Breaking News

ပုလဲမြို့နယ်ထဲက ပကဖ နဲ့ PDF တွေရဲ့ ပွတ်တိုက်မှု အာဏာနဲ့ အုပ်ချုပ်မှုပြဿနာ


မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၉ မြင်ကွင်း

မိုးမခ - ဒီဇင်ဘာ ၂၀၊ ၂၀၂၂


ပုလဲမြို့နယ်ထဲက ပကဖ နဲ့ PDF တွေရဲ့  ပွတ်တိုက်မှု အာဏာနဲ့ အုပ်ချုပ်မှုပြဿနာ

ပုလဲမြို့နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ နဲ့ ဒေသက ထွက်ပေါ်လာတဲ့ ဗိုလ်နဂါး တို့အကြား ပွတ်တိုက်မှုက လူသိရှင်ကြားဖြစ်လာခဲ့ပါတယ်။ ခုရက်ပိုင်း အတွင်း မီဒီယာပေ့ချ်တွေ ပေါ်ကနေ အွန်လိုင်း အပြန်အလှန် ဆွေးနွေးကြတဲ့ အနေအထားမှာ ပကဖဆိုတဲ့ NUG လက်အောက်က PDF နဲ့ လိုကယ် PDF ဆိုတဲ့ ဒေသက မိမိတို့ဘာသာဖွဲ့ကြတဲ့ အဖွဲ့တွေအကြား သဘောထားကွဲလွဲမှု လုပ်နည်းလုပ်ဟန် ကွဲလွဲမှု၊ ဒေသအုပ်စိုးမှုနဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အာဏာ ပြဿနာဆိုင်ရာတွေ နဲ့ပတ်သက်လို့ ပွတ်တိုက်မှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။ 

ခု လို လူသိရှင်ကြားဆွေးနွေးမှုတွေ မတိုင်ခင်ကတည်းက ဒီလို ပွတ်တိုက်မှုတွေ ဖြစ်နှင့်နေပြီးဖြစ်တာကို ပြောဆိုချက်တွေအရ သိရှိရပါတယ်။ ဒီလို စစ်ကောင်စီကို တိုက်ခိုက်မယ့် လက်နက်ကိုင် အဖွဲ့တွေ အကြား တနိုင်ငံလုံးအနေနဲ့ တာဝန်ရှိတယ် တရားဝင်တယ်ဆိုတဲ့ NUG အနေနဲ့ အဲဒီအဆင့်တွေမှာ လူသိရှင်ကြား မီဒီယာ ပေ့ချ်တွေ အပေါ်ကနေ လူထုကိုတိုင်တည်ပြီး ဖြေရှင်းတဲ့အခြေအနေမျိုးမရောက်အောင် ကိုင်တွယ် ဖြေရှင်းဖို့ သင့်တယ်လို့မြင်ပါတယ်။ မကြာသေးခင် ရက်၊ သီတင်းပတ်တွေကတည်းက အခုကိစ္စနဲ့ပတ်သက်လို့ တဖက်နဲ့တဖက် ပြောဆိုချက်တွေရှိနှင့်နေပြီးမကြာခင်  အခုလို မီဒီယာပေ့ချ်ပေါ်ကနေ  အပြန်အလှန် ဖြေရှင်းပွဲသဖွယ် ထွက်ပေါ်လာတာ လည်းဖြစ်ပါတယ်။ 

စစ်အာဏာရှင် ဖြုတ်ချရေးမှာ မဟာမိတ်ဖွဲ့ရမယ့် အဖွဲ့တွေအကြား အခုလို ဖြစ်ပွားလာတာဟာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ဒီလို ဒေသအလျောက် လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ အပေါ်ပိုင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်နေပြီး လူသိရှင်ကြား ပြောဆိုနေကြရခြင်းက တော်လှန်ရေးက စုစည်းမှုမရှိတာ ၊ အုပ်ချုပ်မှုတခုထည်းအောက်မရှိတာ ဆိုတဲ့အနေအထားထက်ကို လွန်ပြီး အဖွဲ့အစည်းတွေတခုနဲ့ တခု အုပ်ချုပ်မှုအာဏာာကို လုနေကြတဲ့ အနေအထားရောက်လာတာ ဖြစ်ပါတယ်။ 

NUG အနေနဲ့ အခု အဖြစ်အပျက်မှာ သင်ခန်းစာယူစရာတွေ လစ်ဟာနေတဲ့ အရေးတကြီး လုပ်ဆောင်ရမယ့် တာဝန်တွေရှိနေပြီဆိုတာ ဖော်ပြလိုက်သလို ဖြစ်ပါတယ်။ ပုလဲမြို့နယ် စစ်ကိုင်းတိုင်းမှာတင်မဟုတ်ဘဲ အခြားသော ဒေသတွေမှာလည်း ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် စိုးမိုးရာ ဒေသတွေမှာတော့ အခုလိုပြဿနာမျိုး မဟုတ်သော်လည်း ဗမာလူမျိုးတွေ နေထိုင် လှုပ်ရှားကြတဲ့ မကွေးတိုင်း အထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ အခုလိုပြဿနာတွေ ထပ်မံဖြစ်ပွားလာနိုင်ခြေ ရှိတာကြောင့် ဒါက အရေးတကြီးပြဿနာအဖြစ် စဥ်းစားလုပ်ဆောင်ကြဖို့ လိုအပ်နေပြီဆိုတာကို ပြဆိုနေပါတယ်။ 

လက်နက်ကိုင် တပ်ဖွဲ့က သူ့ဘာသာသူ ပေါ်ထွက်လာပြီးနောက် စစ်ကောင်စီ မစိုးမိုးတဲ့နေရာဒေသတွေမှာ အုပ်ချုပ်ရေးအဖွဲ့ တွေ နောက်ကလိုက်ဖွဲ့တဲ့အခါ သူ့မတိုင်ခင် ဖွဲ့စည်းပေါ်ထွက်ပြီးသား လက်နက်ကိုင် အဖွဲ့နဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့ အာဏာပြဿနာတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ 

NUG ရဲ့ အာဏာနဲ့ တာဝန်ခံမှု၊ အောက်ခြေ ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေကို ဘယ်လို အုပ်ချုပ်မလဲ၊ ဘယ်လိုတာဝန်ခံမလဲဆိုတာ ကြီးမားတဲ့ မေးခွန်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလို လူသိရှင်ကြား ရှင်းလင်းပွဲကိုကြည့်ရင် အောက်ခြေမှာ ဖြစ်နေတဲ့အခြေအနေကို သိရှိနိုင်ဖို့ အတွက်အကျိုးရှိပေမယ့် ပရိသတ်အားလုံးသိစရာလိုရဲ့လား ၊ နောက်တချက်အနေနဲ့ တဖက်က စစ်ကောင်စီအနေနဲ့ PDF တွေကြားထဲက ပွတ်တိုက်မှုတွေကို အသေးစိတ်သိရှိဖို့ အခွင့်အလမ်းပေးသလို ဖြစ်စေပြီး တန်ပြန်ဝါဒဖြန့်ချိရေးတွေ လုပ်လာဖို့ လမ်းခင်းပေးလိုက်သလို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar