စစ်ကိုင်းပြတ်ရွေ့ရဲ့ အကျိုးဆက် ငလျင်နဲ့ Burma Act လို့ ခေါ်တဲ့ NDAA ရဲ့ အကျိုးသက်ရောက်မှု
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၅ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၂၂
စစ်ကိုင်းပြတ်ရွေ့ရဲ့ အကျိုးဆက် ငလျင်နဲ့ Burma Act လို့ ခေါ်တဲ့ NDAA ရဲ့ အကျိုးသက်ရောက်မှု
မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ပဲခူးတိုင်းလောက်ထိ လူနေများတဲ့မြို့တချို့ကို ဖြတ်သန်းသွားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောဟာ မကြာမကြာ အင်းအားအတန်အသင့် အနည်းငယ်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်နေတဲ့ သဘာဝရှိပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်စောစောပိုင်းမှာတော့ တံတားဦးမြို့အနီးကို ဗဟိုပြုတဲ့ ငလျင်လှုပ်ခဲ့ရာမှာ အနီးဆုံး မြို့တွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးတွေရှိတဲ့ အင်းဝမြို့က ဘုရားစေတီ အဆောက်အဦတချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်နိုဝင်ဘာလတုန်းက ရွှေဘိုခရိုင်မှာ ဗဟိုပြု လှုပ်ခဲ့တဲ့ ငလျင်လှုပ်ခတ်မှုမှာ ပျက်စီးမှုနဲ့ သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငလျင်တုန်းက ဆောက်လက်စ ဧရာဝတီမြစ်ကူးတံတား ရဲ့ အစိတ်အပိုင်း တချို့ မြစ်ထဲကျိုးကျခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်က လူသေဆုံးမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
အခုတကြိမ်က ၂၀၁၂ ငလျင်လောက် ထိခိုက်ပျက်စီးမှု မများပြားသော်လည်း မန္တလေးမြို့နဲ့ သိပ်မဝေးကွာလှတဲ့ နေရာကို ဗဟိုပြုလှုပ်ခတ်တာဖြစ်လို့ အကယ်၍သာ ခုထက်ပြင်းအားများခဲ့မယ်ဆိုရင် လူနေထူထပ်တဲ့ မန္တလေးမြို့မှာ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေထဲ ငလျင် လှုပ်ခတ်မှုဟာ ဘယ်တော့ ဖြစ်ပွားမယ် ဘယ်လောက်ပြင်းထန်မယ် ဆိုတာကို ခန့်မှန်းပြောဆိုလို့မရတဲ့ ဘေးအန္တရာယ် ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုနဲ့သာ ကာကွယ်နိုင်ပြီး အသက်ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။
သို့ပေမဲ့ အခုလို နိုင်ငံက နိုင်ငံရေး အကျပ်အတည်းထဲ ကျရောက်နေတဲ့ အနေအထား လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ဖို့က ဖြစ်နိုင်ခြေနည်းပါးလွန်းတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
စစ်ကိုင်းပြတ်ရွေ့ နဲ့ နီးစပ်တဲ့ မြို့ ၁၀ မြို့ဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ သပိတ်ကျင်း နဲ့ ရန်ကုန် အစရှိတဲ့ မြို့တွေအဖို့ ငလျင် ဘေးအန္တရာယ် သတိပြုရမယ့် မြို့တွေ ဖြစ်နေတဲ့သဘောဖြစ်ပါတယ်။
ဒီနေ့ အဖို့ တခြားသတင်းတပုဒ်က တော့ အမေရိကန် လွှတ်တော်တရပ်က အတည်ပြုထားပြီး နောက် လွှတ်တော်တရပ်နဲ့ သမ္မတလက်မှတ်ထိုးပြီးခဲ့ရင် ဥပဒေ ဖြစ်လာမယ့် National Defense Authorization Act ဖြစ်ပါတယ်။ အတည်ပြုဖို့ သေချာသလောက်ရှိတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကို ခွင့်ပြုမယ့် ဘတ်ဂျက်ထဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းမှာ အဓိကလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ NUG, PDF, EAOs အဖွဲ့အစည်းတွေ နဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ဒုက္ခရောက်ရသူတွေကို အကူအညီတွေပေးဖို့ ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ ၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ အရေးနဲ့ပတ်သက်လို့ အသုံးစရိတ် ဒေါ်လာ သန်း ၄၇၀ သတ်မှတ်ထားပြီး ပထမဆုံးနှစ်မှာ ၄၀ ရာနှုန်းသော ပမာဏကို အသုံးပြုမယ်လို့ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
NUG၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ လူသတ်လက်နက် မဟုတ်တဲ့ အကူအညီမျိုးတွေကို လက်ခံရယူနိုင်မှာဖြစ်ပြီး ဒုက္ခသည်တွေကိုလည်း အကူအညီပေးဖို့ ထည့်သွင်းထားတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲဧရိယာနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေက စစ်ဘေးဒဏ်ခံရသူတွေ အတွက်အကူအညီတွေ တနည်းတဖုံလက်ခံရရှိမယ်လို့ ယူဆရပါတယ်။ ဒီလို အကူအညီတွေရရှိမယ့် အချက်က စိတ်ဓါတ်အားဖြင့် တက်ကြွဖွယ်ရာ အကူအညီ ဖြစ်ပါတယ်။
သို့ပေမဲ့လည်း နိုင်ငံရေး စစ်ရေး အောင်ပွဲအတွက်မှာတော့ အကူအညီတွေက အဆုံးအဖြတ်မဟုတ်ဘဲ မဟာဗျူဟာ၊ နည်းဗျူဟာတွေ မှန်ဖို့ အင်အားတွေကို စုစည်းနိုင်ဖို့ က အဆုံးအဖြတ်ဖြစ်တာကိုလည်း သတိမမေ့ဖို့ လိုအပ်မှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar