Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၁ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၁ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၂


အသစ်သော အင်စတီကျူးရှင်းဆိုင်ရာ စီးပွားရေးပညာ (New Institutional Economics)

ကမ္ဘာ့စီးပွားရေး ဧရာမ ပြန်လည်ချိန်ညှိမှုကြီး (the Great Moderation) ခေတ်တွင် နိုင်ငံအချို့ အထူးသဖြင့် လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံများအနေဖြင့် ကြွယ်ဝချမ်းသာမှု မခံစားခဲ့ရပေ။ ဆန့်ကျင်ဘက်အားဖြင့် ၁၉၈၀ ပြည့်နှစ်များ နှင့် ၁၉၉၀ ပြည့်နှစ်များတွင် “ဆုံးရှုံးခဲ့ရသည့် ဆယ်စုနှစ်များ” (lost decades) ဖြစ်ခဲ့ရသည်။ လွဲမှား စိတ်ကူးကြံစည်ခဲ့သည့် စီးပွားရေး မူဝါဒများ၊ အသုံးစရိတ် အလွန်အကျူးသုံးထားမှုများ၊ ဈေးကွက် သွေလွဲနေမှုများ နှင့် စွမ်းဆောင်ရည် လိုက်မမီခြင်း၊ အဂတိလိုက် စားခြင်းတို့ကို ပြန်လည်ပြုပြင်ရန် ဖွဲ့စည်းပုံအရ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသည်။ 

ဇယား 1.2 တွင် ၁၉၈၀- ၂၀၀၂ ခုနှစ်ကာလများတွင် အာဖရိကနိုင်ငံအချို့အဖို့ ဖွံ့ဖြိုးမှု အနုတ်ပြသော အခြေအနေကို ဖော်ပြထားပါသည်။ ဤသို့သော လက်တင်အမေရိက နိုင်ငံများနှင့် အာဖရိကနိုင်ငံများတွင် စီးပွားပျက် ဒေဝါလီခံရလုနီး ဖြစ်နေပြီး ဖွဲ့စည်းပုံအရ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေပါသည်။ “ဝါရှင်တန် သဘောတူညီချက်” (Washington Consensus) အရ ဤနိုင်ငံများကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (၁၀) ရပ်ကို အကြုံပြုသည်။ 

[Footnote: ဝါရှင်တန် သဘောတူညီ ချက်အရ မူဝါဒ အကြံပြုချက် (၁၀) ခုမှာ ၁။ ဘဏ္ဍာရေးမူဝါဒ စည်းမျဉ်းများ ၂။ အစိုးရကျခံသုံးစွဲ၍ ထောက်ပံ့ငွေ (subsidies) ထည့်ဝင်ပေးသည့်မူများမှ အကျယ် အပြန့်သဘော စီးပွားဖွံ့ဖြိုးမှုကို တွန်းအားပေးသည့် ထောက်ပံ့မှုများ၊ လူဆင်းရဲများအတွက် ဝန်ဆောင်မှု ထောက်ပံ့မှုများ (ဥပမာ- မူလတန်းပညာ ရေးနှင့် ကျန်းမာရေး) ဆီသို့ ၃။ အခွန်စနစ် ပြုပြင်ပြောင်းလဲမှု ၄။ ဈေးကွက်က ဆုံးဖြတ်သည့် အတိုးနှုန်းများ ၅။ ပြိုင်ဆိုင်မှုရှိသည့် ငွေလဲလှယ်မှုနှုန်းများ ၆။ ကုန်သွယ်မှု လွတ်လပ်ပွင့်လင်းစေခြင်း ၇။ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု လွတ် လပ်တံခါးဖွင့်ပေးခြင်း ၈။ အစိုးရစီးပွားရေးလုပ်ငန်းများကို  ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း ၉။ ဥပဒေအရ လျှော့ချပြုပြင်ခြင်း နှင့် ၁၀။ ပုဂ္ဂလိကပိုင်ဆိုင်မှု အခွင့်အရေးကို ဥပဒေအရ ကာကွယ်လုံခြုံမှုပေးခြင်းတို့ ဖြစ်သည်။ ]

ဤအချိန်တွင် ယခင်က ဖော်ပြခဲ့သည့်အတိုင်း၊ အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံအများစု (အာရှ ကျားနိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲ စီးပွားရေးစနစ်များဖြစ်သည့် တရုတ်၊ အိန္ဒိယတို့ အပါအဝင်) တွင် စီးပွားဖွံ့ဖြိုးမှု ရရှိလာကြသည်။ မေးစရာရှိသည့် မေးခွန်းမှာ လက်တင်အမေရိကနိုင်ငံများနှင့် အာဖရိကနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာရမည့်အစား မည်သည့်အတွက်ကြောင့် စီးပွားတန့် (stagnation) နေရသနည်းဟူသည့် မေးခွန်းပင် ဖြစ်သည်။ 

ဘောဂဗေဒ ပညာရှင်များနှင့်အခြားသော လူမှုသိပ္ပံ ပညာရှင်များက စီးပွားဖွံ့ဖြိုးမှုအတွက် ရှင်းပြနိုင်မည့် အကြောင်းအချက်များကို အသစ်ပြန်၍ စစ်ဆေး စိတ်ဝင်စားလာကြသည်။ ကနဦးတွင် လူမှုအဖွဲ့အစည်းရှိ အဓိကကျသည့် လှုပ်ရှားဆောင်ရွက်သူများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် အပေါ်၊ ယင်းအချက်များ အပြန်အလှန် အကျိုးပြုသက်ရောက်နေပုံကို ရှုမြင်ဖော်ပြကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရှိနေသည့် အခြေအနေနှင့် နှိုင်းယှဉ်ဖော်ပြကြသည်။ ယင်းကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိလာစေရေး ပြောဆိုကြသည်။ 

ဤသို့ ထင်မြင်ယူဆချက်များမှာ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုအဖို့ မှားယွင်းကြောင်း ဖော်ပြနေသည်။ ထိုနိုင်ငံများတွင် စီးပွားဖွံ့ဖြိုး တိုးတက်မှု ဖြစ်မလာခဲ့ပါ။ သုတေသီများက အသိအမှတ်ပြုကြသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မတူခြားနားသည့် နိုင်ငံရေး၊ ယဉ်ကျေးမှု၊ နည်းပညာဖွံ့ဖြိုးမှု နှင့် အင်စတီကျူးရှင်း ဝန်းကျင် ရှိနေကြသည်။ 

သို့အတွက်ကြောင့် အဟောင်းသော ဖွံ့ဖြိုးမှု သီအိုရီများသည် အရင်းအနှီးစုပုံမှု နှင့် နည်းပညာဖွံ့ဖြိုးမှု စသည့် ပြင်ပသက်ရောက်မှု အကြောင်းအချက်များအပေါ်တွင်သာ ရိုးရှင်းစွာ အခြေပြုထားကြသည်။ ယင်းတို့ကို ရှေးမဆွကပင် ဖော်ပြခဲ့သည့် ပြည်တွင်း ဝန်းကျင်အကြောင်းအချက်များက ပို၍ ထွန်းကားတိုးတက်စေသည်။ 

သို့အတွက်ကြောင့် ဖွံ့ဖြိုးမှုအကြောင်းကို ရှင်းပြရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အင်စတီကျူးရှင်း များ အနေအထားကို နားလည်သဘောပေါက်မှု နှင့် မြေပုံထုတ်ထားမှုများနှင့် ပတ်သက်ဆက်စပ်လာသည်။ အင်စတီကျူးရှင်း များသည် လူမှုအဖွဲ့အစည်းတခုအတွက် ကစားပွဲစည်းမျဉ်းများ (rules of the game) ဖြစ်လာကြသည်။ ယင်းတို့သည် ဖွံ့ဖြိုးမှု နှင့် စီးပွားတန့်နေရခြင်းကို ရှင်းပြရာတွင် အရေးကြီးသည်။ 

အကြောင်းမှာ အလဲအလှယ်များ ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားပုံအရ မက်လုံးများ လိုအပ်သည်။ ဥပမာအားဖြင့်- စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကောင်းမွန်သည့် မက်လုံးများ လိုအပ်ပြီး၊ မကောင်းသည့် အင်စတီကျူးရှင်းများကြောင့် စီးပွားရေးတန့်နေရသည်ဟု ဆိုသည်။ 

၁၉၈၀ ပြည့်နှစ်များ အကုန်ပိုင်းအထိ၊ အသစ်သော အင်စတီကျူးရှင်းဆိုင်ရာ ဘောဂဗေဒပညာ (new institutional economics) အပေါ် ဘောဂဗေဒဆိုင်ရာ သမိုင်းပညာရှင်များ၊ ဖွံ့ဖြိုးရေူ ဘောဂဗဒေပညာရှင်များ နှင့် မူဝါဒချမှတ်သူများက အသိအမှတ်ပြု လက်ခံမှု ရလာကြသည်။ 

၁၉၉၀ ပြည့်နှစ်တွင် ဘောဂဗေဒသမိုင်းပညာရှင် ဒေါက်ဂလပ်စ် နော့သ် (Douglass North) က “အင် စတီကျူးရှင်းများ၊ အင်စတီကျူးရှင်း အပြောင်းအလဲ နှင့် စီပွားရေးစွမ်းဆောင်မှု” (Institutions, Institutional Change and Economic Performance) စာအုပ် ထုတ်ဝေခဲ့ပြီး၊ အထွေထွေသော ဖွံ့ဖြိုးရေး အခင်းအကျင်းတွင် အင်စတီကျူးရှင်းများက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်သည်၊ နှောင့်နှေးစေသည်ကို သတ်မှတ်ဖော်ထုတ် တင်ပြခဲ့သည်။ 


Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar