Breaking News

ဟိန်းထက်ဇော် - လွမ်းရပါသော်ကောသီရိပြန်ချီအေးမင်းရေ

လွမ်းရပါသော်ကောသီရိပြန်ချီအေးမင်းရေ
ဟိန်းထက်ဇော်
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၂၂

ဘွဲ့တံဆိပ်တွေပေးတဲ့အကြောင်းတွေဖတ်လိုက်ရတော့ ထူးထူးခြားခြားကျောင်းနေဘက်သူငယ်ချင်းသီရိပြန် ချီအေးမင်းကိုတမ်းတမ်းတတသတိရနေမိတယ်။ နာမည်အရင်းက ကိုအေးမင်း။ မော်လမြိုင်သားမြန်မာစာအဓိကကျောင်းသား။ မော်လမြိုင်တက္ကသိုလ်ကနေကွာလီဖိုင်းဖြစ်လို့ ဂုဏ်ထူးတန်းတက်ဖို့ ရန်ကုန်တက္ကသိုလ်ရောက် လာတာ။ ရန်ကုန်တက္ကသိုလ်ရဲ့ပင်မအဆောင်ဖြစ်တဲ့ ပဲခူးဆောင်မှာတဆောင်တည်းအတူနေခဲ့ရတာပေါ့။

ကိုယ်ကမြန်မာစာကျောင်းသားမဟုတ်ပေမယ့် မြန်မာစာဌာနရှေ့ တောင် ပိန္နဲပင်အောက်ကအရှည်ကြီးဆိုင်နဲ့ဦးချစ်ဆိုင်တို့မှာ သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်နေကျ။ မြန်မာစာကျောင်းသားဂုဏ်ထူးတန်းတက် နေကြတဲ့သူတွေနဲ့ကလည်း မော်လမြိုင်သားကိုဝင်းထိန်ကိုအကြောင်းပြုပြီး ခင်မင်ရင်းနှီးခဲ့ကြတာ။ အဲ့ဒီကိုဝင်းထိန်နဲ့ပတ်သက်ပြီး ကိုအေးမင်းနဲ့ခင်မင်ခဲ့တာပေါ့။ အဲ့ဒီတုန်းကပဲခူးဆောင်မှာမြန်မာစာဂုဏ်ထူးတန်းတက်သူတွေ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒအစရှိတဲ့ဌာနအသီသီးကဂုဏ် ထူးတန်းတက်သူတွေအများဆုံးထားတဲ့အဆောင်ပေါ့။ 

နောက်တော့ ရန်ကုန်တက္ကသိုလ်ကကျောင်းသားတွေသာမက ‘စက်မှုတက္ကသိုလ်၊ တိ/မွေးကုတက္ကသိုလ်၊ ဆေးတက္ကသိုလ်ကကျောင်းသားတွေပါ ပဲခူးဆောင်မှာ အလည်လာကြပေါ့။ ငြင်းကြခုန်ကြ၊ ပြောကြဆိုကြ။ ရန်ကုန်တက္ကသိုလ် ‘ကင်တင်း’ အစုံစုံမှ ာမငြင်းဘူးမခုန်ဘူးတဲ့ ကင်တင်းမရှိသလောက်ပဲ။ အများဆုံးငြင်းခုန်ဖြစ်တာက ဦးချစ် ဆိုင်နဲ့တောင်ပိန္နဲပင်အောက်ကအရှည်ကြီးဆိုင်တို့ပေါ့။ အဲ့ဒီမှာကဆရာဦးတင်မိုး၊ ဆရာမောင်စွမ်းရည်၊ ဆရာမင်းမော်၊ ဆရာဇော်ဇော်အောင်တို့က ဒိုင်ခံရှိနေတာကိုး။ တခါတရံ ဆရာမောင်သာရတို့လိုဆရာကြီးတွေလည်း ရောက်လာတတ်တယ်။ ညနေစောင်းပြီဆိုတာနဲ့ ဆရာမောင်သာနိုးတို့ရှိရာ သောကြာဝိုင်းရောက်ကြပေါ့။

နေအတော်စောင်းလို့ ကျနော်တို့တတွေကျောင်းထဲပြန်ရောက်ပြီဆိုတာနဲ့ ကိုအေးမင်းတယောက် ယိုင်ထိုးယိုင်ထိုးနဲ့ မူးပြီးပြန်လာတာနဲ့ဆုံတတ်တယ်။ ဆုံတိုင်းလည်း ‘ဘယ်ကပြန်လာတာလဲ’ လို့မေးရင် ‘သီရိဆောင်ကလို့’ လို့ ဟန်ပန်ကြီးကြီးနဲ့ ခေါင်းမော့ရင်ကော့ အဖြေပေးလေ့ရှိတယ်။ သီရိဆောင်ဆိုတာက အမျိုးသမီးအဆောင်ဆိုတော့ ကျနော်တို့အားလုံးကကိုအေးမင်းကို ‘တယ်စွံတဲ့လူပါလား’ လို့ အထင်ကြီးကြတာပေါ့။ ကျနော်တို့အားလုံးက ဂေါ် မစွံတွေကိုး။ ဆေးကျောင်းသားတယောက်ဆို သူ့ကိုဆရာတင်ပြီး ပုဂံဆောင်ကကျောင်းသူတယောက်ကို ပိုးပမ်းဖူးတာပေါ့။

ဒီနေရာမှာကြုံတုန်လေးကိုအေးမင်းရဲ့ မိန်းမပိုးနည်းဗျူဟာတချို့ မှတ်မိသလောက်ပြောချင်သေးတယ်။ ကျ နော်အထဲမှာ သူကသီရိဆောင်ကောင်မလေးလေးဆီ မကြာခဏသွားလေ့ရှိသူဆိုတော့ သူ့ကိုဆရာကြီးတင်ထားရပေသကိုး။ 

တရက်မှာတော့ ဆေးကျောင်းသားရယ်၊ ကျနော်တို့တတွေလူစုံတုန်းသူက ‘မိန်းမပိုးနည်းနိသျည်း’ ကို ပို့ချပါတယ်။ သူက “မင်းတို့ မိန်းမပိုးရာမှာအချိန်ပေးနိုင်ရင် ‘ခြင်ဗျူဟာ’ ကိုအရင်ဆုံးအသုံးပြုရမယ်” တဲ့။ ကျနော် တို့က ‘ခြင်ဗျူဟာ’ ဆိုတာ ဘာမှန်မသိလေတော့ ‘ခြင်ဗျူဟာအကြောင်းရှင်းပြပါ’ လို့မေးရတယ်။ ဒီတော့သူက…

မင်းတို့ ခြင်ကိုက်တဲ့အခါ တခါတည်းရိုက်မပစ်ရဘူးကွ။ ခြင်ကမင်းတို့ထက်လျင်တယ်။ အဲ့ဒီတော့ ခြင်ကိုသွေးဝအောင် ထားလိုက်ရတယ်။ ခြင်ကောင်ကသွေးဝသွားရင် ရိုက်စရာမလိုတော့ဘူး။ အသာလေးပွတ်သပ်လိုက်တာနဲ့ အဲ့ဒီခြင်သေသွားတာပဲ။ အဲ့လိုပဲကောင်မလေးတယောက်ကိုရင်းနှီးပြီး သွေးဝအောင်ထားပြီး သိပ်ကိုရင်းနှီးသွားပြီဆိုတာနဲ့သွေးဝနေတဲ့ ခြင်တကောင်လို အသာလေးကောက်စားလိုက်တာကို ခြင်ဗျူဟာလို့ခေါ်တယ်” တဲ့။ 

နောက်တနည်းက “မင်းတို့ဆယ်တန်းမှာသင်ရတဲ့ ‘ဘရစ္စက္ကရိဗျူဟာ’ နည်းပေါ့ကွာ။ အဲ့ဒါကတော့ သိပ်မူနေတဲ့ကောင်မလေးဆိုရင် ဘာမှမေးနေပြောမနေနဲ့ လျှပ်စီးလက်သလိုမပြောမဆိုနဲ့ လူလစ်တာနဲ့ တခါတည်းဖက် နန်းပြီး ရည်းစားစကားသာပြောလိုက်ပေတော့။ အချိန်ဆွဲလက်နှေးနေလို့မရဘူး။ အဲ့လိုလျှပ်တပျက်ဖက်နမ်းပြီး ပြောလိုက်တာကို ‘ဘရစ္စက္ကရိဗျူဟာ’ ခေါ်တာပေါ့” တဲ့။ 
ကျနော်တို့လည်း ဒီလိုအကြောင်းအချက်တွေကြောင့် သူ့ကိုဆရာကြီးတင်ထားလိုက်ရတာပေါ့ဗျာ။ နောက်နည်းလေးတခုလောက် ပြောပြပါအုံးဆိုတော့ ...
     “ဒီနည်းကတော့ ‘ဂဠုန်တောင်ဟုန် ဖြန့်တဲ့ ဗျူဟာ’ ပေါ့ကွာ။ လူတော့ များများသုံးရမယ်။ ကိုယ်သဘောကျတဲ့ကောင်မလေးနဲ့နီးစပ်ရာ ယောက်ျားလေးမိန်းကလေးတွေနဲ့ ရင်းနှီးအောင်ပေါင်းပြီး ကိုယ့်အကြောင်းအကောင်းချည်းဖြစ်အောင် ပြောဆိုချဉ်းကပ်စည်းရုံးရမယ်။ သူ့ဝန်းကျင်ကိုကိုယ့်ဝန်းကျင်ဖြစ်အောင်လုပ်ယူပြီး သူတို့အကူအညီနဲ့ ‘အလှော်ခိုင်း’ ရမယ်။ နှစ်ဘက်အပေါင်းအသင်းအသင်းတွေရဲ့ဆွယ်စကားနဲ့သိုင်းဝိုင်းပိုးပမ်းယူတာကို ‘ဂဠုန် တောင်ဟုန်ဖြန့်ဗျူဟာ’ လို့ ခေါ်တာပေါ့ကွာ” တဲ့။ ဒါ ဆရာကြီးအေးမင်းရဲ့ မိန်းမပိုးနည်းဗျူ ဟာတွေပေါ့။

ကိုအေးမင်းရဲ့ဗျူဟာအတိုင်းလိုက်လုပ်ပြီး သရုပ်ပြရသူတယောက်ကတော့ ကျနော်တို့ချစ်တဲ့ဆေးကျောင်း သားလေးပေါ့။ သူကြိုက်တဲ့ကောင်မလေးက ပုဂံဆောင်မှာ ရှိတယ်။ဒီတော့ ပုဂံဆောင်ဘက်ကိုသွားတိုင်း ကိုအေးမင်းရဲ့ ဗျူဟာကို လိုက်နာလုပ်ဆောင်ရတယ်။ သူပြောလေ့ရှိတာက ‘ဒီအော်ပရေးရှင်း’ မှာသူက ဗျူဟာမှူး။ ဆေးကျောင်းသားကရှေ့တန်းထွက်တိုက်ရတဲ့ရဲဘော်။ သူဗျူဟာခင်းပေးတဲ့အတိုင်းပြောရလုပ်ရမယ်တဲ့။ ကောင်မလေးနဲ့တွေ့ ပြီးပြန်လာတာနဲ့ သူ့ကို ‘ဆလု’ ရိုက်ပြီးအခြေနေစုံကိုသူ့ထံသတင်းပို့ရမယ်” တဲ့။ ဒါသူ့ရဲ့စည်းကမ်းပဲ။

တရက်သားမှာတော့ ကျနော်အခန်းမှာကိုအေးမင်းနဲ့ထိုင်စကားပြောနေချိန် အနှီဆေးကျောင်းသားလေးပေါက် ချလာတယ်။ နေအတော်စောင်းနေပြီဆိုတော့ ကိုအေးမင်းကတော့ထုံးစံအတိုင်း သေရည်အနံ့လေးကတထောင်းထောင်းပေါ့။ အဆောင်မီးတွေတောင်ဖွင့်နေပြီလေ။ 

ရုတ်တရက်ကိုအေးမင်းက “ရဲဘော် တပ်ရင်းမှူးဆီသတင်းပို့” လို့မူးမူးနဲ့အော်လိုက်တော့ အနှီဆေးကျောင်းသားလေးက “ရန်သူကျည်ကားသစ်ရွက်ခြောက်များ” တဲ့။

နောက်မှ သူပြောပြတာကကိုအေးမင်းရဲ့ခြင်ဗျူဟာအတိုင်း ရင်းနှီးမှုပိုလာပြီမို့ ပုဂံဆောင်နားကတက္ကသိုလ် ဘော်လုံးကွင်းဘက်လမ်းလျှောက်ခေါ်ခဲ့တယ်။ ဘောလုံးကွင်းရဲ့ပွဲကြည့်စင်နောက်မှာကပ်ပလီ ပိတောက်ပင်ကြီးနှစ်ပင်ရှိတော့ အဲ့ဒီပိတောက်ပင်အောက်မှာလမ်းကိုကျောခိုင်းပြီး ထိုင်လိုက်ကြတယ်။ ခဏအကြာမှာတော့ ဆေးကျောင်းသားလေးက ရည်းစားစကားပြောရင်း အဖြေတောင်းလိုက်သတဲ့။ အဲ့ဒီမှာတင် ပုဂံဟောသူလေးကပိတောက် ရွက်ခြောက်တွေလက်ထဲဆုပ်ပြီး ပစ်ပေါက်လိုက်သတဲ့။ ဒါကြောင့် ‘ရန်သူကျည်က သစ်ရွက်ခြောက်များ’ လို့ သတင်းပို့တာလို့ ရှင်းပြတယ်။ ဒီတော့မှ ကျနော်တို့ ကိုအေးမင်းက “နောက်တခါတွေ့လို့ မူနေသေးရင် ‘ဘရစ္စက္ကရိဗျူဟာ’ သုံးလိုက်တော့ ဟူသတတ်။

ဒီလိုနဲ့ ဆေးကျောင်းသားလေးကတော့ ကိုအေးမင်းရဲ့ဗျူဟာအတိုင်း ရည်းစားတယောက်ရသွားလေရဲ့။ ကျနော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကိုအေးမင်းကတော့ သူဗျူဟာအောင်မြင်သွားသမို့ မော်ကြွားကြွာပေါ့။ သူကိုယ် တိုင်ကတော့လည်းနေ့တိုင်းလိုလို ဝတ်မပျက် သီရိဆောင်ကိုသွားမြဲသွားနေဆဲပါ။ တနေ့မှာ နယ်ကလူကြုံပါး လိုက်လို့ သီရိဆောင်မှာနေတဲ့ ကျောင်းနေဘက်ကောင်မလေးဆီ ပစ္စည်းသွားပို့စရာရှိလို့ သူငယ်ချင်းမလေးနဲ့သီရိဆောင်ရှေ့ မှာချိန်းပြီးသွားခဲ့တယ်။

မှတ်မှတ်ရရ အဲ့ဒီနေ့ကစကားဝိုင်းအငြင်းအခုံကောင်းနေတာနဲ့နောက်ကျသွားတယ်။ အဆောင်မပိတ်မီအပြေး အလွှားသွားခဲ့ရတယ်။ ဂျပ်ဆင်ရှေ့မြက်ခင်းပြင်အနီးအရောက်မှာ ခေါင်းငိုက်စိုက်ချရင်းပြန်လာတဲ့ ကိုအေးမင်းကိုတွေ့တာနဲ့ အကျိုးကြောင်းပြောရင်း သူ့ကိုအဖော်ခေါ်ပေမယ့် လိုက်မလာပဲ ‘အဆောင်ပိတ်ကာနီးပြီ။ မြန်မြန်သာသွားပေတော့’ ဆိုပြီးသူကဆက်ထွက်သွားတယ်။ သူငယ်ချင်းမလေးက ကျနော်နဲ့ကိုအေးမင်းပြောတာကိုလှမ်းကြည့်နေရင်း စောင့်နေတာကိုတွေ့လိုက်ရတယ်။
 
သူငယ်ချင်းမလေးကိုပစ္စည်းပေးရင်းရောက်တတ်ရာရာပြောနေရင်းက “ဟဲ့ မောင်ဟိန်း..။ နင်နဲ့စောစောက စ ကားရပ်ပြောနေတဲ့သူက နင့်သူငယ်ချင်းလား” တဲ့။ အေး..ငါတို့အဆောင်ကပါ။ ကိုအေးမင်းလေ” ဆိုတော့ သူကပြုံးစစနဲ့ကျနော်ကိုကြည့်ပြီး “ငါတို့ကသူ့ကိုသီရိပြန်ချီအေးမင်းလို့ခေါ်ကြတာ” တဲ့။ “ဟေဘာလိုလဲ” လို့မေးတော့ “နင်သူငယ်ချင်းကရီရတယ်ဟ။ ငါတို့အဆောင်ကအမကြီးကိုလာပိုးတာ။ နှစ်စကတော့ အဆောင်ပါလာမှာ မကြာခဏသူတို့ကိုတွေ့နေရတယ်။ တရက်မှာတော့ အဲ့ဒီအစ်မကြီးက ‘ကိုအေးမင်း..ရှင်လူယုတ်မာကြီး။ နောက်ကျမဆီဘယ် တော့မှမလာနဲ့။ ဒါနောက်ဆုံးပဲ’ ဆိုပြီး ဒေါသတကြီးနဲ့အဆောင်ထဲဝင်သွားတယ်” တဲ့။ သူ့စကားကြားပြီး ကျ နော်ဘာပြောရမှန်းမသိ ဆွံ့အသွားတယ်။ ပြီးမှ သူက ...

     “ဒါပေမယ့် အဲ့ဒီအကိုကြီးကတော့ အပြုံးမပျက်ပါပဲဟာ။ သနားစရာလည်းကောင်း ရယ်စရာလည်းကောင်းပါရဲ့။  အခုထိ တရက်မပျက် အဆောင်ကိုလာလိုက်။ အချိန်တန်ရင် ပြန်သွားလိုက်မို့ ငါတို့ကသူ့ကို ‘သီရိပြန်ချီအေးမင်း’ လို့ကွယ်ရာမှာ အဲ့လိုနာမည်ပေးထားကြတာ ” တဲ့။ ဘယ်လိုဖြစ်ပါလိမ့်။ မိန်းမပိုးနည်းဗျူဟာ ခင်းပုံခင်းနည်းတွေပြောပြတဲ့ ကိုအေးမင်းကတော့ အဲ့ဒီအချိန်အထိ မစွံသွားရှာပါဘူး။ သူ့ရဲ့ခြင်ဗျူဟာလည်း သူနဲ့အတူကျဆုံးသွားပြီထင်ရဲ့။ အဲ့ဒီအချိန်ကစပြီး ကျနော်တို့အားလုံးကလည်း သူ့ကို ‘သီရိပြန်ချီအေးမင်း’ လို့ခေါ်ကြတော့တယ်။

ဒီလိုနဲ့ စာမေးပွဲစစ်ချိန်ကလည်း နီးသထက်နီးလာပြီ။ ကိုအေးမင်းကတော့ သီရိဆောင်ကိုသွားမြဲသွားဆဲ။ မူးမြဲမူးဆဲပါပဲ။ စာမေးပွဲနီးလို့ အသွားလျော့၊ အသောက်လျော့ဖို့ပြောပေမယ့် ‘အေးဆေးပါကွာ’ ဆိုပြီး အသွား အလာ အစားအသောက်မပျက်။ တနေ့မှာတော့ ကိုအေးမင်းတယောက် စာအုပ်အကြီးကြီးဖိုင်တွဲလိုက်မပြီး စာတွေဖတ်နေတာတွေ့လိုက်ရတယ်။ 

စာမေးပွဲကနီးပြီကိုး။ သေသေချာချာကြည့်လိုက်တော့မှ “ရွှေသွေးရုပ်စုံကာတွန်း’ဂျာနယ် တွေကိုဖိုင်နဲ့တွဲထားတာကြီးကိုဖတ်နေတာ။ သူ့ပြောပြတာက ..
     “ငါစာမေးပွဲဖြေမလို့ကွ။ ဦးဩဘာသရဲ့ဇာတ်ကြီး ၁၀ ဘွဲ့က ပြဋ္ဌာန်းချက်ရှိလို့ ရွှေသွေးဖတ်ပြီးလေ့လာနေတာ။ အတူတူပါပဲကွာ။ ကာတွန်းကလည်း ဇာတ်ကြီး ၁၀ ဘွဲ့ထဲကဟာတွေ ပြန်ဆွဲထားတာကွ။ ဟားဟား” 

တဟားဟားရယ်ရင်း စာမေးပွဲကိုပျော်ပျော်ကြီးပေါ့ပေါ့ပါးပါး ဝင်ဖြေခဲ့တယ်။ အဲ့ဒီနှစ်က ကိုအေးမင်းတယောက် အချစ်ရှုံးရုံသာမက စာမေးပွဲမှာလည်း ဂရိတ်သရီးသာရတဲ့အတွက် မဟာတန်းဆက်တက်ခွင့်မရတော့ပဲကျနော်တို့နဲ့အတန်ငယ် ဝေးကွာသွားခဲ့ပါတော့တယ်။ 

ကျနော်တို့ မဟာတန်းတက်နေချိန်မှာတော့ ကျနော်တို့ချစ်တဲ့ ကိုအေးမင်းဟာ အထက်တန်းပြဆရာအဖြစ် အလုပ်ဝင်နေပြီဆိုတဲ့သတင်းရလိုက်တယ်။ ရယ်ရမလိုငိုရမလို..။ လွမ်းရမလို တမ်းတရမလိုလို။ ကြားရတဲ့သတင်းကြောင့် ငိုအားထက်ရယ်အားသန်ရမလိုလိုပါပဲ။ 

အမြဲထာဝရမူးနေတဲ့ ဆရာကိုအေးမင်းတာဝန်ကျတဲ့ရွာကလည်း ဘီလူးကျွန်းက “မူးယစ်ကလေးရွာ” ပင်ဖြစ်နေပါတော့တယ်။ ဘဝတွေများထူးဆန်းနေပုံပြောပါတယ်။ တခါတခါ တကယ့်ဘဝတွေကအိပ်မက်ဆန်လွန်ပါဘိ။ ဝတ္ထုဆန်လွန်းလှပါဘိ။ 

ဒီလိုနဲ့ ကန့်ကော်တောကလွမ်းတဖွယ်ရာငှက်တအုပ်လုံး တယောက်တနေရာဆီ ကိုယ်ယုံကြည်ရာကိုယ်လုပ်ကြရင်း ကျနော် မြင်းခြံ ငရဲခန်းကပြန်လည်လွတ်မြောက်လာတော့ သီရိပြန်ချီကိုအေးမင်းတယောက် ဆုံးသွားပြီဆိုတဲ့သတင်းသဲ့သဲ့လေး ကြားလိုက်ရတော့တယ်။ ချစ်သောကိုအေးမင်းတယောက် သူ့ရဲ့မိန်းမပိုးနည်ဗျူဟာကိုလက်တွေ့ကျင့်သုံးမှကျင့် သုံးလိုက်ရပါလေစ။ အချစ်ကိုရှာဖွေလို့ တွေ့မှတွေ့ပါလေစ။ တမ်းတမ်းတတသတိရနေမိပေါ့။ 

မကြာမီကပဲ အာဏာလုစစ်မိစ္ဆာဂိုဏ်းကသေသူရှင်သူ အတော်များများကိုသီရိပျံချီဘွဲ့တို့ စည်သူဇေယျဘွဲ့တို့ ပေးအပ်နေတယ်ဆိုတဲ့သတင်းကြားရတော့ အတန်ကြာမေ့လျော့နေပြီဖြစ်တဲ့ချစ်စရာ‘သီရိပြန်ချီကိုအေးမင်းအကြောင်းကို အလိုလိုသတိရနေမိပါတော့တယ်။ လွမ်းမိပါသေးတယ် ‘သီရိပြန်ချီကိုအေးမင်း’ ရယ်။ နောက်ဘဝဆိုတာရှိရင် ‘သီရိပြန်ချီကိုအေးမင်း’ တယောက် မိစ္ဆာဘွဲ့နှင်းဘင်မှာလို ‘သီရိပျံချီဘွဲ့’ နဲ့ကင်းဝေးပါစေကြောင်း အထပ်ထပ်ဆုတောင်းနေမိပါတော့တယ်။ 

ဟိန်းထက်ဇော်
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar