Breaking News

နှင်းခါးမိုး - ဆင်စွယ်နားကပ်ကလေးတရံ

ဆင်စွယ်နားကပ်ကလေးတရံ
နှင်းခါးမိုး
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၂

ဘုန်းကြီးကျောင်းထဲမှာ ရေတွင်းတတွင်းရှိတယ်။ ဘုန်းကြီးကျောင်းထဲမှာ သရက်ပင်၊ မရမ်းပင်တွေနဲ့ ဝါးပိုးရုံတွေရှိတယ်။ ဘုန်းကြီးကျောင်းထဲမှာ လောက်လွှဲလို့ခေါ်တဲ့ လေးကိုင်းထဲ လောက်စာလုံးထည့်ပစ်တဲ့နေရာမှာ လက်ဖြောင့်တဲ့ ဘုန်းကြီးအိုကြီးတပါးရှိတယ်။ အဲဒီဘုန်းကြီးကျောင်းထဲမှာ ငါတို့ဘွားဘွားကြီးရဲ့ဇရပ်ကလေးရှိတယ်။ ပြီးတော့ အဲဒီကျောင်းမှာ ငါ့အစ်မကို ရည်းစားစာခိုးပေးတဲ့ မျက်နှာမှာကျောက်ပေါက်ရာတွေနဲ့ ဦးဇင်းတပါးရှိတယ်။

ဇရပ်ရှေ့က သရက်ပင်ဟာ သူ့ရာသီကိုရောက်ရင် အကင်းတဖြုတ်ဖြုတ်ပဲ။ ဇရပ်ရဲ့ဘေး မီးဖိုချောင်လေးထဲကမှိုင်းနံ့ဟာ ဇရပ်တခုလုံးကို စွဲနေတယ်။ ဘွားဘွားကြီးဟာ သူ့ဆေးစပ်ဗန်းလေးကို နေပူထဲထုတ်လိုက် သွင်းလိုက်။ ရှာလကာရည်နဲ့ဖြန်းလိုက်။ ပြီးရင် သတင်းစာဟောင်းစက္ကူနဲ့ တတောင်လောက်ရှိတဲ့ဆေးလိပ်ကြီးကိုလိပ်ပြီး ခေါင်းတမော့မော့နဲ့ အား ရပါးရဖွာလေရဲ့။ ငါလည်း သတင်းစာအဟောင်းပုံကြီးကိုဖွပြီး ဘုရားဒကာ ကိုကြီးကောင်းပြဇာတ်ကို အသေအလဲဖတ်တတ်ခဲ့တယ်။ ဇရပ်နံရံပေါ်က ရေခဲတောင်စီးကရက်ကြော်ငြာထဲက ဗိုလ်မပေါင်ဖြူဖြူကို ငေးတတ်ခဲ့တယ်။ 

ညဘက် ဇရပ်ထဲကြွက်တွေသောင်းကျန်းတဲ့အခါ ဘွားဘွားကြီးက ကြာဿပတေးသားသမီးချင်းမို့ အေးအေးချမ်းချမ်းနေကြဖို့ ပါးစပ်ကပွစိပွစိနဲ့ မေတ္တာပို့တတ်ပြန်တယ်။ တခါတခါ လင်းမြွေကြီးတကောင်ဟာ ဇရပ်အောက်ကဖြတ်ပြီး ဟိုဘက်ချစ်တီးခြံအုတ်စည်းရိုးထဲဝင်သွားတာ တွေ့လိုက်ရရဲ့။ မှတ်မိသလောက်တော့ ဘွားဘွားကြီးရဲ့ဇရပ်ဟာ ငါ့ကိုနွေးထွေးစေခဲ့တယ်ဆိုတာပဲ။ အခုနေပြန်တွေးရင်တောင် အခုပဲ ဇရပ်ကလေးရဲ့ကြပ်ခိုးနံ့လေးကို နှာဝမှာပြန်ရလာတယ်။ 

နောက်တော့ လေတခြမ်းဖြတ်ပြီး ဘွားဘွားကြီးကို အိမ်ခေါ်လာကြတယ်။ စိတ်ကြီးတဲ့ မီးရထားစာရေးကြီးကတော်ဟောင်းဟာ သူမကြိုက်တဲ့ တူမရဲ့အော်သံဟစ်သံတွေကို နားထောင်ရရှာတယ်။ သူ့စိတ်ထဲ တခါမှ မချစ်ခင်ခဲ့ဘူးတဲ့ ချွေးမလုပ်သူရဲ့ ပြုစုစောင့်ရှောက်မှုကို တိတ်တိတ်ဆိတ်ဆိတ် ငေးကြည့်နေရှာတာတွေ့ရတယ်။ အိပ်ရာပူကြောင့်ရတဲ့ ဘွားဘွားကြီးရဲ့ ကျောနဲ့တင်ပါးက အနာတွေကိုဆေးထည့်တဲ့အခါ ဘေးကကူလုပ်ပေးနေရင်း မျက်နှာကိုလွှဲထားမိတယ်။ ကျနော်မကြည့်ရက်ဘူး။ ဒါပေမဲ့ ကျနော့်လက်ကိုလှမ်းဆုပ်ကိုင်ထားတဲ့ ဘွား ဘွားကြီးရဲ့လက်ကတော့ သန်မာနွေးထွေးနေတုန်းပဲ။ မိတကွဲဖတကွဲလေးဆိုပြီး ဘွားဘွားကြီးက ကျနော့်ကိုအတော်ချစ်တယ်။ သူ့စိန်နားကပ်လေးချွတ်ပြီး ကျနော့်ကို ရှင်ပြုပေးခဲ့ရှာတယ်။ သူ့နားဟောင်းလောင်း ပေါက်ကလေးကိုတော့ ဆင်စွယ်နားကပ်လေးထိုးလို့။ 

အပြုအစုလည်းကောင်း သီလလည်းကောင်းလို့ ဘွားဘွားကြီးဟာ အသက်ရှည်ခဲ့တယ်။ ဒါပေမဲ့ အချိန်တန်တော့လည်း သင်္ခါရတရားအတိုင်းပေါ့လေ။ ဘွားဘွားကြီးဆုံးတော့ သူ့သားအကြီးကောင် ငါ့အဘိုး ငိုလား မငိုလားမမှတ်မိတော့ပေမဲ့ ငါ့အဖေကတော့ နေကာမျက်မှန်အမည်းကြီးတပ်လို့ ဖြည်းဖြည်းချင်းရွေ့နေတဲ့ အသုဘယာဉ်နောက်ကလိုက်ပြီး အဘွားရယ်ဆိုပြီး တတွတ်တွတ်ပြောနေတာ မှတ်မိတယ်။ နည်းနည်းလည်းသောက်ထားပုံရတယ်။ နဂိုကဖြူနုနေတဲ့သူဟာ မျက်နှာကြီးနီရဲလို့။ အဲ့အရွယ်တုန်းက ကျနော်ဟာ မိဘဆွေမျိုးဆုံးရင် ဘယ်လိုငိုရမယ်ဆိုတာ သိသေးပုံမရဘူး။ မျက်ရည်တော့ကျမိတယ်ထင်တာပဲ။ ဒီထက်ငယ်တုန်းက ညဘက်အတူအိပ်ရင်တောင် ဘွားဘွားကြီးအသက်ရှုသေးရဲ့လားလို့ နှာဝလေးကို ထထစမ်းတတ်တဲ့အကြောင်း လူထူရင် သူ့မြေးအချစ်ကလေးကိုပွဲထုတ်တာသတိရမိတယ်။ သူ့သားအငယ်ကောင်အရာရှိကြီးရဲ့ကျေးဇူးနဲ့ အခေါင်းတလားခန့်ခန့်ကြီးနဲ့ ဘွားဘွားကြီးရဲ့ဈာပနဟာ ခမ်းနားခဲ့တယ်။ 

သင်္ချိုင်းရောက်တော့ တူးထားတဲ့ကျင်းက တိမ်ရမလားဆိုပြီး ဆူဆူပူပူတွေဖြစ်ကုန်ရော။ မျက်ရည်နဲ့သောကဆင်ရမယ့်ပွဲမှာ ဒေါသသံတွေ ဆူဝေခဲ့ကြတယ်။ သိပ်တော့နားမလည်ပေမဲ့ သင်္ချိုင်းစောင့်သုဘရာဇာတွေက အခေါင်းကိုလောဘတက်ပြီး ပြန်ဖော်ရလွယ်အောင် ကျင်းတိမ်တိမ်တူးတာကို မသာရှင်တွေက စိတ်ပျက်စိတ်ဆိုးကြတာပဲ။ အဲ့အချိန်မှာပဲ ဦးလေးအငယ်ဟာ ကျင်းဘေးကပေါက်တူးကိုဆွဲပြီး အောက်ခုန်ချ ခေါင်းကိုအားရပါးရပေါက်ခွဲ၊ ဆွဲတဲ့သူတွေကဆွဲပေါ့လေ။ ဒီလိုနဲ့ နောက်ဆုံးတော့ မြေပုံလေးဦးချပြီး နေပူထဲ ခေါင်းငိုက်စိုက်နဲ့ ပြန်လာခဲ့ကြတယ်။ ဘွားဘွားကြီးကိုထားခဲ့ရပြီပေါ့။ အဲတော့မှ ရင်ထဲကစို့တက်လာတယ်။ မျက်ရည်မကျပဲ ငိုရတာ ပင်ပမ်းနာကျင်လှတယ်ဆိုတာ အဲဒီကတည်းက သိခဲ့ရပါတယ်။ 

အခုတော့ အဲဒီသင်္ချိုင်းနေရာမှာ ဆေးရုံအကြီးကြီးတရုံဆောက်ထားလေရဲ့။ အဲဒီဆေးရုံကို လှမ်းမြင်ရတဲ့ တိုက် ခန်းတခန်းရဲ့ဝရန်တာမှာရပ်ပြီး ဘွားဘွားကြီးအကြောင်းကို အခုလိုစဉ်းစားမိ ချရေးလိုက်မိတာပါပဲ။ 

တကယ်တော့ ကျနော်တို့ရပ်နေတဲ့နေရာတိုင်းဟာ၊ လှမ်းမြင်ရတဲ့နေရာတိုင်းဟာ၊ ဖြတ်သန်းသွားလာနေကျနေရာတိုင်းဟာ အတိတ်နေ့ရက်တွေ၊ ပြောစရာဇာတ်လမ်းတွေနဲ့ ဘဝပေါင်းများစွာကို မြှပ်နှံထားတာပါလားဆိုတာ သိလိုက်ရတဲ့အခါ။ မြေတမှုန်ချင်းရဲ့ ရင်ခုန်သံကိုတောင် ဘယ်သူက ပျက်ရယ်ပြုရက်ပါတော့မလဲ။ 

နှင်းခါးမိုး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar