အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း
အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၂
ပြီးခဲ့သည့် ရာစုသည် ပြင်းထန်လွန်းပြီး၊ လှိုင်းကြီးလေထန် နိုင်လှသည်။ ဖျက် ဆီးနိုင်စွမ်းအား ပြင်းထန်လှသလို ရက်စက် လွန်းသည်။ ကမ္ဘာစစ်ကြီး ၂ ခု ဖြစ်ခဲ့သည်။ ပြည်တွင်းစစ် အများအပြား ဖြစ်ခဲ့သည်။ သမိုင်းကြောင်းအရ ကြိုတင်မခန့်မှန်း ထားနိုင်သည့် ဆိုဗီယက်ယူနီယံနှင့် တရုတ်နိုင်ငံတို့တွင် ဖိနှိပ်မှုများ ဖြစ်ခဲ့ပြီး၊ လူသန်းနှင့်ချီ၍ သတ်ဖြတ်ခံခဲ့ရသည်။ မြို့လုံးကျွတ် ဖျက်ဆီးခံရသည်။ အခြေခံအဆောက်အဦများ ဖျက်ဆီးခံရသည်၊ သယ်ယူပို့ဆောင်ရေးစနစ်များ ဖျက်ဆီးခံခဲ့ရသည်။ ပြီးခဲ့သည့် ရာစုနှစ်မှာ စီးပွားရေးရှုထောင့်အမြင်အရ ကြည့်လျှင်လည်း လှိုင်းကြီးလေထန်ခဲ့သည်။ အထူးသဖြင့် ဥရောပတွင် ယူနိုက်တက် ကင်းဒမ်း၊ နောက်ပိုင်းအပြိုင်ဖြစ်လာမည့် ဂျာမဏီတို့ ၁၉၁၄ ခုနှစ်တွင် စ၍ ထိပ်တိုက်ဖြစ်လာခဲ့သည်။ ထိုအချိန် မှစ၍ အမေရိကန်ပြည်ထောင်စုက ယူကေကို ကျော်တက်သွားခဲ့ပြီး၊ ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး မဟာအင်အားကြီး ဖြစ်လာခဲ့သည်။
ကမ္ဘာ့စီးပွားရေးအနေဖြင့်လည်း အခြေခံကျကျ အခြားသော အရွေ့များ ဖြစ်ပေါ်ခဲ့သည်။ ၁၉၁၇ ခုနှစ် ရုရှား အောက်တိုဘာ တော်လှန်ရေးကစတင်၍ အာဏာရှင်များ အုပ်ချုပ်မှုအောက်တွင် ဗဟိုမှချုပ်ကိုင်သည့် စီမံကိန်းစီးပွား ရေးစနစ်များ ပေါ်ထွန်း လာခဲ့သည်။ ဆိုဗီယက်ယူနီယံက ‘လွတ်လပ်သည့်ကမ္ဘာ’ ၏ ခက်ခဲသော နိုင်ငံရေးပြိုင်ဖက်အင်အားစုတခု အဖြစ် ဖွံ့ဖြိုးဖြစ် ပေါ်လာခဲ့သည်။ ၁၉၉၁ ခုနှစ် သူ၏အတွင်းပြဿနာများကြောင့် ပြိုလဲရသည့်တိုင် အင်အားကြီးထွားခဲ့သည်။ ယင်းအချိန်တွင် ‘လွတ်လပ်သောကမ္ဘာ’ မှာ အထူးသဖြင့် ဝင်ငွေမြင့်နိုင်ငံများတွင် ချမ်းသာကြွယ်ဝလာခဲ့သည်။ အရှေ့ကမ္ဘာတွင် ဂျပန်မှစ၍ ၁၈၆၇ ခုနှစ် မေဂျီပြုပြင်ပြောင်းလဲရေးကာလ နောက်ပိုင်းတွင် အံ့ဩဖွယ် စီးပွားရေးမြင့်တက်လာခဲ့သည်။ ကျား ၄ ကောင် (တောင်ကိုရီးယား၊ တိုင်ဝမ်၊ စင်္ကာပူ၊ ဟောင်ကောင်) တို့ ဒုတိယကမ္ဘာစစ်အပြီးတွင် လျှင်မြန်သည့် စီးပွားရေးဖြစ်ထွန်းတိုး တက်လာခဲ့သည်။ ရာစုနှစ်နောက်ပိုင်းတွင် တရုတ်၊ အိန္ဒိယတို့ အမီလိုက်လာခဲ့ပြီး ဖွံ့ဖြိုးလာသည်။ နှိုင်းယှဉ်ချက်အရ တစုံ တရာ တည်ငြိမ်သည့် စီးပွားရေးရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စီးပွားပျက်ကပ် ကြုံရပြန်သည်။ တည်ငြိမ်သည့် စီးပွားရေးနာလံထမှု လက္ခဏာများ မြင်တွေ့ရသည့်တိုင် ၇ နှစ် ကြာမြင့်ခဲ့သည်။
စစ်ပွဲကြီး နှင့် စီးပွားပျက်ကပ်ကြီး
ပထမကမ္ဘာစစ်ပွဲကြီး (၁၉၁၄-၁၉၁၈) ဖြစ်ပွားသည့်အခါ ရွှေနှင့်စက်၍ စံချိန်ထားသည့် စနစ်ကို ဆိုင်းငံ့ထားခဲ့သည်။ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ကြွယ်ဝချမ်းသာလာသည့် ဥရောပရွှေခေတ် ကာလရှည် (the belle époque) ရှိခဲ့ပြီးနောက် ရုတ်ချည်း ရပ်ဆိုင်းခဲ့သည်။ ဥရောပစီးပွားရေး စတင်၍ ကျဆင်းလာသည်။ ပထမကမ္ဘာစစ် (WWI) က ၁၉ ရာစု အနောက်တိုင်း လူ့ယဉ် ကျေးမှု ပြိုကွဲကျဆုံးခန်းကို အမှတ်အသား ဖြစ်စေခဲ့သည်။ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီက သူ၏စာအုပ် “အစောပိုင်း မိမိ၏ ဘဝများ”(My Early Life)- ၁၉၃၀ ခုနှစ်တွင် ဗြိတိန်ဆုံးရှုူံရပုံကို ဖော်ပြထားခဲ့သည်။
“မိမိက ဝိတိုရိယခေတ် ကလေးတဦးဖြစ်သည်။ ထိုအချိန်က မိမိတို့နိုင်ငံ၏ ဖွဲ့စည်းတည်ဆောက်ထားပုံ အခိုင်အမာ စတည်မိ ပြီဟု ယူဆနိုင်သည်။ ဗြိတိန်နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ပင်လယ်ပြင် ခရီးသွားလာရေးကိစ္စများတွင် ပြိုင်ဖက်မရှိ ဖြစ်နေခဲ့ သည်။ မိမိတို့ အင်ပိုင်ယာ၏ ကြီးမြတ်မှုကို လက်တွေ့အကောင် အထည် ပေါ်လာစေသည့်အခါ ယင်းအတွက် အကျိုးတော် ထမ်းရမည့် မိမိတို့၏တာဝန်မှာ ပို၍ ခိုင်မာလာခဲ့သည်။ ဂရိတ်ဗြိတိန်က တုမရှိအင်အားဖြင့် လွှမ်းမိုးနိုင်ခဲ့သည့် ယင်းနေ့ရက် များတွင် သူတို့ကိုယ်သူတို့ ခိုင်မာယုံကြည်မှု ရှိနေသည်၊ သူတို့၏ အယူဝါဒအပေါ် ယုံကြည်မှု ရှိနေခဲ့သည်။ သူတို့က အစိုးရ၏ စီမံဆောင်ရွက်မှု အနုပညာ၊ စီးပွားရေးစနစ်၏သိပ္ပံနှင့် ပတ်သက်၍ တကမ္ဘာလုံးကို သင်ကြားပေးနိုင်သည်ဟု ထင်မြင်ခဲ့ကြ သည်။” 1
၁၉၁၉ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် အဆုံးသတ် လက်မှတ်ရေးထိုးခဲ့ကြသည့် ဗာဆိုင်းစစ်ပြေငြိမ်းရေး စာချုပ် (The Treaty of Versailles) က ဥရောပ၏ နိုင်ငံရေးနှင့် စီးပွားရေးကံကြမ္မာကို မပြောင်းလှည့်နိုင်ခဲ့ပါ။ ယင်းအစား ဆန့်ကျင်ဖက် ဖြစ်စေခဲ့သည်။ စစ်ပြေငြိမ်းရေး ညှိနှိုင်းဆွေးနွေးပွဲများကို ဗြိတိသျှကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပါဝင်တက်ရောက်ခဲ့ရသူ ဂျွန် မေးနတ် ကိန်းစ် (John Maynard Keynes) က သူ၏ စာအုပ် “ငြိမ်းချမ်းရေး၏ စီးပွားရေးဆိုင်ရာ အကျိုးဆက်များ” (The Economic Consequences of Peace (၁၉၁၉) တွင် သတိပေးခဲ့သည်။ စစ်နိုင်ခဲ့ကြသည့် မဟာမိတ်များက စစ်ရှုံးခဲ့သည့် ဂျာမဏီအပေါ် စစ်လျော်ကြေးများ မတန်တဆ မြောက်များစွာ တောင်းယူခဲ့ခြင်း (၁၃၂ ဘီလီယံ goldmarks)၊ ကျောက်မီးသွေးနှင့် သံရိုင်း တွင်းများ ရှိသည့်နယ်မြေများ ဆုံးရှုံးရခြင်း၊ ပင်လယ်ရပ်ခြားပိုင်ဆိုင်မှုများ ဆုံးရှုံးရခြင်းတို့ကြောင့် စီးပွားရေးမတည်ငြိမ်မှု နှင့် စီးပွားရေးပြိုလဲမှုတိုင် ဖြစ်နိုင်သည်ဟု ဆိုခဲ့သည်။ ကိန်းစ်၏အဆို မှန်ကန်ခဲ့ပါသည်။ လွဲမှားစွာခန့်မှန်းခဲ့ကြသော ငွေကြေးဆိုင် ရာ မူဝါဒများ၊ အထူးသဖြင့် စစ်ပွဲပြီးနောက်ပိုင်းတွင် ရွှေစံနှုန်းသတ်မှတ်ချက် ပြန်၍ကျင့်သုံးခြင်းကြောင့် နှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒကို နိုင်ငံများကျင့်သုံးကြခြင်း ပေါင်းမိသည့်အခါ နိုင်ငံတကာ ကုန်သွယ်မှု သိသိသာသာ ကျဆင်းသွားရ သည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်စေခဲ့သည်။
ဟစ်ကြွေးအော်မြည် နှစ်ဆယ်ခုနှစ်များ (The Roaring Twenties)
ပထမကမ္ဘာစစ်အပြီး စီးပွားပျက်ကပ်ကြီးစတင်၍ မကြာမီတွင် ဖွံ့ဖြိုးသည့် ကာလတခု ပြန်ရောက်လာခဲ့သည်။ အထူးသဖြင့် အမေရိကတွင်ဖြစ်ပြီး ဟစ်ကြွေးအော်မြည် နှစ်ဆယ်ခုနှစ်များ (the Roaring Twenties) ဟု ဆိုခဲ့ကြသည်။ လူသုံးကုန်ပစ္စည်း များ ထုတ်လုပ်မှု သိသိသာသာ တိုးမြင့်လာသည့်အတွက် ဝယ်လိုအား မြင့်မားလာခြင်းကြောင့် ဖြစ်သည်။ ကားများ၊ ရေဒီယို များနှင့် လျှပ်စစ် အိမ်သုံးပစ္စည်းများက သန်းနှင့်ချီသည့် စားသုံးသူများလက်တွင်းသို့ ရောက်ရှိလာကြသည်။ ချာလီချက်ပလင် ၏ “ခေတ်သစ်ကမ္ဘာ” (Modern Times) ရုပ်ရှင်က စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာသည့် လူနေမှုစနစ်ကို လှောင်ပြောင် ထားခြင်း ဖြစ်သည်။ ထုတ်လုပ်မှု ထိရောက်ထက်မြက်မှုကို အသားပေးခဲ့ကြပြီး၊ ဟင်နရီဖို့ဒ်၏ လူတန်းရှည်ဖြင့် စီမံထုတ်လုပ်မှု (assembly lines) စနစ်ကို ဥပမာပေးကြသည်။ ချီးမြှောက်ပြောဆိုကြသည်။ ယင်းမှနေ၍ ဖို့ဒ်ကားသန်းနှင့်ချီ၍ ထုတ်လုပ်နိုင် ခဲ့သည်။ Art Deco ဟုခေါ်သည့် အမြင်ဆိုင်ရာ အနုပညာ၊ ဂျဇ်ဂီတ၊ ဆာရီယယ်ဝါဒ၊ အကသစ်များ၊ အမျိုးသမီး ဖက်ရှင်သစ် များ ပန်းမျိုးစုံသဖွယ် ဖူးပွင့်လာကြသည်။ လူတိုင်းပျော်ရွှင်တက်ကြွနေသည့် စိတ်ခံစားမှုကို ဖော်ကျူးထားကြသည်။ နယူး ယောက်မြို့တော်က တီထွင်ဆန်းသစ်မှု၏ ဗဟိုချက်မတခု ဖြစ်နေခဲ့သည်။ နယူးယောက်မြို့တော် လူမဲရပ်ကွက် ဟာလမ်၏ တခေတ်ဆန်း (the Harlem Renaissance) တွင် ဒျူ့ခ် အယ်လင်တန် (Duke Ellington) နှင့်အတူ သူ၏ဂီတသံစုံဝိုင်းကြီးက ယဉ်ကျေးမှု တခေတ်ဆန်းကျော်ကြားစေသည်။ လူတိုင်းခံစားမှုက အပြုသဘောဆောင်သည်။ တက်ကြွနေကြသည်။ အမေ ရိကန် လူထုများက ပို၍ပို၍ စတော့ရှယ်ယာဈေးကွက်ကို ဝင်၍ ကစားကြသည်။ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်စနစ် (FED) ကြောင့် ချေးငွေရယူဖို့ လွယ်ကူလွန်းနေသည်။ ချေးငွေမူဝါဒကို ချဲ့ထွင်ပြင်ဆင်ထားသည်။
ကမ္ဘာ့စီးပွားပျက်ကပ်ကြီး
၁၉၂၀ ခုနှစ်များတွင် စီးပွားဖွံ့ဖြိုးတိုးတက်မှုကို တီထွင်ဆန်းသစ်မှုများ၊ ဖန်တီးမှုများ၊ ကြွယ်ဝမှုများဖြင့် သရုပ်လက္ခဏာ ဖော် ပြ နိုင်သည်။ ယင်းတို့မှာ ၁၉၂၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ ဝေါစထရိလမ်းမကြီး စတော့ရှယ်ယာ ဈေးကွက်ပျက်မှု တွင် ရုပ်ချည်း ရပ်သွားသည်။ နယူးယောက့် စတော့အိပ်ချိန်း၏ အမဲရောင်ကြသပတေးနေ့ (Black Thursday) တွင် ရှယ်ယာ များက ပြုတ်ကျသည်။ သွေးလန့်မှု (shock) တခုလို ဖြစ်စေသည်။ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁၄ ဘီလီယံမျှ ဆုံးရှုံးသွားခဲ့ သည်။ လူအနည်းစုကသာ ပြိုလဲမည်ကို ခန့်မှန်းထားကြသည်။ ယင်းသို့ အစုရှယ်ယာပြိုလဲပြီး ရက်သတ္တ ၂ ပတ်အကြာတွင် အမေရိကန်ပြည်ထောင်စု၏ အထင်ရှားဆုံး စီးပွားရေးပညာရှင်တဦး ဖြစ်သူ အိုင်ဗင် ဖစ်ရှာ (Irving Fisher) က စတော့ရှယ် ယာဈေးနှုန်းများသည် ‘အမြဲတစေ အမြင့်ဆုံးဖြစ်နိုင်မည့် တောင်အထွဋ်’ကို ရောက်ခဲ့ပြီဟု ကြေညာခဲ့သည်။
ဒီစာအုပ် နိဒါန်းက စိတ်ဝင်စားဖွယ်၊ ဆက်ဘာသာပြန် ဖြစ်မယ် ထင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar