Breaking News

စစ်ပွဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စစ်ရာဇဝတ်မှုများ



မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၇ မြင်ကွင်း

မိုးမခ - ဒီဇင်ဘာ ၂၈၊ ၂၀၂၂


စစ်ပွဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စစ်ရာဇဝတ်မှုများ 

တနေ့တနေ့ သတင်းတွေထဲမှာ တိုက်ပွဲဖြစ်လို့ သေဆုံးကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် အရေအတွက်တွေ၊ ဒဏ်ရာရသူ အရေအတွက်တွေ၊ လက်နက်ကြီးကျ လို့ဖြစ်စေ၊ ကျည်ထိလို့ဖြစ်စေ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီး ခံရတာ သတ်ဖြတ်ခံရတာကြောင့် သေဆုံးရတဲ့ အရပ်သားအရေအတွက်တွေ နေ့စဥ်လိုလို ပါရှိနေတာဖြစ်ပြီး လနဲ့ နှစ်နဲ့ချီကြာလာတဲ့ အခါမှာ သတင်းက မထူးဆန်းတော့သလို ထင်မြင်ယူဆလာပါတယ်။ 

ဒီနေ့ သတင်းတွေထဲမှာ လတ်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ တဝိုက်က သတင်းတွေထဲ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်း၊ ဘုန်းကြီးကျောင်း အပေါ် ဗုံးကျပြီး ဘုန်းကြီးတပါး ပျံတော်မူကာ ဘုန်းတော်ကြီးတချို့ ဒဏ်ရာရတဲ့ သတင်း၊ ကော့ကရိတ်မြို့ထဲမှာ လက်နက်ကြီး ကျရောက်နိုင်တာကြောင့် အသွားအလာမရှိပဲဖြစ်တဲ့ သတင်းတွေ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေး ရဲ့ အဓိက ကားလမ်းဖြစ်တဲ့ ကော့ကရိတ်- မြဝတီလမ်း ပိုင်း ရက်အတန်ကြာ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်က လာတဲ့ ကုန်ပစ္စည်းတွေလည်း ကျုံဒိုးကတဆင့် ဘားအံဘက်ကို မလာနိုင်ကြသလို မြန်မာနိုင်ငံဘက်က ကုန်ပစ္စည်းတွေလည်း ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့ကို ပို့ဆောင်နိုင်ခြင်း မရှိပါဘူး။ 

ကော့ကရိတ် မြဝတီ အကြား တံတားတံစင်းလည်း မကြာခင် သီတင်းပတ်က လက်နက်ကိုင် အဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲထားတာကြောင့် ကုန်ကားတွေ သွားဖို့ အခက်အခဲရှိနေတယ်လို့ လည်း သတင်းတွေထဲ ဖေါ်ပြခဲ့ကြပါတယ်။ 

ကရင်ပြည်နယ်မှာ ကေအန်ယူ အဖွဲ့အပြင် ကေအန်ယူက ခွဲထွက်ခဲ့တဲ့ DKBA အဖွဲ့ ၊ တဖန် DKBA က ခွဲထွက်တဲ့ လက်နက်ကိုင် အဖွဲ့၊ ၂၀၁၀ရွေးကောက်ပွဲမတိုင်မီ မူလပင်မ DKBAကနေ နယ်ခြားစောင့်တပ် အသွင်ပြောင်းတာ လက်ခံပြီးပြောင်းလဲခဲ့တဲ့ BGF အဖွဲ့ ၊ ၂၀၀၇ မှာ ကေအန်ယူက ခွဲထွက်ပြီး ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖြစ်နဲ့ ရပ်တည်ခဲ့တဲ့ KNU/KNLA (PC) စတဲ့အဖွဲ့ငယ် အဖွဲ့ခွဲတွေ ရှိနေပြီး လက်နက်ကိုင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ 

ပင်မ အဖွဲ့ကြီးဖြစ်တဲ့ KNU အနေနဲ့ စစ်အာဏာသိမ်းအပြီး အန်အယ်လ်ဒီ ပါတီက အဓိကနဲ့ အများစုပါဝင်တဲ့ NUG အစိုးရကို လက်ခံ စောင့်ရှောက်ထားတဲ့ အဖွဲ့ဖြစ်ခြင်းကြောင့် စစ်ကောင်စီရဲ့  ပစ်မှတ်ထားတိုက်ခိုက်ခံရဖို့ ဖြစ်လာပြီး မနှစ် ဒီဇင်ဘာလလယ်က စလို့ လေးကေ့ကော် မြို့သစ်ဝင်စစ်ဆေးရာက ကေအန်ယူ၊ အခြားသောလက်နက်ကိုင် အဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တွေ အကြား ကရင်ပြည်နယ် တခွင် တိုက်ပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ လေးကေ့ကော် အဖြစ်အပျက်မတိုင်မီ ဖာပွန် ခရိုင်လိုဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် အခုလောက် မကျယ်ပြန့်ခဲ့ပဲ ၂၀၂၂ ခုနှစ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာသလို ကျယ်ပြန့်လာတာ လည်းဖြစ်ပါတယ်။ 

ကရင်ပြည်နယ်ဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအောက်ပိုင်း မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ အတွက် လက်နက်၊ ကျည် ၊ ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေ ၊ နည်းပညာ၊ စစ်သင်တန်းတွေ ရယူရာနေရာဖြစ်တာကြောင့် စစ်ကောင်စီဘက်က ကေအန်ယူ စိုးမိုးတဲ့ဒေသကို ထိန်းချုပ်နိုင်ဖို့ စိုးမိုးနိုင်ဖို့ ကြိုးစားလာတာလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ ဆန့်ကျင်သူတွေ၊ စီဒီအမ် လုပ်ခြင်းကြောင့် ဖမ်းဆီးခံရမယ့်ဘေးကနေ တိမ်းရှောင်ကြရတဲ့သူတွေ တိမ်းရှောင်ရာတဲ့အခါ ဦးတည်တဲ့ နေရာလို့ဆိုရင် ကရင်ပြည်နယ်က နံပါတ် ၁ ဦးစားပေး တိမ်းရှောင်ကြတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံက အခြားသော အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ဘင်ဂလားဒေ့ရှ်ထက်ကို ဒုက္ခသည်တွေ ၊ နိုင်ငံရေး အတိုက်အခံတွေကို လက်ခံထားတဲ့ နိုင်ငံဖြစ်တာကြောင့် ထိုင်းနိုင်ငံနဲ့ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ဆီ ဦးတည်ထွက်ခွာကြပြီး ထိုင်းနိုင်ငံထဲ တရားမဝင် နေထိုင်ခိုလှုံနေကြတာ ဖြစ်ပါတယ်။ 

ဒီလို တိုက်ပွဲတွေ စစ်ဘေးရှောင်တွေ ဒုက္ခသည်တွေ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်နေချိန်မှာပဲ တိုင်းရင်းသား အပစ်ရပ် NCA ထိုးထားတဲ့ အဖွဲ့ တွေအနက်က ၅ ဖွဲ့နဲ့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ တွေ့ဆုံဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေက အဆိုပါ ၅ ဖွဲ့အပါအဝင် NCA လက်မှတ်ထိုးထားတဲ့ ၇ ဖွဲ့က စစ်ကောင်စီနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတဲ့ စာပေးပို့ခဲ့ပြီး စစ်ကောင်စီက အစပိုင်းမှာ ငြင်းခဲ့တဲ့သတင်းထွက်ပေါ်ပြီးနောက် အခုလို တွေ့ဆုံဆွေးနွေးတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နကို တောင်းဆိုစဥ်မှာပါတဲ့ ၇ ဖွဲ့ထဲက RCSS ရှမ်းလက်နက်ကိုင်နဲ့ မွန်ပြည်သစ်ပါတီတို့ က ဆွေးနွေးတဲ့အခါ မတက်ရောက်ခဲ့ကြဘူးလို့ ဆိုပါတယ်။ 

စစ်ရာဇဝတ်မှုတွေထဲက အများစုကို ကျူးလွန်ခဲ့တဲ့ ကျူးလွန်နေဆဲလည်း ဖြစ်တဲ့ အစိုးရဆိုတဲ့ အမည်နဲ့ မထိုက်တန်တဲ့ စစ်ကောင်စီ နဲ့ ဆွေးနွေးခြင်းက ဘာတွေ အကျိုးထူးနိုင်သလဲဆိုတဲ့ သံသယ အမြင်တွေက အခုအချိန်မှာ လွှမ်းမိုးနေပြီး ဒီလိုတွေ့ဆုံဆွေးနွေးခြင်းတွေက စစ်ရာဇဝတ်မှုတွေ ဖြစ်တဲ့ အရပ်သားတွေ  သတ်ဖြတ်တာ၊ ဖမ်းဆီး နှိပ်စက်တာ၊ နေအိမ်တွေမီးရှို့ခြင်းတွေကို တားဆီးနိင်မလား၊ ရပ်တန့်နိုင်မလားဆိုတဲ့ သံသယတွေလည်း ကြီးကြီးမားမားရှိနေကြတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ 

အကယ်၍ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းမဟုတ်ရင်လည်း အခြားဘယ်လိုနည်းလမ်းနဲ့ ဒီလို စစ်ရာဇဝတ်မှုတွေ မကျူးလွန်နိုင်အောင် တားဆီးနိုင်မလဲဆိုတဲ့ မေးခွန်းလည်း ရှိနေပြီး နိုင်ငံတကာ ဖိအား၊ သို့မဟုတ် စစ်ကောင်စီကို မြန်ဆန်စွာ ပြိုကျအောင် အရှိန်အဟုန်နဲ့ တိုက်ခိုက်အနိုင်ယူနိုင်မလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar