Breaking News

အာဏာရှင်က လက်မြှောက်ရတဲ့ ရက်စက်မိုက်မဲတဲ့ မြန်မာအာဏာရှင်


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၄ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၂ 


အာဏာရှင်က လက်မြှောက်ရတဲ့ ရက်စက်မိုက်မဲတဲ့ မြန်မာအာဏာရှင် 

ခုရက်ပိုင်းအတွင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်ကို ရောက်နေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့  မြန်မာ့နိုင်ငံရေး အကျပ်အတည်းက နောက်ထပ် ငါးနှစ်ကြာမြင့်နိုင်တယ်ဆိုတဲ့ မှတ်ချက်စကားက မြန်မာ့နိုင်ငံရေးပြဿနာ ခက်ခဲမှုကို အချိန်ကာလနဲ့ ခန့်မှန်းချက်နဲ့  ပထမဆုံးပြောဆိုချက် တခုဖြစ်ပါလိမ့်မယ်။ 

မြန်မာနိုင်ငံက နိုင်ငံရေး အဖွဲ့အစည်းတွေအတွက်တော့ အခုလိုမှတ်ချက်က နားဝင်ကောင်းမယ့် မှတ်ချက်တခု မဟုတ်ပါဘူး။ တနှစ်အတွင်း အနိုင်ရဖို့ ၊ ၂ နှစ်အတွင်းအနိုင်ရဖို့ လုံးပန်းနေကြတဲ့ NUG ရဲ့ PDF တပ်ဖွဲ့တွေရော အနေနဲ့ အခုလို ခန့်မှန်းပြောဆိုချက်က မြန်မာပြည်တွင်းက အင်အားအခြေအနေကို ဟွန်ဆန် သေသေချာချာ နားမည် မသိလို့ပြောတာလို့ ယူဆလိမ့်မှာ ဖြစ်ပါတယ်။ 

ဆယ်စုနှစ်နဲ့ ရှည်ကြာစွာ လက်နက်ကိုင်တိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့တော့ မနှစ်က မှဖွဲ့စည်းခဲ့တဲ့ NUG ရဲ့ PDF တွေလောက် မနက်ဖြန် သန်ဘက်ခါ နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မထားတာကြောင့် ခုလို မှန်းဆချက်ကို စိတ်ထဲ ခံစားချက် ရှိကြမယ်မထင်ပါ။ သူတို့အတွက် ပြည်မမှာ တက်လာတဲ့ ဖဆပလ အစိုးရ၊ ဆိုရှယ်လစ် အစိုးရ အရေခြုံထားတဲ့ စစ်အစိုးရ ၊ နောက်တဖန် စစ်အစိုးရ နဲ့ ၂၀၁၀မှာ စစ်ဗိုလ်ချုပ်တွေ ပါတီထောင်ပြီး ရွေးကောက်ပွဲလုပ်ကာ မဲအနိုင်ရတဲ့ အစိုးရတွေနဲ့ အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြရတာမို့လို့ ခုလို ၅ နှစ်ကြာမယ်ဆိုတဲ့မှန်းဆချက်ဟာ အံ့သြစရာ မကောင်းဘူးလို့ ခံစားကြရလိမ့်မယ် ထင်မိပါတယ်။ 

ဟွန်ဆန်ဟာလည်း ဒီမိုကရေစီ အစိုးရ တရပ်တော့မဟုတ်သလို စစ်အာဏာထက် တပါတီ စနစ်သဖွယ် အတိုက်အခံတွေကို နည်းအမျိုးမျိုး နဲ့ ပြည်ပ နှင်ထုတ်တန် နှင်ထုတ် ဖမ်းသင့်တန်ဖမ်းပြီး ရွေးကောက်ပွဲ အဆက်ဆက် နဲ့ အာဏာတည်မြဲအောင် လုပ်ဆောင်ခဲ့သူ တဦးဖြစ်သလို ခမာနီအုပ်ချုပ်တဲ့ ခေတ်ကာလ ၄/ ၅နှစ်အတွင်း ကြားရသူတွေ မယုံနိုင်လောက်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ ပိုပေါ့ အာဏာရှင်ကို ဗီယက်နမ် အကူအညီနဲ့ ဖြုတ်ချရာမှာ ခေါင်းဆောင် အဖြစ်ပါဝင်ခဲ့သူဖြစ်လို့  တိုင်းပြည်ကို အရိုးစုတောင်လိုပုံအောင်လုပ်ခဲ့တဲ့ အာဏာရှင် ကို ဖြုတ်ချပြီး ရွေးကောက်ခံ စနစ် နဲ့ အာဏာရှင် တပိုင်း အုပ်ချုပ်သူဖြစ်လို့ သူ့ရဲ့ အတွေ့အကြုံက နိုင်ငံရေး ညစ်ပတ်မှု ရက်စက်မှုတွေကို အတွင်းကျကျ သိရှိသူ တခါတရံမှာ ကိုယ်တိုင်ကျင့်သုံးဖူးလို့ နားလည်နေသူလည်း ဖြစ်ပါတယ်။ 

ဟွန်ဆန်ကိုယ်၌က မြန်မာစစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ချောက်ထဲ ကျနေလျှက်နဲ့ ဆက်ပြီးမိုက်မဲနေသူတွေ သဖွယ်ယူဆနေတဲ့ သဘောကို သူ့ရဲ့ ပြောစကားတွေမှာ တွေ့နေရတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးကိစ္စကို ကာယကံရှင် အဖွဲ့အစည်းတွေ ကိုယ်၌က စိတ်မပူကြရင်လည်း မတတ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ မှတ်ချက်ကို နှစ်လည်ပိုင်းလောက်က သူပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီပြောဆိုချက် မှတ်ချက်က ဟွန်ဆန်လို အာဏာရှင်တယောက်က မြန်မာနိုင်ငံက ရက်စက် မိုက်မဲတဲ့အာဏာရှင်တွေကို စိတ်ကုန်တဲ့ သဘောမျိုး လက်မြှောက်တဲ့ သဘောမျိုး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဟွန်ဆန် အနေနဲ့ ကမ္ဘာဒီးယားနိုင်ငံဝန်ကြီးချုပ်အနေနဲ့  အာဏာမြဲအောင် အတိုက်အခံခေါင်းဆောင်တွေကို ရွေးကောက်ပွဲမတိုင်ခင် မနေနိုင်အောင် လုပ်ပြီး တချို့ခေါင်းဆောင်တွေ ပြည်ပကို တိမ်းရှောင်သွားကြတာမျိုးတွေ ဖြစ်လာတဲ့အခါ ဟွန်ဆန်က အဲဒီအခြေအနေကို အသာစီးယူပြီး ရွေးကောက်ပွဲမှာ မနိုင်မဖြစ် နိုင်အောင် နည်းလမ်းအမျိုးမျိုး သုံးပြီး အာဏာဆက်ထိန်းဖို့ လုပ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ အတိုက်အခံလုပ်တဲ့ ပါတီ၊ နိုင်ငံရေးသမားတွေကို စောင့်ကြည့်တာမျိုး၊ ဖိနှိပ်ချုပ်ချယ်တာ ၊ အတိုက်အခံပါတီ ပုဂ္ဂိုလ်တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို တင်ဆက်ကြတဲ့ ရေဒီယိုသတင်းဌာနတွေ၊ သတင်းစာတွေရဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ သတင်းဌာနကို လိုင်စင်သိမ်းတာတွေ လုပ်လေ့ရှိပါတယ်။ ကမ္ဘောဒီယားနိုင်ငံက သတင်းသမားတွေက အဲလိုအခြေအနေတွေကို အကြိမ်ကြိမ်ကြုံခဲ့ကြဖူးလို့ ရိုးနေပြီလို့တောင် ပြောရမလို ဖြစ်ပါတယ်။ 

လက်တွေ့ မြန်မာနိုင်ငံရဲ့ အခြေနေကို ပြောရရင်တော့ မြန်မာ့နိုင်ငံရေး အကြပ်အတည်းဟာ လက်နက်ကိုင် တိုက်ပွဲတွေ အနေနဲ့ ဖြစ်ပွားနေကြတာ ဖြစ်လို့ တိုက်ခိုက်မှု ရပ်စဲရေး ၊ နိုင်ငံရေးအရ အဖြေရှာရေးဆိုတာ စစ်ကောင်စီက မလိုလားသလို NUG နဲ့ PDF လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ ဆောင်ပုဒ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ အပစ်ရပ်ဆွေးနွေးမှုတွေကို မလိုလားကြတဲ့ အနေအထားဖြစ်ပါတယ်။ 

လက်နက်ကိုင် တိုက်ပွဲတွေရဲ့ သဘာဝအရ နှစ်ကာလတခု ကြာမြင့်နိုင်တဲ့ အနေအထားဖြစ်လို့ စစ်ကောင်စီ စစ်အာဏာရှင် စနစ်ကို ဖြုတ်ချမယ့် NUG/ PDF တို့အနေနဲ့ ရေရှည် မဟာဗျူဟာ ရှိထားရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ အောင်ပွဲက မနက်ဖြန် သဘက်ခါဆိုတဲ့ ခန့်မှန်းချက်ထက်ကို ရေရှည်မှာ သက်လုံကောင်းမယ့် ဗျူဟာ ပြင်ဆင်မှုနဲ့ စည်းရုံးမှုတွေပေါ် အခြေခံထားဖို့ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar