Breaking News

ကျူးကျော် ဆိုပြီး နေအိမ် ဖယ်ရှားခိုင်းလာတဲ့ စစ်ကောင်စီရဲ့ ဗျူဟာ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၅ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၂


ကျူးကျော် ဆိုပြီး နေအိမ် ဖယ်ရှားခိုင်းလာတဲ့ စစ်ကောင်စီရဲ့ ဗျူဟာ 

စစ်အာဏာသိမ်းမှုနဲ့ ကျူးကျော်လို့ ဆိုပြီး ဂရန်မရှိတဲ့ ရပ်ကွက်တွေ၊ လမ်းတွေက နေအိမ်တွေကို ဖျက်ခိုင်းတာ ဘူဒိုဇာနဲ့ ဖျက်ဆီးဖယ်ရှားတာဟာ တွဲလျက်ဖြစ်ပျက်တဲ့အရာတွေလို့ ဆိုလို့ရလောက်အောင် ၁၉၈၈ ခုနှစ်နောက်ပိုင်း အဖြစ်အပျက်တွေနဲ့ အခုလတ်တလော မြို့အသီးသီးမှာ ဖြစ်ပျက်နေတာတွေကို ယှဥ်တွဲကြည့်ပြီး ဆိုရမှာဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့က ရပ်ကွက်အတော်များများကို ကျူးကျော် ဆိုကာ ဖယ်ရှားခိုင်းခဲ့ပြီး မြို့ပြင်မှာ ဖော်ဆောင်တဲ့ မြို့သစ်တွေဆီ မောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ 

ရွှေဂုံတိုင်၊ တာမွေတို့လို မြို့နဲ့အနီးဆုံး မြို့နယ်တွေမှာ နေထိုင်ကာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြသူတွေကို မြို့နဲ့ အလှမ်းကွာပြီး အသက်မွေးဝမ်းကျောင်း လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ နေရာအသစ်တွေဆီ မောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ၈၈၈၈ အရေးတော်ပုံဖြစ်ချိန်မှာ မြို့ရဲ့ လူစည်ကားရာ ရပ်ကွက်နေလူထုတွေက ပါဝင်ခဲ့ကြတာ၊ စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာတွေ အတွက် ပြစ်ဒဏ်ခတ် လက်စားချေတဲ့ သဘောလို့ ယူဆခဲ့ကြပြီး စစ်အာဏာသိမ်းပြီးနောက် မြို့ပေါ်မှာ ခုခံမှုတွေ လျော့ပါးသွားချိန်မှာ မြို့နေလူထုကို အင်အားပြ ဖိနှိပ်ပြီး အာဏာကို အဆုံးစွန်ထိ အသုံးချကာ ကြောက်ရွံ့အောင် လုပ်တဲ့နည်းပရိယာယ်ကို အသုံးချခဲ့တာ ဖြစ်ပါတယ်။ 

အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာလည်း အလားတူ လုပ်ဆောင်မှုတွေ ကို မနှစ်ကစလို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမြို့က ရပ်ကွက်တွေ လမ်းတွေမှာ ဂရန်မရှိတာကြောင့် ဆိုပြီး ဖယ်ရှားခိုင်းတာတွေ ၊ ရထားလမ်းနံဘေးက ရထားဝန်ကြီးဌာနပိုင်မြေကို ကျူးကျော်ထားတယ်ဆိုတာ အိမ်တွေရဲ့ အစိတ်အပိုင်းတွေ ဖျက်ခိုင်းတာတွေ ဖြစ်ပျက်ခဲ့သလို ရထားစက်ခေါင်းနဲ့ တွဲစက်ရုံရှိတဲ့ မြစ်ငယ်မြို့မှာဆိုရင် နေအိမ်အများအပြား ဖျက်ဆီး ဖယ်ရှားပေးခဲ့ရတာ ဖြစ်ပြီး မြို့အရွယ်အစားနဲ့ နှိုင်းယှဥ်ရင် အများအပြား ဖယ်ရှားပေးခဲ့ရတယ်လို့ ဆိုရတဲ့အထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အခု သီတင်းပတ်တွေမှာ ရန်ကုန်မြို့က ရပ်ကွက်တွေ လမ်းတွေကို တခုပြီးတခု ကျူးကျော်တယ်လို့ဆိုပြီး ဖယ်ရှားခိုင်းနေရာမှာ မင်္ဂလာဒုံ၊ ပျဥ်းမပင် မှာ အရေအတွက် အများဆုံးဖြစ်ပြီး မရမ်းကုန်းမြို့နယ်၊ ရွှေပြည်သာ စတဲ့ မြို့နယ်တွေမှာလည်း နေအိမ်တွေ ဖယ်ရှားဖျက်ဆီးခံရတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒဂုံမြို့သစ်လို မြို့နယ်တွေမှာတောင်မှ ဌာနဆိုင်ရာပိုင် မြေမှာ ဌာနကဆောက်လုပ်ပြီး အငှား တပိုင်းရောင်းချထားတဲ့ ဆိုင်တန်းတွေကိုလည်း ဖယ်ရှားခိုင်းနေတာ ဖြစ်ပါတယ်။ 

ဒီလို စီးပွားရေးကျပ်တည်းတဲ့ အခြေအနေအောက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေတဲ့ အခြေအနေအောက်မျိုးမှာ လူထုအနေနဲ့ နေအိမ်ဖယ်ရှားခံရတာ၊ အလုပ်အကိုင် အခွင့်အလမ်းပါဆုံးရှုံးတာတွေက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်နိုင်အောင် တမင်တကာရည်ရွယ် လုပ်ဆောင်တာလို့ ယူဆတာတွေလည်း ရှိတာ ဖြစ်ပါတယ်။ ၈၈ စစ်အာဏာသိမ်းပြီးနောက်မှာ လုပ်ခဲ့တဲ့ နည်းပရိယာယ်တွေကို အခုလို ၂၀၂၁ ခုနှစ်မှာလည်း အသုံးချပြီး လူထုကို နိုင်ငံရေးအရ ဒဏ်ခတ်တာလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ သူတို့ဟာ လူထုမဲပေးပြီး တက်လာတဲ့ အစိုးရမဟုတ်လို့ မဲမရမှာ စိုးရိမ်ပြီး ရွေးကောက်ခံ အစိုးရတွေ မလုပ်ရဲတဲ့ အခုလို ကျူးကျော်တွေဖယ်ရှားတာမျိုး လုပ်ရတာလို့ဆင်ခြေပေးဖူးပါတယ်။ 

အမှန်တကယ်တော့ စစ်တပ်ရဲ့ လူထုကို နိုင်ငံရေးမှာ မပါဝင် မပတ်သက်နိုင်အောင် လုပ်ဆောင်တဲ့ နည်းပရိယာယ် တခုသာဖြစ်ပြီး တဖက်မှာလည်း အာဏာအပြည့်အဝ ၄င်းတို့လက်ထဲမှာ ရှိတယ်ဆိုတာကို သက်သေပြပြီး လူထုအနေနဲ့ စစ်အာဏာကို ကျိုးနွံလာအောင် ရည်ရွယ်လုပ်ဆောင်မှုတခုသာ ဖြစ်တယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar