Breaking News

ကမ္ဘာမှာ မြေမြှုပ်မိုင်း သုံးနေဆဲ ၂ နိုင်ငံထဲက တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ၊ တောင်ကလေး ရဲစခန်း တိုက်ခိုက်မှု

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၁ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၂


ကမ္ဘာမှာ မြေမြှုပ်မိုင်း သုံးနေဆဲ ၂ နိုင်ငံထဲက တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ၊ တောင်ကလေး ရဲစခန်း တိုက်ခိုက်မှု

လတ်တလော နိုင်ငံတကာ မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်တဲ့အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ကမ္ဘာမှာ စစ်ပွဲတွေအတွင်း မြေမြှုပ်မိုင်းသုံးနေဆဲ နိုင်ငံ ၂နိုင်ငံသာရှိပြီး အဲဒီ ၂ နိုင်ငံအနက် မြန်မာနိုင်ငံက တနိုင်ငံပါဝင်နေပြီးနောက်တနိုင်ငံက ရုရှားနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာမှာ စစ်ပွဲတွေ ဟိုနားသည်နား နေရာအများအပြားမှာ ဖြစ်ပွားနေပေမယ့် မြေမြှုပ်မိုင်း အသုံးပြုနေသေးတဲ့ နိုင်ငံအနေနဲ့က ၂ နိုင်ငံသာရှိတော့တဲ့ သဘောပါ၊ ဆယ်စုနှစ်များစွာ စစ်ပွဲဖြစ်ပွားခဲ့တဲ့  ဆီးရီးယား၊ အာဖဂန်နစ်စတန်လိုနိုင်ငံမျိုးမှာတောင် အခုအခါမှာ မြေမြှုပ်မိုင်း မသုံးတော့ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ စစ်ပွဲတွေ နိုင်ငံခြားကျူးကျော်မှုတွေနဲ့ စစ်မြေပြင် ဖြစ်ခဲ့တဲ့ အာဖဂန် လိုနိုင်ငံမှာ ကားဗုံးတွေ ပေါက်ကွဲစေတတ်တဲ့ လက်လုပ်မိုင်းတွေ အမြောက်အမြားသုံးခဲ့ကြပြီးလူ ထောင်သောင်းချီသေဆုံး ခဲ့ကြတာ သတင်းတွေထဲ တွေ့ခဲ့ကြဖတ်ရှုခဲ့ကြရတာ ဖြစ်ပြီး အခု လက်ရှိမှာတော့ မြန်မာနိုင်ငံက ကမ္ဘာမှာ လက်ရှိအသုံးပြုဆဲ ၂ နိုင်ငံအနက်က တခုဖြစ်နေတာပါ။ 

မြန်မာနိုင်ငံက စစ်ပွဲဟာ ခေတ်မှီလက်နက်တွေ ဖျက်ဆီးအားများတဲ့ ဒုံးကျည်တွေ၊ မြေပြင်ပစ် အမြောက်ကြီးတွေ မသုံးနိုင်ကြပဲ လက်နက်ငယ်၊ လောင်ချာနဲ့ မြေမြှုပ်မိုင်းတွေကို တွင်တွင်ကျယ်ကျယ် သုံးကြတဲ့ စစ်ပွဲတနည်းအားဖြင့် တတိတိနဲ့ လူတွေရဲ့ ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးမှုနဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်စေတဲ့ မြေမြှုပ်မိုင်းကို အများအပြားသုံးကြတဲ့ ညစ်ပတ်တဲ့ စစ်ပွဲသဖွယ် ဖြစ်နေတာမျိုး လို့ဆိုရမှာပါ။ 

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဆယ်စုနှစ်များစွာ အစိုးရစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင်တွေပါ  မြေမြှုပ်မိုင်းကို အသုံးပြုလာကြပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူတွေ နိုင်ငံအတွင်း ထောင်သောင်းချီရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ လျော့ပါးမသွားတဲ့အပြင် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ခုခံမှုတွေ တိုက်ခိုက်မှုများလာတဲ့အခါ မြေမြှုပ်မိုင်းတွေကလည်း စစ်ပွဲတွေရဲ့ အဓိက လက်နက်တခုအဖြစ် တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။ 

ဒီကနေ့အတွက် အခြားသတင်းတပုဒ်ကတော့ ကေအန်ယူ ထိန်းချုပ်နယ်မြေနဲ့ ထိစပ်နေတဲ့ ကျိုက်မရောမြို့နယ်ထဲက ချောင်းနှစ်ခွအနီးက တောင်ကလေးကျေးရွာ ရဲစခန်းကို ကေအန်ယူတွေက ယနေ့ နံနက်စောစောမှာ တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

ကေအန်ယူ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကျိုက်မရောမြို့နယ်ထဲက ရဲစခန်းကို သိမ်းယူစဥ် စစ်ကောင်စီဘက်က ရဲနဲ့ စစ်သားတွေ သေဆုံးခဲ့ပြီး လက်နက်နဲ့ ခဲယမ်းတွေလည်း သိမ်းဆီးရမိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကလေး ရဲစခန်းလို ဖြစ်စဥ်တွေ တိုက်ပွဲတွေက နေ့စဥ်လိုလို မြန်မာနိုင်ငံရဲ့ ဟိုနေရာ သည်နေရာမှာ ဖြစ်ပွားနေတာ ဖြစ်ပြီးဒီတိုက်ပွဲတွေက လက်ရှိအခြေအနေမှာတော့ အရှုံး အနိုင်ရဲ့ အောင်ပွဲကို ဆုံးဖြတ်ပေးနိုင်တဲ့အနေအထားမဟုတ်သေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဖြစ်ပွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF  အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေကတော့ ဒေသအလိုက် ဖွဲ့စည်းထွက်ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ကြတာဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်ဟာ အနိုင် အရှုံး အဆုံးအဖြတ်ထွက်ပေါ်လာမယ့် နှစ်လားဆိုတာတော့ တထစ်ချမပြောနိုင်သေးပါဘူး။ 

NUG ရဲ့ ယာယီသမ္မတကတော့ ၂၀၂၃ ခုနှစ်မှာ အဖြေထွက်ပေါ်လာအောင် ပြောဆိုထားပေမယ့် စစ်ရေးနည်းလမ်းနဲ့ အရှုံး အနိုင် အဆုံးအဖြတ်ပေးနိုင်မယ့်နှစ် ဖြစ်မယ် မဖြစ်ဘူးဆိုတာတော့ လောလောဆယ်မှာ ပြောဖို့ ခက်ခဲနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar