Breaking News

ဉာဏဉာဏ် - အိမ်ပြေး

အိမ်ပြေး
ဉာဏဉာဏ် 
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၂

သုံးလွန်းတင်ပြီး တရစ်ရစ် ယူငင်ကျစ်မှ
ငါတို့ရဲ့ ကိုယ်ပိုင်အိမ်လေးဆိုတာဖြစ်လာရတာ

ဘုရားပြီးလို့ ငြမ်းဖြိုရတဲ့ခေတ်မှ
ဘုရားမပြီးခင် ငြမ်းဖျက်ခံရတဲ့ခေတ်ထဲရောက်နေပြီ

အခုဆို စမ်းချောင်းလေးရဲ့နဘေး
ကျေးငှက်လေးတွေရဲ့ တေးသီသံကို 
မကြားရတာကြာခဲ့ပြီ

သွေးဆာနေတဲ့ ခွေးတစ်ရာလောက်က
ရွာတွေကို ဖျက်
အိမ်တွေကို ဖျက်
ဆဲသံ ဆိုသံ ခြိမ်းခြောက်သံနဲ့
သေနတ်သံက တဒက်ဒက်

အပြစ်မရှိ အပြစ်ရှာ
သုံးလွန်းတင်အိမ်လေးခမျာမှာ
ယဇ်ကောင်အဖြစ် မီးထဲသို့ လောင်ကျွမ်းပြာကျခံရရှာ

ပြေး ••• အမေရေ
ပြေး ••• အဖေရေ
ကလေးလေးတွေ လုံခြုံအောင် ခေါ်ဆောင်လို့
ကိုယ့်အသက်အိုး ကိုယ်မှာပိုက်ပြီး
လွတ်အောင်သာပြေး

နောက်ကျတဲ့ခြေတောက်များမှာ 
သစ္စာစူးစူးပါစေသားနဲ့

ဖိနပ်မပါပဲ လှမ်းခဲ့ရတဲ့ 
မိန်းကလေးတဦးရဲ့ ခြေလှမ်းကတော့
ခြေဖဝါးတော်မနုလည်း သွေးခြေဥတတ်ခဲ့ပြီ
ရင်နာနာနဲ့ ပြေးခဲ့ရသော စစ်ပွဲထဲက အိမ်ပြေးများ။

Nov_25_2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar