝင်ပြီး လူရော သာသနာပါ နဂုံးကမ္ပတ် အဆုံးသတ်သွားပေတော့သည်။ 

ရှေးအခါက ဤသို့လျှင် အထက်ပါအတိုင်း သာသနာကွယ်ပဖူးချေသည်လတည်း။

မောင်လူရေး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar