Breaking News

NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ ဆွေးနွေးစေချင်သတဲ့လား


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၀ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၂

NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ ဆွေးနွေးစေချင်သတဲ့လား

နိုဝင်ဘာ ၈ ရက်နေ့က ၂၀၂၀ ပါတီစုံရွေးကောက်ပွဲ နှစ်ပတ်လည် နေ့ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ မြန်မာပြည်သူတွေက သူတို့၏ မဲပေးခဲ့သော လက်သန်းဓာတ်ပုံလေးတွေ ပြန်တင်ကြတယ်။ အမှန်တကယ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ သမိုင်းမှတ်တိုင် ဖြစ်ကျန်ခဲ့ပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲသမိုင်းမှတ်တိုင်ကဲ့သို့ ပြည်သူတွေက သူတို့ထောက်ခံတဲ့ပါတီကို သောင်ပြိုကမ်းပြု မဲပေးခဲ့ကြ၊ သို့သော် အစိုးရဖွဲ့ခွင့် ငြင်းပဲခံခဲ့ရလို့ ရေးမှတ်ခဲ့ကြသလိုမျိုး - ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ပြည်သူတွေက သူတို့ထောက်ခံတဲ့ပါတီကို သောင်ပြိုကမ်းပြု မဲပေးခဲ့ကြ၊ သို့သော် အစိုးရဖွဲ့ခွင့်မရဘဲ စစ်တပ်က ဖြိုခွဲ အာဏာသိမ်းခဲ့ကြ လို့ ရေးသားမှတ်တမ်းတင်ပြီး ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ သမိုင်းမှတ်တိုင်ပြီးတော့ ဘာဆက်ဖြစ်နေသလဲ။ ဒါက ဆက်လက်ရေးထိုးနေဆဲ သမိုင်းမှတ်တမ်းဖြစ်ပါတယ်။ သက်ရှိသမိုင်းအဖြစ် ဆက်ချီတက်နေတယ်။ ၂၀၂၀ ရွေးကောက်ပွဲပြီးသွားတော့ ဘာဖြစ်လဲ။ လက်သန်းလေးတွေ မင်စွန်းတာကိုပဲ တသသနဲ့ လွမ်းကျန်ရစ်နေကြသူတွေထဲမှာ မြန်မာပြည်သူတွေ မပါဘူး။ မြန်မာပြည်သူတွေက လမ်းပေါ်ထွက် သပိတ်မှောက် ချီတက်ကြတယ်။ စစ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြကြတယ်။ CDM  တပြည်လုံး အတိုင်းအတာနဲ့ လုပ်ကြတယ်။ စစ်တပ်က အကြမ်းဖက် နှိမ်နင်းတော့ လမ်းပေါ်ကနေ အိမ်ထဲ ပြန်မဝင်ကြတော့ဘဲ မြေအောက်ကို သျှိုး လက်နက်စွဲကိုင်ပြီး ခုခံစစ်ကို ဆင်နွဲကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကြတယ်။ ကိုယ်တိုင်လည်း PDF တွေ ထူထောင်တယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့ ပါတီက အမတ်တွေ ခေါင်းဆောင်တွေနဲ့ သပိတ်ခေါင်းဆောင်တွေ တိုင်းရင်းသားတွေ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းကြပြီး CRPH NUCC NUG  စတဲ့ နိုင်ငံရေးဦးဆောင်မှု အဖွဲ့တွေ ထူထောင်ပြီး ခေါင်းဆောင်မှု ပေးကြတယ်။ ပြည်သူတွေက ပြည်တွင်း ပြည်ပမကျန် ထောက်ပို့တပ်သားတွေအဖြစ် တခဲနက် ထောက်ခံပံ့ပိုး ဆက်ချီတက်ကြတယ်။ ဒါဟာ ၂၀၂၀ ဖေဖော်ဝါရီနောက်ပိုင်း မြန်မာပြည် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်၏ ဆက်လက်ရေးထိုးနေဆဲ သမိုင်းခြေလှမ်း သမိုင်းမှတ်တမ်းတွေ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးအင်အား အစုအဖွဲ့တွေ ခေါင်းဆောင်တွေ၏ ဆုံးဖြတ်ချက်က တခုတည်းပဲ။ ‘ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်’ ။ အဲသည် သန္နိဋ္ဌာန်နဲ့ ချီတက်နေကြတဲ့ဆီမှာ - လမ်းပြမြေပုံကတော့ ဖယ်ဒရယ်ပြည်ထောင်စုကို အာမခံတဲ့ ခြေဥအသစ် ရေးဆွဲရေး၊ ပြည်သူ လူထု၏ ဆန္ဒခံယူပွဲကနေ အတည်ပြုနိုင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ကြားကာလနဲ့ အသွင်ကူးပြောင်းရေးကာလများ အောင်မြင်စွာ ဖြတ်သန်းနိုင်ရေး၊ တိုင်းရင်းသားပြည်သူလူထုတွေ စည်းလုံးညီညွတ် နားလည်မှု ထူထောင်တည်ဆောက်နိုင်ရေးတွေ ဖြစ်ပါတယ်။ ဒါကို နည်းနာမျိုးစုံ ဗျုဟာပေါင်းစုံနဲ့ ဆောင်ရွက် ရုန်းကန် တိုက်ပွဲဝင်နေကြတဲ့ဆီမှာ တိုင်းရင်းသားနယ်မြေတွေနဲ့ ပြည်မက လက်နက်ကိုင်စွဲ ခုခံတော်လှန်စစ် ဆင်နွှဲနေကြတဲ့ လူထု လူတန်းစားအားလုံးက ပင်မကျောရိုးကြီးသဖွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံရေးတိုက်ပွဲပုံသဏ္ဍာန်မှာ ပြည်တွင်းမှာကော ပြည်ပမှာပါ NUG CRPH ERO နဲ့ NUCC အဖွဲ့ဝင်တွေ ကိုယ်စားလှယ်တွေ ခေါင်းဆောင်တွေ၏ လှုပ်ရှားမှု ဆောင်ရွက်မှု ချီတက်နေမှုကိုလည်း အားလုံးက လိုက်ပါ ချီတက်နေကြရတယ်ဆိုတာလည်း လက်ခံရတဲ့ အချက်ဖြစ်ပါတယ်။

အဲသည်လိုအခြေအနေတွေမှာ - အမေရိကန်နဲ့ ဥရောပတို့က မြန်မာ့အရေးကို အာဆီယံနဲ့ပဲ တဆင့်လွှဲထားပါတယ်။ အာဆီယံကိုယ်တိုင်ကလည်း သူတို့၏ လက်တွေ့မကျတော့တဲ့ လမ်းပြမြေပုံကနေ တိုးတက်တဲ့အဆင့်တရပ်ကို ဆက်တက်ဖို့ အစီအစဉ် ရှိပုံ မရပါဘူး။ အာဆီယံလမ်းပြမြေပုံထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နိုင်ရေး နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရေးပါသော ခေါင်းဆောင်များနဲ့ အာဆီယံတို့ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးတွေကို တစာစာ တောင်းဆိုနေခဲ့သော်လည်း ဘာမှ မထူးခြားတာ ၂ နှစ်ပတ်လည်တော့မှာ ဖြစ်ပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲဘူတာကနေ မြန်မာနွေဦးတော်လှန်ရေး သမိုင်းရထားကြီး ထွက်ခွာသွားပြီဆိုတာ မြန်မာပြည်သူတွေက သိရှိလက်ခံထားပြီး ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေးဟာ သူတို့၏ လောကနိဗ္ဗာန်ထွက်ရပ်လမ်း ဖြစ်နေပြီမို့ပါပဲ။ တကယ်တမ်းကလည်း ဖက်ဆစ်စစ်တပ်ကိုယ်တိုင်က သူတို့စိတ်တိုင်းကျမဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကျောခိုင်းထားရစ်ခဲ့တာလည်း တိုက်ဆိုင်တဲ့ အလွမ်းဇာတ်လို့ ဆိုရမှာဖြစ်ပါတယ်။

အဲသည်လိုပါပဲ NUG ကိုယ်တိုင်က စစ်တပ်၏ လုပ်ကြံဖန်တီးမယ့် ၂၀၂၃ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း၊ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ရွေးကောက်ပွဲကို အဖြစ်ခံမည်မဟုတ်ကြောင်းအထိ ထုတ်ပြန်ထားပါတယ်။ NLD ပါတီကိုယ်တိုင်ကလည်း ၂၀၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာထုတ်ပြန်ထားတာ ဖတ်ရှုရပါတယ်။ 

အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ပြီးတော့ ထည့်သွင်းစဉ်းစားဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းကြောင်းကို  အာဆီယံ (ASEAN) သို့ မြန်မာ့အရေးနဲ့ပတ်သက်၍ အိတ်ဖွင့်ပေးစာကို နိုဝင်ဘာ ၉ ရက်စွဲနဲ့ ပေးပို့ခဲ့တာလည်း တွေ့ကြမှာပါ။  အာဆီယံအနေနဲ့ NUCCI NUG CRPH တို့ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တရားဝင်ဆက်ဆံဖို့ လိုအပ်တယ်လို့ ဆိုထားပြီးတော့ အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ပြီးတော့ ထည့်သွင်းစဉ်းစားဖို့ အချက်တွေကိုလည်းဖော်ပြထားပါတယ်။

အဲသည်လို အခြေအနေမျိုးမှာ နိုင်ငံတကာ နိုင်ငံရေးခရီးစဉ်တွေ သွားရောက်နေတဲ့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ကို ကုလသမဂ္ဂအဖွဲ့အစည်းခေါင်းဆောင်ပိုင်းအချို့က ကန့်ကွက်လို့ Global Townhall 2022 အခမ်းအနားမှာ တက်ရောက်စကားပြောခွင့် ဖျက်သိမ်းခဲ့ရတယ်လို့ နိုဝင်ဘာ ၉ သတင်းတွေမှာ တွေ့ခဲ့ရပါတယ်။ 

နိုင်ငံတကာနဲ့ မြန်မာ့နိုင်ငံရေးစာမျက်နှာမှာ နွေဦးတော်လှန်ရေးကနေ ပေါ်ထွက်လာတဲ့ သွေးသစ်လောင်း အင်အားသစ်များ ခေါင်းဆောင်သစ်များ ရင်ဆိုင်နေတဲ့ စိန်ခေါ်မှုတွေကို မြင်နေရချိန်မှာ NLD ပါတီက နိုဝင်ဘာ ၈ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ နှစ်လည်အထိမ်းအမှတ်ထုတ်ပြန်ချက်ကို ဖတ်ကြည့်မိတဲ့အခါ လူထုထောက်ခံမှု အများဆုံးရ ရွေးကောက်ပွဲနိုင် ပါတီတရပ်၏ နိုင်ငံရေးသဘောထားနဲ့ ရှုမြင်ချက် မျော်လင့်ချက်တွေဟာ လက်ရှိနွေဦးတော်လှန်ရေး၏ ခြေလှမ်းတွေနဲ့ လာရာခြင်း၊ လားရာခြင်း တူမျှနေသေးရဲ့လား ၊ ဘာတွေများ ကွဲပြားနေသလဲ စဉ်းစားစရာ ဖြစ်ရပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊  ဗဟိုအလုပ်ကော်မတီ၊  အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း၊  ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရက်စွဲ - ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၈ ) ရက်၊  သတင်းထုတ်ပြန်ချက်အမှတ်( ၁၂/၂၀၂၂) က အပိုဒ်ခွဲတခုမှာ အခုလို ဆိုထားပြန်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဖြစ်ကြောင်း မိမိတို့ယုံကြည်ပါသည်။ ထို့အပြင် စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါသည်။ ထို့ကြောင့်  ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းစဉ်အဖြစ်သတ်မှတ်အကောင်အထည်ဖေါ်သင့်ကြောင်း အလေးအနက်တောင်းဆို အပ်ပါသည်။ လို့ ရေးသားထားပါတယ်။

ဆိုတေ့ာ - NLD အမတ်အများအပြား၊ ပါတီခေါင်းဆောင်အများအပြား ပါဝင်တဲ့ နွေဦးတော်လှန်ရေးလမ်းမကြီးနဲ့ အဲသည်မှာ လက်တွဲချီတက်နေကြတဲ့ သူတို့နဲ့လည်း သက်ဆိုင်နေတဲ့ NUG CRPH PDF NUCC ERO  အစုအဖွဲ့တွေ၏ ဖယ်ဒရယ်အရေး၊ ခြေဥအသစ် ပေါ်ထွန်းရေး၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေးတို့ကို အရိပ်အမြွက်မျှပင် မထုတ်ပြဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ မြန်မာ့အရေးကို ဆွေးနွေးကြပါရန် ပန်ကြားတိုက်တွန်းချက်ဟာ နွေဦးတော်လှန်ရေးအစောပိုင်းကာလ စိတ်ကူးယဉ်ခဲ့ကြဖူးတဲ့ စု ရွေးလွှတ် လမ်းကြောင်းကို ပြန်ငဲ့ကြည့်နေသလိုမျိုး ပြောချင်စရာ ဖြစ်နေပါတော့တယ်။ 

လက်ရှိ ပစ္စက္ခမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ နွေဦးတော်လှန်ရေးက ခေါင်းဆောင်တွေ NUG အစိုးရခေါင်းဆောင်တွေနဲ့ နိုင်ငံတကာနိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို အားမပေးချင်လို့လားလို့ မေးခွန်းဖြစ်ပေါ်စေပါတယ်။ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်မယ်ဆိုပြီး ကြုံးရုန်း လုပ်ကိုင် တိုက်ပွဲဝင်နေကြတဲ့ ကိုယ့်အားကိုယ်ကိုးနေရတဲ့ မြန်မာပြည်သူလူထုကြီးကိုလည်း ကြားဝင်စေ့စပ်သူတွေ (အာဆီယံနဲ့ နိုင်ငံတကာကိုယ်စားလှယ် ဆိုသူများ)ကို နေရာပေးကြပါဦးလို့ ဆိုလိုက်ရာ ရောက်ပါတယ်။ 

ရှေ့က ပြောခဲ့သလို မြန်မာပြည်နိုင်ငံရေးမှာ ခါးသီးသော သင်ခန်းစာများ တပုံတပင်ပါ။ တိုင်းရင်းသားနယ်မြေများက ပြည်သူတွေ အင်အားစုတွေ၏ သမိုင်းဖြတ်သန်းမှုများ အကျည်းတန်သော သမိုင်းနေ့ရက်များက မြန်မာပြည်လွတ်လပ်ရေးနဲ့ မြန်မာပြည်ပြည်တွင်းစစ်နဲ့ အမျှ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာနဲ့ စာပွဲကုလားထိုင် ခွဲဝေပြီး အပေါ်ထပ်အဆောက်အအုံက နိုင်ငံရေးခေါင်းဆောင်များ အဆင်ပြေသွားကြတိုင်း ကျောခိုင်းခံရသူ တိုင်းရင်းသားပြည်သူတွေ၏ အရိုးပုံကြီးကလည်း မြန်မာပြည်၏ သမိုင်းမှာ ဟီးထလို့ နေပါပြီ။ ကမ္ဘာမှာကော မြန်မာမှာပါ ရွေးကောက်ပွဲကနေ နိုင်ငံရေးအဖြေမရနိုင်ဘူးဆိုတာ မျက်မှောက်ကာလ သတင်းခေါင်းစဉ်များကနေတောင် သိသာနေပါတယ်။ သည်တခါက ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ ဖြစ်ပါတယ်။ သည်တခါက စစ်တပ်ကို နိုင်ငံရေးကနေ အပြီးတိုင် မောင်းထုတ်ပစ်ဖို့ ဖြစ်ပါတယ်။ 

NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ ဆွေးနွေးစေချင်သတဲ့လား … သည်မေးခွန်းကို ဘယ်လိုဖြေဆိုကြမလဲ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar