Breaking News

ကိုအောင်မှိုင်း - နိုင်ငံရေးပါတီအတုများနဲ့ တိုင်းပြည်အန္တရာယ်


ကိုအောင်မှိုင်း - နိုင်ငံရေးပါတီအတုများနဲ့ တိုင်းပြည်အန္တရာယ်

(မိုးမခ) ဒီဇင်ဘာ ၂၈ ၊ ၂၀၂၂


နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုတရပ်လုံး ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့တော်လှန်ရေးတရပ် ဖြစ်တယ် ဆိုတဲ့ အမြင်နဲ့  အစချီလိုပါတယ်။ ပါတီတရပ် အဖွဲ့အစည်းတခု အမျိုးသားတစုအတွက် တော်လှန်တိုက်ခိုက်နေခြင်း မဟုတ်ဘဲ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးရဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်အတွက် တော်လှန်တိုက်ခိုက်နေကြခြင်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့နိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံတခုမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုတာ ခေါင်းနဲ့ ပန်းလိုပါပဲ။ ဖက်ဒရယ် မရှိရင် ဒီမိုကရေစီမရှိနိုင်သလို ဒီမိုကရေစီ မရှိရင်လည်း ဖက်ဒရယ်မရှိနိုင်ဘူးလို့ အခိုင်အမာပြောရမှာဖြစ်ပါတယ်။

နိုင်ငံကို ဖက်ဒရယ်သက်သက်နဲ့ တည်ထောင်မယ်ဆိုရင်လည်း ဒီမိုကရေစီကို အခြေမခံနိုင်ရင် အဲဒီ ဖက်ဒရယ်ဟာ ရေရှည်တည်တံ့နိုင်ဘို့ ခက်ခဲမှာဖြစ်ပါတယ်။ အဲဒီလိုပါဘဲ ဒီမိုကရေစီဆိုတာနဲ့ပဲ နိုင် ငံကို တည်ထောင်မယ်ဆိုရင်လည်း လူများ တရားနိုင် ဆိုတဲ့စကားပုံလိုပဲ လူမျိုးကြီးသူတွေက  လူမျိုးကြီးဝါဒကို အခြေခံပြီး လူမျိုးငယ်တွေအပေါ် အနိုင်ကျင့်တာ ဗိုလ်ကျစော်ကားတာတွေကို လုပ်ကြမှာ သေချာပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့တဲ့ နိုင်ငံတခု တည်ထောင်နိုင်ဖို့ဟာ ပြည်ထောင်စု ဆိုတာနဲ့ ရောချလို့မရပါဘူး။ အသေအချာ ခိုင်မာတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ပတ်သက်တဲ့ ကတိကဝတ်တွေကို ဥပဒေတွေအဖြစ် အသက်ဝင်အောင် ကျနော်တို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဆိုလိုချင်တာက ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး အပြန်အလှန် ကတိကဝတ်တွေကို ဥပဒေတွေအဖြစ်နဲ့ အာမခံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဟာ တာဝန်နှစ်ရပ်ကို တပြိုင်နက်တည်း ထမ်းဆောင်နေတာဖြစ်တယ်လို့ ကျနော်တို့ အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ တစ် က စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရေစီယန္တရား စစ်အုပ်စု အကျိုးစီးပွား မှန်သမျှကို မြေလှန်ပစ်ရမှာဖြစ်ပြီး နှစ်ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဆိုတဲ့ ကာလသုံးခုအပေါ်က တရားမျှတမှုကို ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဗမာ စစ်တပ်ရဲ့ တိုင်းရင်းသားလူမျိုးများအပေါ် ရက်ရက်စက်စက် မတရားသတ်ဖြတ်နှိပ်စက်ခဲ့ချိန်မှာ ဗမာအချင်းချင်း ဆိုတဲ့စိတ်နဲ့ ဖုံးတာ ဖိတာ ကွယ်တာ ဝှက်တာတွေ လုပ်ခဲ့ကြတာဟာ အလွန်ကို မှားယွင်းတဲ့ စဥ်းစားတွေးခေါ်မှုက လာတာဖြစ်ပါတယ်။ အမျိုး ဘာသာ သာသနာဆိုတဲ့ လူမျိုးကြီးဝါဒ မှိုင်းတွေမိခဲ့ကြတာလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါတွေကို စနစ်တကျ စစ်အုပ်စုက စစ်အုပ်စုအကျိုးစီးပွားအရ ဗမာလူထုထဲထည့်ပြီး တိုင်းရင်းသားတွေနဲ့ ရန်တိုက်ပေးပြီး သွေးခွဲအုပ်ချုပ်ဖို့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ စစ်အုပ်စု သက်ဆိုးရှည်စေခဲ့တာကတော့ ငြင်းမရတဲ့ကိစ္စပဲ ဖြစ်ပါတယ်။

သေချာတာက စစ်အာဏာရှင်စနစ်မှာ မည်သည့် အမျိုး ဘာသာ သာသနာ မရှိပါဘူး။ စစ်အကျိုး စီးပွားပဲ ရှိတယ်ဆိုတာ ကနေ့တော့ ဗမာလူထုတွေရော တိုင်းရင်းသားတွေပါ အခိုင်အမာမြင်ကြပြီ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ သူ့အကျိုးစီးပွားကို ထိမယ်ဆိုရင် ဘယ်သူ့ကိုမဆို ဖမ်းဆီ သတ်ဖြတ် နှိပ်စက်တာတွေတင်မကဘဲ  ဘုန်းကြီးရော ဘုန်းကြီးကျောင်းရော ဘုရားဆင်းတုတော် ဆိုတာတွေရော မီးရှို သတ်ဖြတ်နေတာကို လက်တွေ့မျက်မြင်တွေ့နေကြရပြီ ဖြစ်ပါတယ်။ ဗမာလူ မျိုးတွေအတွက်တော့ လူမျိုးကြီးဝါဒ ဆိုတာ ဘယ်သူတွေအတွက် အကျိုးပြုတယ်ဆိုတာ လက် တွေ့ဘဝတွေက နောင်တတွေ သင်ခန်းစာတွေ တပုံတပင်ရရှိခဲ့ရတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒါဟာ ကနေ့ ကျနော်တို့ ပြောနေတဲ့ နွေဦးတော်လှန်ရေးရဲ့ တာဝန်ကြီးနှစ်ရပ်အတွက် လုံလောက်တဲ့ ဘဝပေးအသိတွေလို့ပဲ ပြောရတော့မှာပါ။

ကနေ့စစ်အုပ်စု အကျိုးစီးပွားနဲ့ ပတ်သက်သူတွေနဲ့  ကျန်တဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးတရပ်လုံး ကြား အခိုင်အမာ စည်းခြားသွားခဲ့တာက စစ်အုပ်စုရဲ့ လူမဆန်တဲ့ ဘီလူးမျက်နှာဖုံး ကျွတ်ကျသွားခဲ့တာ အဓိက ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေဟာ မြန်မာနိုင်ငံ ပြည်သူလူထုတရပ်လုံးအတွက် လုံလောက်တဲ့ နာကြည်းမှုတွေ ဖြစ်ပေါ်စေခဲ့သလို သိပ်ကို အလွန်အကျွံ များပြားလွန်းသွားပြီလို့ပဲ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ စစ်တပ်နဲ့ စစ်အုပ်စုအပေါ် နာကြည်းမုန်းတီးမှုတွေကတော့ ဘယ်လိုမှ မပြေငြိမ်းနိုင်တော့တဲ့ အနေအထားမျိုးကို ရောက်ရှိခဲ့ပြီလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ဒီနေရာမှာ စစ်မျက်နှာဖုံးတွေကို ကျနော်တို့ လူထုက ချွတ်လိုက်နိုင်တာတွေလည်း ရှိပါတယ်။ ဥပမာ ကြံ့ဖွတ်ပါတီ ဆိုပါတော့။ ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(Union Solidarity and Development Association) အမည်နဲ့ အဖွဲ့အစည်းတရပ် ထူထောင်ခဲ့ပါတယ်။ ဗဟိုဌာနချုပ်က နေပြည်တော်မှာ တည်ရှိခဲ့ပြီး ဗဟိုအသင်း ၁ သင်း၊ ပြည်နယ်နှင့်တိုင်း အသင်းများ ၁၇ သင်း၊ ခရိုင်အသင်းများ ၆၆ သင်း၊ မြို့နယ်အသင်းများ ၃၂၀ သင်းပါဝင်ကာ ၂၀၀၇ ခုနှစ် ဧပြီလတွင် ကောက်ယူထားတဲ့ စာရင်းအရ အသင်းဝင် ၂၄ သန်း ခန့်တယ်လို့ ဆိုတယ်။ စစ်တပ် တတပ်လုံး အစိုးရဝန်ထမ်းအားလုံး( မဝင်ရ ပြဿနာရှိ ) မဝင်မနေရ ပုံစံနဲ့ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌမှာ နအဖဥက္ကဋ္ဌ ဗိုလ်သန်းရွှေဖြစ်ပါတယ်။

အစက လူမှုရေးအဖွဲ့ လိုလိုနဲ့ နောက်တော့ နိုင်ငံရေးပါတီ ဆိုပြီး ၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်မှာ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီဆိုပြီး ကလိမ်ကကျစ် စစ်အာဏာနဲ့ ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။လူမှုရေးအဖွဲ့ လုပ်တုန်းက အစိုးရဆီက (လူထုပိုက်ဆံတွေ ) ဥပဒေမဲ့ရယူ ထောက်ပံ့ပေးကမ်းထားတဲ့ အဆောက်အဦ ငွေကြေးကအစ ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံရေးပါတီ အမည်ခံ ကြံ့ဖွတ်က ဥပဒေမဲ့ဆက်ခံခဲ့ပါတယ်။ အရပ်သားအနည်းငယ်ကို ဗဟိုအဆင့် မြို့နယ်အဆင့်တွေမှာ တာဝန်တွေပေးပြိး ဘောင်းဘီချွတ်တွေနဲ့ အဓိကစစ်တပ်ထောက်ခံရေး လုပ်ငန်းတွေကို နိုင်ငံရေးပါတီ အမည်ခံလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကနေ့တော့ အတော်ကို ရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ။ ကြံ့ဖွတ်ပါတီမှာ ဘောင်းဘီချွတ်တွေနဲ့ ကြေးစားကလေကချေတွေပဲ ကျန်ပါတော့တယ်။ နိုင်ငံရေးပါတီ ဆိုတဲ့စကားကို ကြီးကြီးကျယ်ကျယ် လေသံဟစ်နေပေမဲ့ စစ်တပ်ရဲ့ လက်မရွံ့ပါးကွက်သားတွေ စုထားတဲ့ အဖွဲ့ဆိုတာ ငြင်းမရအောင် သူတို့လုပ်ရပ်တွေက ဖော်ပြနေပြီဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ပြဿနာက ကြံ့ဖွံ့ဟာ လူထုပိုက်ဆံတွေကို ဥပဒေမဲ့ အလွဲသုံးစားလုပ်ပြီးဖွဲ့ခဲ့သလို အခု လူထု ဆန့်ကျင်ရေး လူထုသတ်ဖြတ်ရေးတွေကို လုပ်နေပါတယ်။ စစ်တပ်ကလည်း ကြံ့ဖွံ့လိုပါပဲ။ လူထုပိုက်ဆံတွေနဲ့ တည်ထောင်ထားတဲ့ စစ်တပ်က လူထုကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ လုယက်၊ ဓားပြတိုက်၊ ရွာတွေကို မီးရှို့ဖျက်ဆီးနေကြပါတယ်။ ရင်နာစရာကောင်းတာက နှစ်ဖွဲ့လုံးက လူထုပိုက်ဆံတွေ သုံးပြီး လူထုကို ပြန်သတ်ဖြတ်နေကြတာပဲ ဖြစ်ပါတယ်။

ကြံ့ဖွတ်ပါတီဟာ စစ်အောက်ဆွဲဥပဒေမဲ့ လူရမ်းကားအဖွဲ့ဆိုတာ ပေါ်လွင်လာသလို ကြံ့ဖွတ်ပေးစာ ကမ်းစာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီအမည်ခံ ဖွတ်အောက်ဆွဲ ၂၆ ပါတီ ဆိုတာကလည်း မျက်နှာဖုံးတွေ ကျွတ်ကြကုန်ပြန်ပါတယ်။ စစ်တပိုင်း ဦးသိန်းစိန်အစိုးရလက်အောက်မှာ အစိုးရဆီက ဥပဒေမဲ့ အခွင့်အရေးတွေ တနင့်တပိုးရရှိခဲ့တဲ့အတွက် လူထုထဲက ကြေးစားတွေကို အသုံးချပြီး နိုင်ငံရေးပါတီ အယောင်ဆောင်ခွင့်ရခဲ့ပေမဲ့ NLD ပါတီအစိုးရကာလမှာတော့ ဥပဒေမဲ့လုပ်ခွင့်တွေ တားမြစ်ခံရတဲ့အခါ စစ်တပ်ထောက်ခံပွဲတွေ ကြံ့ဖွတ်ဦးဆောင်မှုအောက်မှာ NLD အစိုးရဆန့်ကျင်မှုတွေမှာ လက် မှတ်ထိုးတာတွေ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဘုန်းကြီးဆိုးတချို့၊ လူရမ်းကားတချို့ NLD လူထွက်တချို့နဲ့ ပေါင်းပြီး တိတ်တိတ်ပုန်း လှုပ်ရှားတွေသာ လုပ်နိုင်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ကြံ့ဖွတ်က ဦးဆောင်ပြီး ထောက်ခံ၊ ကန့်ကွက်လှုပ်ရှားမှုတွေ စတင်လှုပ်ရှားလာကြပြန်တာကို တွေ့ရပြန်ပါတယ်။ နိုင်ငံရေးရာသီဥတုအောက်က ဖားတွေ ပြန်အော်လာကြသလိုပါဘဲ။ ကျနော် ပြောချင်တာက လက်ရှိ ဗမာပြည်မှာ နိုင်ငံရေးပါတီစစ်စစ်ဆိုတာ အတော်ရှားပါတယ်။ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးပါတီ အလုပ်မလုပ်ရင် နိုင်ငံရေးပါတီလို့ သတ်မှတ်ဖို့ခက်မှာ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့နိုင်ငံမှာ မြေပေါ်မြေအောက် နိုင်ငံရေးပါတီ အနည်းအကျဥ်းသာ တွေ့ရပါတယ်။

ခက်တာက ဒီနေ့မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယန္တရားတခုလုံးက အတုအယောင်တွေသာ ဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ စစ်တပ်ဟာ လူထုကို ကာကွယ်ဖို့ ဖွဲ့စည်းထားပေမဲ့ လူထုကို သတ်ဖြတ်နေကြတယ်။ တိုင်းပြည်နဲ့ လူထုကို ကာကွယ်ရမယ့်အစား လူထုကို သတ်ဖြတ်နေတဲ့အတွက် တပ်မတော်တရပ် အသွင်မဆောင်တော့ဘဲ စစ်တပ်အတုကြီး ဖြစ်နေတယ်။ ရာဇဝတ်မှု ကျူးလွန်ဖို့ စစ်ထဲ ဝင်တာလားဆိုတဲ့ မေးခွန်းတွေ လူထုအနေနဲ့ မေးလာကြတယ်။ စစ်တပ်က အတုကြီးဖြစ်သလို တရားသူကြီးအတုတွေ၊ ရဲအတုတွေ၊ အုပ်ချုပ်ရေးမှုးအတုတွေ၊ နိုင်ငံရေးပါတီအတုတွေ ဖြစ်နေကြပြီး အကုန်လုံးနည်းပါးကလည်း လူသတ်ရာဇဝတ်ဂိုဏ်းရဲ့ လက်ပါးစေတွေ ဖြစ်နေကြတာဖြစ်ပါတယ်။ ဆိုလိုချင်တာက မာဖီးယားဂိုဏ်းတခုကို နိုင်ငံရေးပါတီ အမည်ပြောင်းလိုက်တာနဲ့ နိုင်ငံရေးပါတီ ဖြစ်မယ် ဆိုတဲ့အမြင်ကတော့ လူထုအတွက်ရော တိုင်းပြည်အတွက်ရော အတော်အန္တရာယ်ကြီးတယ်လို့ မြင် ပါတယ်။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ နိုင်ငံရေးပါတီတရပ်တွက် တိကျတဲ့ စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်နိုင်ဖို့ လိုသလို လူထုဆန့်ကျင်ရေး လက်ဝေခံကြေးစားများကို နိုင်ငံရေးလောကထဲ လက်သင့်ခံဖို့ ပြတ်ပြတ်သားသား ငြင်းပယ်ရမှာ ဖြစ်ပါတယ်။ ဒီပြဿနာက တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးပါတယ်။

သူခိုး ကြမ်းပိုး ဓားပြတွေဖြစ်တဲ့ ပျူစောထီးအဖွဲ့တွေ ပျူရွာဆိုတာတွေဟာ ကြံ့ဖွတ်ရဲ့ လက်ဝေခံအများစုဖြစ်ပြီး တတိုင်းတပြည်လုံးကို အကြမ်းဖက် သတ်ဖြတ် လုယက်နေတဲ့ စစ်တပ်နဲ့အတူ အကြမ်းဖက် လူသတ်သမားများသာ ဖြစ်ကြပါတယ်။ ကနေ့ ခေါင်းညိတ် ခေါင်းခါ လုပ်နေတဲ့ နိုင်ငံရေးပါတီ အမည်ခံ ၂၆ ပါတီ ဆိုသူတွေကလည်း ကြံ့ဖွတ်လက်ဝေခံများသာ ဖြစ်လို့  ပျူစောထီးလို အဖွဲ့တွေနဲ့ အဆင့်အတန်းအရ တန်းတူသာ ဖြစ်ကြပါတယ်။  နိုင်ငံရေးပါတီ အတုများရန်က စုပေါင်းကာကွယ်ကြဖို့ လူထုကြီးတရပ်လုံးအနေနဲ့ သတိထားကြရန် အထူးအရေးကြီးကြောင်း အသိပေးအပ်ပါတယ်။

ကိုအောင်မှိုင်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar