ကိုသန်းလွင် - ဂျာမနီမှ အစွန်းရောက်သူများ
ကိုသန်းလွင် - ဂျာမနီမှ အစွန်းရောက်သူများ
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၂
( ၁ )
ရိုက်(စ)ဘာဂါ (Reichburger- Citizen of the Reich) ဆိုသော ဂျာမနီမှ အစည်းအရုံးအဖွဲ့တခုကို ဘာမှမပြောပလောက်သည့်အဖွဲ့၊ ဘာအန္တရာယ်မှမရှိသည့်အဖွဲ့၊ လက်ယာအစွန်းရောက်သည့်အဖွဲ့တစ်ခုအဖြစ် သဘောထားခဲ့ကြပါသည်။ သို့သော် နိုင်ငံတော်အာဏာကို သိမ်းယူပြီး လက်ရှိ အဓိပတိကြီးကို သတ်ကာ ဂျာမနီနိုင်ငံတော်အသစ် ထူထောင်ရန် အကြံအစည်ကို သိရသောအခါယခင်လို လျစ်လျူရှုမထားနိုင်တော့ပါ။ ကြာသပတေးနေ့က ထိုအသင်းကို အရေးကြီးသော အကြမ်းဖက်အုပ်စုအဖြစ် ဂျာမနီအစိုးရက ကြေညာခဲ့ရ ပါသည်။
ပထမဦးဆုံး ဖမ်းဆီးလိုက်သည့် လူ ၂၅ ဦးတွင် တရားသူကြီးတဦး၊ ဒေါက်တာတယောက်၊ ထမင်းချက်၊ ပိုင်းလော့တဦး၊ ရဲအဖွဲ့ဝင် သုံးဦး ပါဝင်ပါသည်။ အနည်းဆုံး ၁၅ ဦးမှာ စစ်တပ်နှင့် ဆက်နွှယ်နေပြီး လက်ရှိ တာဝန်ထမ်းဆောင်နေဆဲနှင့် နုတ်ထွက်ပြီး လူများပါဝင်ပြီး စစ်သားနှစ်ဦးမှာ လက်နက်များ ထားရှိရာ အရပ်နှင့် ဆက်နွှယ်နေပါသည်။ ဤကဲ့သို့ ဖမ်းဆီးမှုကြောင့် ဂျာမနီတနိုင်ငံလုံးတုန်လှုပ်နေကြပြီး ဤဖမ်းဆီးမှုမှာ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် အကြီးဆုံးဖြစ်ပါသည်။
( ၂ )
ဤအဖွဲ့၏ အသင်းဝင်များမှာ လက်ရှိ ဂျာမနီနိုင်ငံတော်ကို အသိအမှတ်မပြုဘဲ အဖွဲ့ဝင်ဦးရေ ၂၀၀၀ ရှိခဲ့ရာမှ ၂၁,၀၀၀ အထိ တိုးပွားလာခဲ့ပါသည်။ ပထမ ပင်ဒဲမစ် ဆိုင်ရာ လော့ဒေါင်းချချိန်မှစ၍ ၎င်းတို့၏အစွန်းရောက်မှုသည် ပိုမိုဆိုးရွားခဲ့ပြီး ပင်ဒဲမစ်နှင့်အတူ ကိုယ်ပိုင်နိုင်ငံ ထူထောင်မည်ဟု ခန့်မှန်းခဲ့ကြပါသည်။ ၎င်းအဖွဲ့ဝင်များသည် ယခင်နှစ် နိုဝင်ဘာလမှစ၍ မှန်မှန် တွေ့ဆုံခဲ့ကြပါသည်။
၎င်းတို့သည် စစ်တပ်မှ အဖွဲ့ဝင်များကို လက်နက်တပ်ဆင်ခြင်း၊ လက်နက်နှင့် လေ့ကျင့်ခြင်းများ ပြုလုပ်ကြသည့်အပြင် အဖွဲ့ဝင်များ၏ လက်နက်များကိုင်ဆောင်ခွင့်ပါမစ်များကိုလည်း ပြုလုပ်ထားသည်ကို တွေ့ ရှိရသည်။ အဖွဲ့ဝင်များစွာတို့တွင် သေနတ်ကိုင်ဆောင်ခွင့် ပါမစ်များ ပြုလုပ်ပြီးကြပြီး ဖြစ်သည်။
ဗုဒ္ဓဟူးနေ့က နေအိမ် ၁၅၀ ကျော်ကို ရဲ ၃၀၀၀ ကျော်နှင့် စီးနင်းရှာဖွေခဲ့ရာတွင် နေရာ ၅၀ တို့၌ စစ်သုံးဆိုင်ရာပစ္စည်းများ တွေ့ရှိကြရပြီး သေနတ်၊ ကျည်ဆန်၊ တီစာ (Tasers) ညကြည့်မျက်မှန်များ၊ စစ်တိုက်ရာတွင် အသုံးပြုသည့် ဦးထုပ်၊ စစ်သုံးဓားများကို တွေ့ရှိကြရသည်။ ၎င်းပြင် သူတို့လက်ထဲတွင် ယူရို ငွေ ၁ သိန်း၊ ရွှေငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တွေ့ရှိရသည်။
သူတို့အသင်း၏ ရန်သူတော်များ စာရင်းကိုမြင်ရသည့်အခါလူ ၁၈ ဦးတွင်နိုင်ငံရေးသမားနှင့် ဂျာနယ်လစ်များကို တွေ့ကြရသည်။ အဓိပတိကြီး အိုလက်ရှော (Olaf Sholz) နှင့်နိုင်ငံခြားရေးဝန်ကြီး ဘေရာဘော့ (Annalena Baerbock) တို့ ပါဝင်နေကြသည်။ ဖမ်းဆီးရမိသော စာရွက်စာတမ်းများကို သေချာစစ်ဆေးပြီး ချိန်တွင် လူများစွာကို ထပ်မံဖမ်းဆီးဖွယ်ရှိပါသည်။ ယခုအချိန်တွင် လူ ၅၄ ဦးကို စစ်မေးလျက်ရှိသည်။
ရိုက်(စ)ဘာဂါ အဖွဲ့သည် လွန်ခဲ့သောနှစ်နှစ်ခန့်က ဂျာမန်နေပြည်တော်ကို ကိုဗစ်ရောဂါ ဆန္ဒပြပွဲများ ဖြစ်ပွားချိန်တွင် ဝင်ရောက်စီးနင်းရန် အကြံအစည်မှာပျက်ပြားခဲ့သည်။ သူတို့အဖွဲ့သည် ကျန်းမာရေးဝန်ကြီးကို ပြန်ပေးဆွဲပြီး နိုင်ငံတော်အာဏာသိမ်းရန်အထိ အကြံအစည်ကို ယခုနှစ်တွင်လည်း ကြိုးစားခဲ့ကြပါသည်။ ယခင်က ရိုက်(စ)ဘာဂါ၏ အခမ်းကဏ္ဍကို အသေးအဖွဲဟုယူဆခဲ့ကြရာ မိမိတို့ တွေးထင်ထားသည်ထက်ပိုမို ကြီးကျယ်နေသည်။ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများက အဖွဲ့အစည်းကို ဤမျှအထိ ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါကမှ ခန့်မှန်းမထားခဲ့ပေ။ ဤအဖွဲ့က ယုံကြည်သည်မှာ စစ်ပြီးကာလကတည်းက အစိုးရလုပ်ဆောင်ချက်များမှာ တရားမဝင်ဘဲ မဟာမိတ် (Allied) များက ဖွဲ့စည်းထားသော ကော်ပိုရေးရှင်း တခုသာ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီနိုင်ငံနှင့်သင့်တော်သောအဖွဲ့အစည်းတခုကို အစားထိုး အသုံးပြုခြင်းသာ ဖြစ်သည်။
ဤလှုပ်ရှားမှုကို ဦးဆောင်သူမှာ ဝုဖဂန်အီဘဲလ် (Wolfgang Ebel) ဆိုသူဖြစ်ပြီး သူသည် အနောက် ဘာလင်မီးရထားကုမ္ပဏီမှ ဝန်ထမ်းတဦးဖြစ်ကာ ၁၉၈၀ ပြည့်နှစ်က ဆန္ဒပြမှုတခုတွင် ပါဝင်ခဲ့သဖြင့် အလုပ်မှ ထုတ်ပယ်ခံထားရသူဖြစ်သည်။ သူသည် တရားရုံးများတွင် မြို့ပြလုပ်သား (Civil Servant) ဖြစ်နိုင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့စဉ်မှစ၍ သူ့ကိုယ်သူ အဓိပတိကြီးဟူ၍ ခေါ်ဝေါ်ခဲ့ပြီး အစိုးရ၏ ခေါင်းဆောင်သဖွယ် ပြုမူခဲ့သည်။ သူသည် လူများ၏ ID နှင့် ပတ်စ်ပို့များကို ရောင်းပြီး သူ၏ နောက်လိုက်များကြားတွင် ရေပန်းစား နေခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် အဖွဲ့ဝင်များကို အခွန်ပေးဆောင်ရန် ငြင်းပယ်ခြင်း၊ ပတ်စ်ပို့စာအုပ်များကို အပ်နှံရန် ငြင်းပယ်ခြင်းတို့ကို ပြုလုပ်ကာ သူတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မှတ်တမ်းများတွင် ယခင်ခေတ်က နေပြည်တော် ဘာဗေးရီးယား (Bavaria) နှင့် ပရပ်ရှား (Prussia) နာမည်များကို ထည့်သွင်းရေးသားခဲ့ သည်။
ထို့ပြင် ပင်ဒဲမစ် ဖြစ်လာချိန်တွင် သူတို့သည် အကြမ်းဖက်ပြီး၊ အသားရောင်ခွဲခြားသည့်စနစ်ကို အားပေးသော ကျူအနွမ် (QAnon) အဖွဲ့သားများအဖြစ် ကြေညာခဲ့ကြသည်။ ၎င်းတို့ သဘောထားမှာ ယခုအစိုးရတွင် (deep State) ခေါ် တရားမဝင် အစိုးရတစ်ခုရှိနေပြီး တရားမဝင်သော လုပ်ရပ်များကို လုပ်သူအဖြစ် ယူဆခါ လက်ျာဘက် အစွန်းရောက်ဝါဒီများ၏ လမ်းစဉ်အတိုင်း လိုက်လိုခြင်းဖြစ်သည်။
ကျူအနွမ် အဖွဲ့သားများသည် ကိုဗစ်ရောဂါကာကွယ်ဆေးများကို သံသယမျက်လုံးများ ဖြင့်ကြည့်နေကြပြီး ပင်ဒဲမစ်ကြောင့် ဖြစ်လာနိုင်သည့် အကြောင်းပြောကြားသည့် ဆရာဝန်များ၏ ပြောစကားကို အစိုး ရိမ်လွန်၍ ပြောသည်ဟု ယူဆကြသည်။ သူတို့သည် အစိုးရကို မကျေနပ်သူများကို အဖွဲ့ဝင် အဖြစ်ပါဝင်ရန် စည်းရုံးကြသည်။ အစိုးရ၏မှုဝါဒများစွာကို မလိုလားအပ်ဟု ယူဆကြသည်။ ရိုက်(စ)ဘာဂါ အဖွဲ့ဝင် အယူ အဆများကို လမ်းပြကြယ် (gateway ideology) ဟု ယူဆသူများရှိခဲ့ပြီး အစိုးရ၏ လုပ်ရပ်မှန်သမျှနှင့် ဆန့်ကျင်၍ တွေးခေါ်ကြသည်။
ရိုက်(စ)ဘာဂါ အဖွဲ့သည် အခြားအဖွဲ့အစည်းများကဲ့သို့ နိုင်ငံခြားမှရောက်လာသော သူများကို မူအားဖြင့် ဆန့်ကျင်ခါ ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ်များတွင် ၎င်းတို့ကို အကြမ်းဖက်ရေးကို ဦးတည်သော အပြောများ ပြောလာကြသည်။ ထို့ကြောင့် တိုင်းပြည်ကို လော့ဒေါင်းချထားစဉ်တွင် လော့ဒေါင်းချမှုကို မကျေနပ်သူများနှင့် ရောပေါင်း၍ လူအများ စိတ်ဓာတ်ကျအောင် ပြုလုပ်ကြသည်။ ပင်ဒဲမစ်ကြောင့် ၎င်းတို့သည် လက်ျာ အစွန်းရောက်သူများနှင့် ပူပေါင်းပြီး ဖြစ်နိုင် မဖြစ်နိုင်သောသီအိုရီများထုတ်လွှင့်ခါ အခြေအနေကို ဆိုးအောင် ဖန်တီးတော့သည်။ ၎င်းတို့သည် တရားမဝင်သော အစိုးရကို ဖြုတ်ချခါ အမေရိကန်တို့နှင့် စေ့စစ်ညှိနှိုင်းရေးအထိ အစီအစဉ်များရေးဆွဲပြီး ဖြစ်သည်။
ကျူအနွမ်မှာ အမေရိကန်ပြည်တွင်လည်း အမြစ်တွယ် ဝင်ရောက်နေပြီဖြစ်သည်။ လူမသိ သူမသိ ဝါဒ မဟုတ်တော့ဘဲကျော်ကြားနေပါပြီ။ အင်တာနက် ကို အသုံးပြု၍ စည်းရုံးထားပြီး နိုင်ငံရေးအင်အားအဖြစ် အသုံးပြုကြမည်ဖြစ်သည်။ သူတို့၏အယူအဆများမှာ ပင်ဒဲမစ်ကြောင့် အမေရိကန်ပြည်၏နယ်နိမိတ်များကို ကျော်ကာ နိုင်ငံရပ်ခြားသို့ ပျံ့နှံ့သွားပြီဖြစ်သည်။
ကျူအနွမ်တို့၏ အယူအဆဂျာမနီနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည်မှာ Defence Europe 20 ခေါ်နေတိုး (NATO) ၏ လေ့ကျင့်မှုများကို အကြီးအကျယ်လုပ်ဆောင်ရန် ပြင်ဆင်ထားရာ မှ ပမာဏကိုလျော့ချလိုက် ချိန်တွင် အဖွဲ့သားများက အစိုးရသည် အတုအယောင် (Fake Pendemic) ဖြင့် လေ့ကျင့်မှုကို လျော့ချသည် ဟု စွတ်စွဲသည်။ ထိုအခါ သမ္မတ ထရမ့် ၏လျို့ဝှက် သောဂျာမနီလွတ်မြောက်ရေး နိုင်ငံသစ်ပေါ်ထွက်ရေးကို ပျက်ပြားစေခဲ့သည်ဟု စွတ်စွဲကြသည်။
ရိုက်(စ)ဘာဂါ အဖွဲ့သားများသည် သူတို့၏အကြံအဖန်သီအိုရီများကိုလူများမြင်နိုင်စေရန် ကျုအနွမ် တို့၏အွန်လိုင်းပလက်ဖေါင်းပေါ်တွင်ကြေညာကြခြင်းဖြစ်ပါသည်။ ထိုကာလတွင်မှ ဖေ့စဘွတ် ဂရု တစ်ခုနှင့် တယ်လီဂရမ် ချယ်နယ်တို့ပူးပေါင်းခါ ၎င်းတို့၏သတင်းများကို နယ်ကျယ်ပြန့်လာအောင်ပြုလုပ်ကြသည်။
ဗုဒ္ဓဟူးနေ့က အဖမ်းခဲ့ရသောသူများတွင် အစွန်းရောက်ပါတီ ဂျာမန်တို့အတွက် တခြား ရွေးစရာ ပါတီ (AfD) မှအဖွဲ့ဝင် တရားသူကြီးတဦး ပါဝင်ခဲ့သည်။ သူသည်တယ်လီဂရမ်ချယ်နယ်တွင် အမြဲရေး သား လေ့ရှိပြီး သူ့သတင်းမှာ”တဦးသွားရင် အားလုံးလိုက်ကြ” ဟူ၍ဖြစ်သည်။ သူတို့၏အကြံအစည်သာ အောင်မြင်သွားပါက သူသည် တရားစီရင်ရေး ဝန်ကြီးဖြစ်လာပါလိမ့်မည်။ ဤအရှုပ်အထွေးကာလအတွင်း အဖွဲ့သားများ၏ ကျူးလွန်သောအမှုများမှာ ၁၅၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းသည်။
( ၃ )
ကာလအကြာကြီးကြာအောင် အစိုးရက ရိုက်(စ)ဘာဂါအဖွဲ့ကို သူတို့၏လုပ်ရပ်များအပေါ် လျစ်လျူရှုနေခဲ့ပါသည်။
၂၀၁၆ ခုနှစ်တွင် လက်နက်ကိုင်ဆောင်ထားသော အဖွဲ့သားတယောက်ကို ဖမ်းဆီးရာ သူ ပစ်လိုက်သော ကျည်ဆန်ကြောင့် ရဲအဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိကာ တဦး သေဆုံးခဲ့ပါသည်။ ထိုအချိန်မှစ၍ အဖွဲ့ ကို အစိုးရက အစဉ်အမြဲစောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပါသည်။
ကိုသန်းလွင်
Ref: A German Plot Fed on Far Right Theories by KatRin Bennhold N.Y Times December 10. 2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar