Breaking News

ရန်ကုန်မြို့ ဒလကူးတို့ သင်္ဘောပေါ် ဗုံးကွဲ


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၈ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၂၂ 

ရန်ကုန်မြို့ ဒလကူးတို့ သင်္ဘောပေါ် ဗုံးကွဲ 

ရန်ကုန်မြို့ ရဲ့ တဖက်ကမ်း ဆင်ခြေဖုံးမြို့နယ်ဖြစ်တဲ့ ဒလနဲ့ ရန်ကုန်မြို့ လယ် ပန်းဆိုးတန်းတို့ကို ပြေးဆွဲနေတဲ့ ရေကြောင်းပို့ဆောင်ရေး ဌာနပိုင် ချယ်ရီသင်္ဘောပေါ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး လူ ၅ ဦးအနည်းဆုံးသေဆုံးကာ ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ကျေးရွာက လူတွေ နေအိမ်စွန့်ခွာထွက်ပြေးနေကြရချိန်၊ ကရင်ပြည်နယ်မှာ လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ပွားနေချိန် ကချင်ပြည်နယ် ရှမ်းမြောက်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ရန်ကုန်မြို့က ရန်ကုန်ဘက်ကမ်း နေ့ဘက် အလုပ်လာလုပ်ပြီး ဒလဘက်ကို ပြန်ကြတဲ့ ကူးတို့သင်္ဘောပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ မေလက ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ဘားလမ်းကားမှတ်တိုင်မှာ ဗုံးကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံး မှုနဲ့ ပြင်းထန်စွာဒဏ်ရာရမှုတွေ ရှိခဲ့ပြီး၊ တဖန် အောက်တိုဘာလထဲမှာ အင်းစိန်ထောင် ထောင်ဝင်စာ ပစ္စည်းပေးတဲ့ ဂိတ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နိုင်ငံရေး အကျဥ်းသားတွေရဲ့ မိသားစုဝင်နဲ့ အကျဥ်းထောင် ဝန်ထမ်း တို့သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အခု ဒလ-ရန်ကုန် ကူးတို့သင်္ဘောပေါ် ပေါက်ကွဲမှု နဲ့ပတ်သက်လို့ ဘယ်အဖွဲ့က ၄င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုတာမျိုးမရှိသေးသော်လည်း စစ်ကောင်စီဘက်ကတော့ အခုလို ဗုံးဖောက်ခွဲမှုကို မြို့ပေါ်က PDF ပြောက်ကျားတွေ လုပ်တာလို့ စွပ်စွဲမယ့် သဘောမျိုးအနေအထားဖြစ်ပါတယ်။ 

ကျေးလက်တွေက လက်နက်ကိုင် ခုခံမှုတွေကို စစ်ကောင်စီက မြေလှန်စနစ်သုံးပြီး တိုက်ခိုက်နေချိန်မှာ မြို့တွေပေါ်မှာလည်း စစ်ကောင်စီတပ်တွေကို အုပ်ချုပ်လို့မရစေရအောင် ကင်းစခန်းတွေကို တိုက်ခိုက်တာ ၊ ရုံးနဲ့ အစိုးရအဆောက်အဦတွေကို ဗုံးခွဲတာတွေကို PDF ပြောက်ကျား အဖွဲ့အချို့က လုပ်ဆောင်လေ့ရှိတာဖြစ်ပါတယ်။ 

အင်းစိန်ထောင်ရှေ့ ထောင်ဝင်စာ ပစ္စည်းပေးတဲ့နေရာ ပေါက်ကွဲမှုမှာ ၄င်းတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုတဲ့ STA  ဆိုတဲ့ မြို့ပြပြောက်ကျားအဖွဲ့ကို စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားသူအများအပြားက ဝေဖန်ခဲ့ကြပါတယ်။ 

အခု ကူးတို့သင်္ဘောမှာ ဗုံးထောင်ခြင်းကြောင့် ထိခိုက်သေဆုံးရမယ့်သူတွေက အရပ်သားတွေ အများစုဖြစ်ပြီး နေ့လုပ်နေ့စား ရန်ကုန်ဘက်မှာ အလုပ်လာရောက်လုပ်ကိုင်သူတွေ ဒလဘက် ပြန်ကြတဲ့အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ 

အရပ်သားတွေ နဲ့ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေ သွားလာရတဲ့ ကူးတို့သင်္ဘောလိုမျိုးမှာ ဗုံးဖောက်ခွဲခြင်းက အခြေအနေကို ရှုပ်ထွေးအောင် တန်ပြန်သိက္ခာချဖို့ စစ်ကောင်စီရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်လားဆိုတာလည်း စောကြောဖို့ လိုအပ်ပါတယ်။ ဗုံးဖေါက်ခွဲမှု အများစုကို မြို့ပြပြောက်ကျားတွေက လုပ်ဆောင်လေ့ရှိတာကို အသုံးချပြီး အရပ်သားတွေ နဲ့ အခြေခံလူတန်းစားတွေ အသုံးပြုနေတဲ့ ကူးတို့သင်္ဘောလိုမျိုးမှာ ခွဲခဲ့တာလားဆိုတာလည်း စဥ်းစားစရာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း ဗုံးဖေါက်ခွဲတာ ၊ လုပ်ကြံသတ်ဖြတ်တာတွေကို နည်းလမ်းတခုအနေနဲ့ လုပ်ဆောင်ခဲ့ကြတဲ့ အဖြစ်အပျက် သာဓကတွေ ရှိနေခြင်းက အခု ကူးတို့သင်္ဘောဗုံးခွဲမှုကို မြို့ပြပြောက်ကျားတွေရဲ့ လက်ချက်လို့ စွပ်စွဲဖို့အတွက်အခွင့်အရေး ရစေနိုင်တာ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး တနှစ်ကျော်ကာလမှာ နိုင်ငံရေးရည်ရွယ်ချက် ပန်းတိုင်ကို အမြန်ဆုံးအောင်မြင်ဖို့ ထိရောက်ဖို့အတွက် အခုချိန်ထိကျင့်သုံးလာခဲ့တဲ့ နည်းလမ်းတွေ၊ ဗျူဟာတွေကိုလည်း ပြန်လည်သုံးသပ်ပြီး အစုသေးသေးလေးတွေ ကွဲပြားနေတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေ ကျေးရွာတွေ နယ်မြို့တွေက လက်နက်ကိုင် တပ်ဖွဲ့တွေကိုလည်း စုစည်းနိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးရှာဖွေဖို့ အချိန်သင့်ပြီလို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar