Breaking News

အားနည်းလာတဲ့ သတင်းမီဒီယာ ၊ ရာဇဝတ်မှုတွေက နိုင်ငံရေးဗျူဟာ တခုလား


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၉ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၀ ၊ ၂၀၂၂


အားနည်းလာတဲ့ သတင်းမီဒီယာ ၊ ရာဇဝတ်မှုတွေက နိုင်ငံရေးဗျူဟာ တခုလား 

စစ်အာဏာသိမ်းမှုနောက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပျက်သုဥ်းလာတယ်ဆိုတဲ့အဆိုကို ဘယ်သူမှ အငြင်းပွားစရာ ရှိကြမယ်မထင်ပါဘူး။ သတင်းသမားတွေ ဖမ်းဆီးခံနေကြရတာ ထောင်ချခံနေကြရတာတွေ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေကြရတာတွေ သတင်းမီဒီယာ နယ်ပယ်မဟုတ်တဲ့သူတွေတောင် သိရှိနေပြီးဖြစ်လို့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ သိသိသာသာ ထိုးကျလာတာ ဖြစ်ပါတယ်။ တဖက်မှာလည်း သတင်းအချက်အလက်တွေ သတင်းလို့ ယူဆနိုင်တဲ့ သတင်းတွေက ဖတ်လို့၊ ကြည့်ရှုနားထောင်လို့ မနိုင်လောက်အောင်ကို ဆိုရှယ်မီဒီယာ အွန်လိုင်းပလက်ဖောင်းပေါ်မှာ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်လည်း ပါဝင်ကောင်း ပါဝင်နိုင်သလို ပုံဖျက်ထားတဲ့ ဝါဒဖြန့်ဖို့ ပုံဖော်ထားတဲ့ သတင်းတွေကလည်း ပြည့်နှက်နေတာ ဖြစ်ပါတယ်။ ဘယ်ဟာက အမှန်တကယ် ရှိတဲ့သတင်းဌာနလဲ ဘယ်ဟာက အွန်လိုင်းမှာ “ကလစ်”ရဖို့ရည်ရွယ်လုပ်တဲ့ သတင်းပေ့ချ်လဲ ယူကျု့ ချယ်နယ်လည်း ဆိုတာ ကြာလေ ခွဲခြားရ ခက်လေ ဖြစ်လာနေတာပါ။ 

သတင်းတွေ အရေအတွက်အားဖြင့်တိုးပွားလာတယ်ဆိုတာ ငြင်းစရာမလိုတဲ့အချက်အလက်ဖြစ်ပါတယ်။ သို့ပေမယ့် ယုံကြည်ရတဲ့ အားထားရတဲ့ စိတ်ချရတဲ့ သတင်းအချက်အလက်တွေ အားနည်းလာတာ မပြည့်စုံတော့တာတော့ လက်ရှိအခြေအနေအမှန်ပဲဖြစ်ပါတယ်။ သတင်းတပုဒ်ဖတ်ကြည့်လိုက်တဲ့အခါ အဖြစ်အပျက်နဲ့ပတ်သက်လို့ ဘယ်မှာဖြစ်တာ၊ ဘယ်အချိန်ကာလက ဖြစ်တာ၊ ဘယ်သူဖြစ်ပျက်တာလဲဆိုတာလောက်တော့ ပါရှိပေမယ့်  ဘာကြောင့် ဖြစ်တာလဲဆိုတာ ဘယ်လို ဖြစ်တာလဲ ဆိုတာ မပါရှိတော့တာတွေ များပြားလာတာ သတိပြုမိကြကောင်း သတိပြုမိကြပါလိမ့်မယ်။ 

သတ်ဖြတ်ခံရတဲ့ သတင်းတွေ၊ လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းတွေ ၊ ရာဇဝတ်မှုတွေ မှာသာမကပဲ စီးပွားရေး သတင်းတွေမှာလည်း အကျိုးရလဒ်ကိုသာ ဖေါ်ပြနိုင်ကြပြီး အကြောင်းခံတာကို ဆက်စပ်ဖေါ်ပြဖို့ သတင်းရင်းမြစ်တွေက မပြောဆိုရဲကြတော့တာမျိုး ၊ သတင်းရေးသားသူကိုယ်၌က မိမိရဲ့ လုံခြုံရေးကြောင့် ဆက်သွယ်မမေးမြန်းရဲကြတော့တာမျိုး၊ နောက်တချက်က တာဝန်ခံရမယ့် သူတွေကိုယ်၌က အခုလိုကာလမှာ တာဝန်ခံမှုရှိစရာ မလိုတော့ဘူးလို့ ယူဆလာကြတာကြောင့် သတင်းသမားတွေရဲ့ မေးခွန်းတွေကို မဖြေတော့တာကလည်း အကြောင်းတချက် ဖြစ်နိုင်ပါတယ်။ 

တနေ့တနေ့ ဖတ်ရှုနေရတဲ့ မြောက်မြားစွာသော သတင်းပုဒ်ရေတွေအနက် ပြည့်စုံတဲ့ သတင်း ဘက်မျှတဲ့ သတင်းက ၁၀ ပုဒ်မှာ ၁ပုဒ်တောင် တွေ့ဖို့ ခက်ခဲလာတာ ဖြစ်ပါတယ်။ သတင်းမှာ ဖေါ်ပြတဲ့ အချက်အလက်တွေအရ ကျိုးကြောင်းဆက်နွယ်မှုတွေ အရ မိမိတို့ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ သတင်းကို ဘယ်လောက်ထိ ကိုးစားနိုင်မလဲဆိုတာ အရေးပါတဲ့ မေးခွန်းတရပ် ဖြစ်လာပါတယ်။ 

တရားဥပဒေ စိုးမိုးမှုတွေ ဆိုးဆိုးရွားရွား ပျက်ယွင်းလာခြင်းကလည်း သတင်းမီဒီယာ က ဖေါ်ပြမှုတွေနဲ့ အဆိုပါ သတင်းဖော်ပြမှုတွေအပေါ် တာဝန်ခံရမယ့် အဖွဲ့အစည်းတွေက လျစ်လျူရှုလိုက်ကြတာက အကြောင်းတချက် ဖြစ်လို့နေပါတယ်။ 

ပုံမှန်တည်ငြိမ်တဲ့ ကာလမှာတော့ သတင်းမီဒီယာက ကလောင်လက်နက် သဖွယ် တင်စားခဲ့ကြသလို တရားဥပဒေ မစိုးမိုးမှုတွေကို သတင်းဖေါ်ပြခြင်း သတင်းမီဒီယာက မီးမောင်းထိုးပြခြင်းကြောင့် တာဝန်ခံမှုရှိလာစေတာ တရားဥပဒေ စိုးမိုးမှုအားကောင်းလာတာတွေ ရှိပေမယ်လို့ အခုလို အထိန်းအကွပ် မရှိတဲ့ကာလမှာ ဘယ်အဖွဲ့အစည်းကမှ သတင်းမီဒီယာက မေးမြန်းမှုကိုသော်လည်းကောင်း သတင်းဖေါ်ပြမှုကြောင့်သော်လည်းကောင်း တာဝန်ခံမှု ရှိမလာတော့တဲ့ အခြေအနေမျိုး ရောက်နေတာကို ဝမ်းနည်းဖွယ် တွေ့ရပါတယ်။ သတင်းမီဒီယာတွေ အရေအတွက်များပြားလာပေမယ့် အရည်အသွေးအရလည်း တိုးတက်လာဖို့ အရည်အသွေးရှိတဲ့ ဖေါ်ပြမှုတွေ ဖြစ်လာဖို့ မီဒီယာ နယ်ပယ်တင်မကပဲ အခြားသော နယ်ပယ်တွေရဲ့ ဝိုင်းဝန်း အားဖြည့်မှု စောင့်ကြည့်ဝေဖန်မှုတွေလည်း လိုအပ်နေတယ်လို့ မြင်မိပါတယ်။

ဒီနေ့အတွက် အခြားအကြောင်းအရာတခုက တရားဥပဒေ စိုးမိုးမှု မြန်ဆန်စွာ ပျက်ယွင်းလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်က ရန်ကုန်မြို့ လူစည်ကားရာ လမ်းမကြီးပေါ် ပြေးဆွဲတဲ့ YBS ဘတ်စ်ကားပေါ် ဓါးပြတက်တိုက်ကြသူတွေကို အုပ်စုလိုက် ဖမ်းဆီးရမိပြီလို့ စစ်ကောင်စီဘက်က ကြေညာလိုက်တဲ့ သတင်းပါ။ မကြာမီ သီတင်းပတ်တွေမှာ အခုလို ဘတ်စ်ကားပေါ် ဓါးပြတိုက်တဲ့ သတင်းတွေ တခုမက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လှိုင်သာယာ၊ ရွှေပြည်သာ တို့မှာ အနည်းဆုံး ၂ ကြိမ်မက ဖြစ်ပွားခဲ့ပြီး တစတစ လူစည်ကားတဲ့ လမ်းတွေမှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုမျိုးအထိ ဓါးပြတိုက်မှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ အုပ်ချုပ်ရေး မရှိတော့ဘူးလားလို့ မေးရင် စစ်ကောင်စီအုပ်ချုပ်ရေး ရှိနေတာဖြစ်ပေမယ့် တရားဥပဒေ မစိုးမိုးတော့တာ ရာဇဝတ်မှုတွေ နေ့စဥ်နဲ့အမျှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာလို့ဆိုရမှာဖြစ်ပါတယ်။ 

ခုအချိန်အခါမှာ သေနတ်၊ လက်နက်ကသာ အာဏာလို့ ယူဆလာကြတဲ့ အနေအထားမျိုးဖြစ်လာပြီး တရားစီရင်ရေးစနစ်၊ တရားဥပဒေ စိုးမိုးဖို့ လုပ်ဆောင်ရတဲ့အဖွဲ့အစည်းတွေက နိုင်ငံရေး မှာ အသုံးအချခံနေကြရတာကြောင့် တရားဥပဒေ စိုးမိုးရေးကို မလုပ်ဆောင်ကြတော့သလို ရဲတပ်ဖွဲ့ကို လူအများကလည်း အယုံအကြည်မရှိကြတော့ တဲ့ အကျိုးဆက်တွေ ဖြစ်လာရာက နေ့စဥ်နဲ့အမျှ ရာဇဝတ်မှုတွေ ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။ ဒီလို တရားဥပဒေ မစိုးမိုးတဲ့ အခြေအနေကို စစ်ကောင်စီက တမင် ခွင့်ပြုထားတာလားလို့တောင် သံသယ ရှိကြတာ ဖြစ်ပါတယ်။ 

တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်ရမယ့် ရဲကို နိုင်ငံရေးအရ နှိပ်ကွပ်မှု ဖမ်းဆီးမှုတွေ ဆန္ဒပြမှုဖြိုခွဲမှုတွေ၊ ကျေးလက်တွေမှာ PDF နဲ့ တိုက်ခိုက်ရာမှာ အသုံးချရာက ရဲတွေ ရဲစခန်းတွေကလည်း စစ်ရေးပစ်မှတ်ထဲ ပါဝင်လာပြီး ရဲက ရာဇဝတ်မှုတွေ ဖမ်းဆီးတာ ဖေါ်ထုတ်တာမျိုးမလုပ်တော့ပဲ နိုင်ငံရေးအရ ဆန့်ကျင်သူတွေကို စောင့်ကြည့် ဖမ်းဆီး ရတဲ့သဘော ဖြစ်ပါတယ်။ 

ရန်ကုန်မြို့ ရဲ့ နေရာတိုင်းက မလုံခြုံတော့တဲ့သဘောဖြစ်ပြီး အချို့မြို့နယ်တွေက ပိုမိုပစ်မှတ်ထား ဖြစ်ပွားနေတဲ့ သဘောဖြစ်ပါတယ်။ ဒီလို ရာဇဝတ်မှုတွေကို ကျူးလွန်ခွင့်ပေးထားပြီး နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ လုပ်ဆောင်တာဆိုခဲ့ရင်တော့ မြန်မာ့သမိုင်းမှတ်တမ်းမှာ အဆိုးရွားဆုံး အုပ်ချုပ်မှု ကာလတခုအဖြစ် မှတ်တမ်းတင်ခံရမှာ သေချာနေပြီဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar